DVB Logo
Home
Lead Story
ငလျင် ကြင်စိုး (သရော်စာ) 
DVB
·
April 8, 2025
ငလျင် ကြင်စိုး (သရော်စာ) 
Donate to DVB

(က)

ဖက်ဆစ်မိစ္ဆာ ကြင်စိုးနှင့် သူ့လက်ပါးစေ နောက်လိုက်တွေကြောင့် တတိုင်းပြည်လုံး ပူဆွေးသောက

ရောက်လျက် ရှိချိန်မှာမှ ‘ငလျင်’ က ထပ်လှုပ်လိုက်လေရာ ဒီနိုင်ငံနှင့် ဒီလူထုလောက် ဒုက္ခကြီးသည့် အဖြစ်ဆိုးမျိုးကား ရှာမှရှားဟုပင် ဆိုရပေမည်။

“ဖျက်အားပြင်းတဲ့ ငလျင်ဒဏ်ကို အလူးအလဲခံနေရချိန်မှာ မင်းတို့အဘ မအလက ဖျက်အားပြင်းဗုံးတွေ ထပ်ကြဲလိုက်သေးတယ် ဆိုတော့ကွာ . . .”

“အဲ . . .”

“ကြင်စိုး သာဝ မအလဟာ လူမှဟုတ်ရဲ့လား”

“ဒီကောင်ကြီးက ‘လူ’ မဟုတ်ဘူး မူးသာရဲ့၊ ဆရာညိုမြရေးတဲ့ ‘ငရဲခွေးကြီး’ ဆိုတာ ဒီကောင့်လိုမျိုး ဖြစ်ရမယ်”

“အေးကွ လုံးတုံးရ၊ မအလဟာ ‘ငရဲခွေးကြီး’ ပဲ၊ ဒါပေမဲ့လို့ ‘ဝဲ’ စားနေတဲ့ ‘ငရဲခွေးဝဲစားကြီး’”

“ဟီးဟီး ဟီးဟီး ဟီးဟီး”

စိမ်းသရဖူစိမ်း အဘစိမ်းမောင်က ဘုကြည့် ကြည့်ပါလေရာ အရွှင်အဘတွေက ပြုံးစိပြုံးစိ လုပ်ပြကြပါ၏။ ဟိုအဘတွေက မအလ၏ ယုတ်မာပုံ ပညာမဲ့ပုံ ဉာဏ်တိမ်ပုံနှင့်တကွ သူ့လက်ပါးစေ ကျွန်ရူးတွေ၏ အသိတရား မရကြသေးပုံတွေကိုပါ သုံးသပ်ဆွေးနွေးကြပါလေ၏ ခင်ဗျာ။

“မအလကြောင့် ပြိုလဲနေတဲ့ တိုင်းပြည်ဟာ အခု ငလျင်ကြောင့် ကြေမွတဲ့အဆင့်ကို ရောက်သွားပြီကွ မူးသာရ”

“ဟုတ်တယ် လုံးတုံး၊ ကြေမွတဲ့အဆင့်ကနေ လေကော မိုးပါ ထပ်ဆောင်းပါလာတဲ့အခါ အရည်ပျော်တဲ့အဆင့်ကို ဆက်လှမ်းနေတာ မြင်ရတော့ စိတ်မချမ်းသာဘူးကွာ”

“အင်း . . . ဒုက္ခပင်လယ်ဝေနေတာကို တွေ့ရ မြင်ရသူတိုင်း ဝမ်းနည်းပက်လက် ဖြစ်နေကြချိန်ပေါ့ မူးသာရာ”

“အခု ငလျင်လှုပ်တာကို ကြိတ်ပြီးပျော်နေတဲ့သူတွေလည်း ရှိသေးတယ်ကွ”

“ဘယ်သူတွေလဲဟ မူးသာရ”

“ငရဲခွေးဝဲစားကြီး မအလ ပေါ့ကွ”

“ဘာဖြစ်လို့ ကြိတ်ပျော်နေတာလဲ”

“နိုင်ငံတကာက ငလျင်ဘေးအတွက် အကူအညီတွေ ပေးလာတာတွေကို သူက သူ့ကို နိုင်ငံတကာက ‘အစိုးရ’ အဖြစ် အသိအမှတ်ပြုလာတယ်လို့ ပုံမှားရိုက် ယူဆပြီး ပျော်နေတာဟ”

“အင်း . . . ဦးဝင်းထိန်ပြောခဲ့သလို ‘စောက်ရူး’ ဆယ်ခါလောက် အော်ရမယ့်သဘောပါလား”

“ဝါး . . . ဟားဟား ဟားဟား ဟားဟား”

(ခ)

