DVB Logo
Home
Lead Story
လိမ်ဉာဏ်ဆင် ကြင်စိုး (သရော်စာ) 
DVB
·
March 5, 2025
လိမ်ဉာဏ်ဆင် ကြင်စိုး (သရော်စာ) 
Donate to DVB

(က)

ရေနွေးကြမ်းဝိုင်းမှာ အဘလုံးတုံးက စစ်သားဘဝ အတွေ့အကြုံများကို မျှဝေနေပါ၏။ စစ်ပြန် တပ်ကြပ်ကြီး အဘလုံးတုံး၏ ဇာတ်လမ်းများမှာ သည်းထိပ်ရင်ဖို အကြောင်းအရာတွေပါသလို ရယ်ရွှင်ဖွယ်ရာတွေလည်း ပါပါ၏။ စိမ်းသရဖူစိမ်း အဘစိမ်းမောင်က “မင်းလည်း အတော့်ကို အတွေ့အကြုံတွေ များခဲ့တာကိုး " ဟု ပြောလေရာ အဘလုံးတုံးက ပြုံးနေပါလေ၏။

“စစ်သားတွေရဲ့ဘဝကတော့ ဒီလိုပါပဲစိမ်းမောင်ရာ”

“မင်းတို့တပ် တခါက ရှောင်ပြေးပုန်းအောင်းခဲ့ရတဲ့ ဇာတ်လမ်းလေး ဖေကြီးကို ပြန်ပြောပြလိုက်ပါဦး။"

“အင်း . . ငါတို့ 'ပြေး' ခဲ့ရတဲ့ဇာတ်လမ်းပေါ့ကွာ။”

“ဟင် . . . အရင်တုန်းကလည်း အခုခေတ်လိုပဲ စစ်တပ်က ‘ပြေး’ ရတာပဲလား။”

“ဟားဟား ဟားဟား ဟားဟား . . . မနိုင်ရင်တော့ အသက်လုပြီး ပြေးရတာပေါ့ ဖေကြီးရာ၊ မပြေးရင် အကုန်လုံး မသာပေါ်ကုန်မှာပေါ့ဟ။”

“သိပါဘူး အဘရာ၊ အရင်က မပြေးရဘူးလားလို့။”

“ဖေကြီး . . . ဖေကြီး . . . နင်လည်း စိမ်းမောင့်လိုပဲ မြဝတီက ပေါ်လစီကားတွေ အကြည့်များသွားပြီ ထင်သဗျား။”

“ဟား ဟား ဟား ဟား ဟား ဟား”

ဖက်ဆစ်တပ်၏ ရုပ်သံဇာတ်လမ်းတွေထဲတွင်ကား မိမိတို့၏စခန်းကုန်းကို အသက်နှင့်လဲကာ ခုခံကာကွယ်ကာ တိုက်ပွဲတိုင်း အနိုင်ရကြသူတွေချည်းသာမြင်ရပါလေ၏။ တကယ့်မြေပြင်မှာတော့ ပြေးကြ၏၊ အလံဖြူ ထောင်ကြ၏၊ လက်နက်ချကြ၏ ဟု အဘစောမူးသာက ဝင်ပြောလေရာ အဘစိမ်းမောင်က ဘုကြည့် လှမ်းကြည့်ပါလေ၏။

“ဗိုလ်နေဝင်းခေတ်ကလည်း ပြေးရတာပဲ၊ ဗိုလ်စောမောင်ခေတ်ကလည်း ပြေးရတာပဲ၊ ဗိုလ်သန်း‌ရွှေခေတ်ကလည်း ပြေးရတာပဲ၊ အခု ဗိုလ်ကြင်စိုးခေတ်ကတော့ ပြေးကြတာများ မာရသွန်ပြေးပွဲကြီး တာစလွှတ်လိုက်သလိုကို အပြုံလိုက်ကြီး အစုလိုက်ကြီး ပြေးနေကြတာပါဗျား။”

“ဝါး . . . ဟားဟား ဟားဟား ဟားဟား”

(ခ)

အဘလုံးတုံးက သူတို့တုန်းက ရှေ့တန်းသွားရပုံနှင့် ယခု မအလခေတ် ရှေ့တန်းသွားရပုံတွေဟာ လုံးဝကို ကွာခြားသွားပြီဟု ဆိုပါ၏။

“ငါတို့တုန်းက တပ်ရင်းကနေ ကားတွေနဲ့သွားရတာတွေရှိတယ်၊ ရထားတွေနဲ့သွားရတာတွေ ရှိတယ်၊ သင်္ဘောတွေနဲ့ သွားရတာတွေ ရှိတယ်၊ တခါတလေ လေယာဉ်နဲ့တောင်မှ သွားရတာ။”