ငလျင်ကြောင့် မြို့ကြီးတွေ မွမွကြေခဲ့ရလေရာ စစ်ကိုင်းတို့ မန္တလေးတို့ အင်းလေးတို့သာမက မအလတို့ ဖက်ဆစ်တသိုက်၏ ကြပ်ပြေးနေပြည်တော်ကြီးပါ တစစီကျိုးပဲ့ကုန်တာ မြင်ရပါလေ၏။ မြို့ဟောင်းကြီးတွေ ကြေမွခဲ့တာထက် နေပြည်တော်လို မြို့သစ်ကြီး မြေပေါ်ဝပ်ဆင်းသွားတာကား စိတ်ဝင်စားဖို့ ကောင်းလှပါ၏တဲ့။

“တိုင်းသူပြည်သားတွေရဲ့ အခွန်ဘဏ္ဍာတွေနဲ့ ‘နေပြည်တော်’ ကို သူတို့စိတ်ကြိုက် တည်ခဲ့တာနော် စိမ်းမောင်”

“အေး . . . အဲ”

“အခုလည်းကျရော ပြားပြားဝပ် ကျသွားပါလား”

“အင်း . . . အဲ”

“တည်ဆောက်ခဲ့ကြတဲ့ ကန်ထရိုက်သူခိုးအဘတွေ ဘယ်လောက်များ ‘ဝါး’ ခဲ့ကြသလဲဆိုတာ အခု အဖြေထွက်လာတာပဲဟ”

“အမှန်ပဲ မူးသာရဲ့၊ သာမန်ဝန်ထမ်းအိမ်ရာတွေ မပြောနဲ့၊ သူတို့ ထိပ်စည်းလေးငါးယောက်ရဲ့ နန်းတော်တမျှ အိမ်ကြီးတွေကော သမ္မတအိမ်တွေကော စစ်ရုံးကြီးတွေပါ အကုန်လုံး ပြိုကျခဲ့တာ”

“ဘယ်လောက်တွေ ‘ခို’ ပြီး ဘယ်လိုတွေ တဖြဲနှစ်ဖြဲ ‘ဝါး’ ခဲ့ကြသလဲ ဆိုတာကတော့ မြင်တဲ့အတိုင်းပါပဲ စိမ်းမောင်ရာ”

“အာ . . .”

မအလတို့ကား သူတို့ဟာတွေ ပြိုပျက်ခဲ့သော်ငြား တခြားတဖက်မှာ ကြိတ်ပြီး ဝမ်းသာနေတာတော့ အမှန်ပါတဲ့။ အဘယ်ကြောင့်ဆိုသော် ပြည်သူလူထု၏ တော်လှန်ရေးတပ်ဖွဲ့များသို့ ထောက်ပံ့နေကျ ငွေများမှာ ‘ငလျင်ဘေး’ သို့ ပြောင်းရွှေ့သွားခြင်းနှင့် ဘေးသင့်ဒေသများမှာ တော်လှန်ရေးအရှိန်အဟုန် ‘တန့်’ သွားနိုင်ခြင်းတို့ကို ကြင်စိုးက စိတ်ကူးယဉ်ကာ ပျော်နေပါသတဲ့ ခင်ဗျာ။

“ပြီးတော့ နိုင်ငံတကာက ထောက်ပံ့ငွေတွေ ပစ္စည်းတွေလည်း တဖွဲဖွဲရောက်လာဦးမှာဆိုတော့ မအလလည်း နာဂစ်တုန်းက သူ့အဘတွေလိုပဲ အဲဒါတွေကို သူတို့အိပ်တွေထဲ ထည့်ခွင့်ရဦးမှာဆိုတော့ ကြိတ်ပျော်နေတာပေါ့ကွာ”

“အေးကွာ . . . နိုင်ငံတကာရဲ့ လူသားချင်းစာနာထောက်ပံ့မှုငွေနဲ့ ပစ္စည်းတွေ တကယ့် ဒုက္ခသည်တွေဆီကို မှန်မှန်ကန်ကန် ရောက်ရှိပါစေလို့ပဲ ဆုတောင်းရပါသဗျား”

“ခွေးသူတောင်းစား မအလတွေလက်ထဲမှာတင် လမ်းဆုံးမသွားပါစေနဲ့ ဘုရား”

“ဟားဟား ဟားဟား ဟားဟား”

(ဂ)

သို့ဖြင့် မအလသည် သူ့အဘတွေ၏ လမ်းစဉ်အတိုင်းပင် ဆက်၍သွားမည်ဟု ဆိုကြပါလေ၏။

“၂၀၀၈ ခုနှစ်က နာဂစ်ဖြစ်တယ်၊ လူတွေ သိန်းချီသေတယ်၊ အဲသည်ကာလအတွင်းမှာပဲ သူတို့ရဲ့ ဖွဲ့စည်းပုံကြီးကို အရှက်မရှိ တက်သုတ်ရိုက်ပြီး အတည်ပြုလိုက်ကြတယ်လေ”

“အေး . . . အခုလည်း မအလက ရွေးကောက်ပွဲကို ဖြစ်အောင်လုပ်မယ်လို့ ပြောနေပြန်သဟ”

“အင်း . . . ဒီလို တတိုင်းပြည်လုံး စိစိညက်ညက် ကြေမွပြီး လူတွေသေဆုံးလို့ အကြီးအကျယ် ဒုက္ခရောက်နေချိန် နိုင်ငံချုံးချုံးကျနေချိန်မှာ ပြောသင့်သလား မပြောသင့်သလား ဘာစဉ်းစားတွေးခေါ်မှု ဦးနှောက်မှမရှိဘဲ ထင်ရာစွတ်ပြော ထင်ရာစွတ်လုပ်နေတာကတော့ ရှက်စရာကြီးပါ စိမ်းမောင်ရာ”

“ဟေ . . .”

“‘ရွေးကောက်ပွဲ’ က သူ့ရဲ့ ‘ထွက်ပေါက်’ လို့ မအလက ထင်နေတာကွ”

“ဘယ်ဟုတ်မလဲကွာ၊ သူ့ရဲ့ထွက်ပေါက်အစစ်က ‘သေလမ်း’ နဲ့ ‘ထောင်နန်း’ ပဲလေကွာ”

“အဲသည်နှစ်ခုထဲက တခုဟာ သူ့ရဲ့ထွက်ပေါက်အစစ်မှ အစစ်”

“ဒါနဲ့ ဟိုဘက်ရက်က ထိုင်းကို အစည်းအဝေးသွားတက်ပြီး ညတွင်းချင်း ကမန်းကတန်း ပြန်ပြေးလာတယ်လေ”

“ပြန်မပြေးလို့ရမလားဟ၊ နိုင်ငံတကာရဲတပ်ဖွဲ့က သူ့ကို ထိုင်းမှာဝင်ဖမ်းမှာကို သွေးလန့်ပြီး ရုတ်တရက် ချက်ချင်း ပြန်ပြေးလာတာလကွာ”

“အာဂသတ္တိပါလား ဟရို့”

“နောက်ဆိုရင် ဒီကောင်ကြီး နိုင်ငံ့ပြင်ပကို ခြေတလှမ်းချဖို့တောင်မှ မစဉ်းစားရဲလောက်တော့ဘူး”

“သူ့နယ်မြေက ကျဉ်းသွားပြီလေကွာ”

သို့ဖြင့် လက်ရှိအခြေအနေအရ နောက်ဆက်တွဲ ငလျင်တွေလည်း ထပ်လှုပ်နေဆဲဖြစ်ပြီး မအလကလည်း ကောင်းကင်ပေါ်မှ ဗုံးတွေဆက်ကြဲနေဆဲဖြစ်ရာ ပြည်သူလူထုမှာ နှစ်ထပ်ကွမ်း ခံနေရပါလေသတဲ့ ခင်ဗျာ။

“ဒါပေမဲ့လည်း အားတင်းထားကြရမကွ”

“ဟုတ်တယ်မူးသာ၊ မအလတွေပြုတ်အောင်တော့ ဆက်တိုက်ကြရမှာပဲ”

“ဆရာနေဘုန်းလတ် ရေးတဲ့ ‘တာဝန်’ ဆိုတဲ့ ကဗျာလေးကိုတောင်မှ သတိရတယ်”

“ရွတ်ပြပါဦးကွာ”

ထိုအခါ အဘစောမူးသာက လည်ချောင်းတချက်ရှင်းကာ ကဗျာလေးကို ရွတ်ပြပါလေ၏ ခင်ဗျာ။

“ကောင်းကင်ပေါ်က ပြုတ်ကျလာတဲ့

ဒုက္ခက တဖက်

မြေကြီးထဲက တိုးထွက်လာတဲ့

ဒုက္ခက တဖက်နဲ့

ငါတို့လက်တွေ မအားကြဘူး

ဒါပေမဲ့ . . .

ငါတို့ တံထွေးနဲ့ ဆက်ထွေးကြရမယ်

အဲဒီ့ အာဏာရူးမျက်ခွက်တည့်တည့်ကို”

“ကောင်းတယ်ကွာ၊ မအလမျက်ခွက်ကို တံတွေးနဲ့လည်း ဆက်ထွေးမယ်၊   (----) ပန်းပါရစေ ခင်ဗျား”

“ဝါး . . . ဟားဟား ဟားဟား ဟားဟား”

ဖေကြီး(လေရှီး)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013