“ရှေ့တန်းကိုလား အဘ။”

“အဲ . . . ရှေ့တန်းနဲ့ အနီးဆုံးဒေသကိုပေါ့ကွာ၊ အဲသည်ကမှ ခြေလျင်ဆက်ပြီး လျှောက်ခဲ့ရတာ။”

အဘလုံးတုံး၏စကားကို အဘစောမူးသာက ခေါင်းတညိတ်ညိတ်လုပ်ကာ ပြုံးစိပြုံးစိဖြင့် နားဆင်

နေပါ၏။

“မင်းက ဘာပြုံးနေတာလဲဟ မူးသာရ။” 

“မင်းတို့ခေတ်က ရှေ့တန်း ရောက်ဖို့ ကားတတန်၊ ရထားတတန်၊ သင်္ဘောတတန်နဲ့ကို သွားခဲ့ကြရပေမဲ့ အခုခေတ်ဖက်ဆစ် တပ်သားလေးတွေကျတော့ ကံကောင်းတယ်၊ မင်းတို့လောက်ကြီး မပင်ပန်းတော့ဘူး။”

“ဘာဖြစ်လို့လဲ အဘ။”

“ဘာဖြစ်လို့ရမလဲဟ၊ အခုဖက်ဆစ်ခေတ်က တပ်ပြင်ကို ခြေတလှမ်းထွက်လိုက်တာနဲ့ ရှေ့တန်း ရောက်နေပြီလေ။”

“ဟေ . . .”

“အခုနောက်ပိုင်းဆို တပ်အပြင်တောင်မှ ထွက်စရာမလိုကြတော့ဘဲ သူတို့တပ်ရင်းတွေဟာလည်း စစ်မြေပြင်အဖြစ်ကူးပြောင်းသွားပြီး နောက်တန်း ဟာ  ရှေ့တန်း တွေ ဖြစ်ကုန်ကြပါပြီတဲ့ဗျား။”

“ဟားဟား ဟားဟား ဟားဟား”

စိမ်းဆိုမှစိမ်း အဘစိမ်းမောင့်မျက်နှာကြီးကား ညိုမှောင်လာလေပြီ။ နှုတ်မှလည်း ‘ရီးပဲကွာ’ ဟု မကြားတကြား ဆဲရေးနေပါလေ၏။ အဘလုံးတုံးကလည်း ဆက်၍ သော ပါ၏။

“အခုလို ကိုယ့်တပ် ကိုယ့်မြေ ကိုယ့်နေရာ အခိုင်အမာတွေကို ရှေ့တန်း စစ်မြေပြင်ဖြစ်အောင် စွမ်းဆောင်ပေးခဲ့သူကတော့ ‘မသာ သူခိုး ပီဘိ လု ဓားပြ တပ်ပြုတ် ဝရမ်းပြေး’ ကြင်စိုး သာဝ မအလကြီးပဲ ဖြစ်ပါသဗျား။”

“ဟားဟား ဟားဟား ဟားဟား”

အဘလုံးတုံးတို့ခေတ်တွေတုန်းက ကျောပိုးအိတ်တွေထဲမှာ စစ်အသုံးအဆောင်ပစ္စည်းတွေနဲ့အတူ ‘လောက်လေးခွ’ တို့ ဘာတို့ပါ ဆောင်ထားကြပါသတဲ့။ ငှက်တို့ ဘာတို့ကို ‘အသံတိတ်ပစ်စား’ ကြဖို့ပေါ့ကွာ” ဟု ပြောပြပါ၏။

“အခု မအလလက်ပါးစေ ဖက်ဆစ်တပ်သားတွေကျတော့ ကျောပိုးအိတ်တွေထဲမှာ အဖြူ ရောင်ပိတ်စလေးတွေ ကိုယ်စီကိုယ်ငှ ယူဆောင်သွားကြတယ်ကွ။ ‘အသံတိတ်လစ်သွား’ ကြဖို့ပါတဲ့ဗျား။”

“ဝါး . . . ဟားဟား ဟားဟား ဟားဟား”

(ဂ)

အဘစိမ်းမောင်က တင်းနေ၏။ “အလံဖြူထောင်တာ နည်းနည်းပါးပါးပါကွာ” ဟုလည်း မပွင့်တပွင့် ပြောလာပါ၏။ အရွှင်အဘတွေကား တဟားဟားဖြင့် ရယ်မောနေကြပါတယ်။

“စိမ်းမောင်တို့လို အစွန်းရောက် ဘောမစိမ်းတွေက သူတို့အဘ မအလကြီးပဲ နိုင်မယ်လို့ ထင်နေတုန်းဟ။”

“နိုင်မှာကွ နိုင်မှာ . . . မင်းတို့ ကြည့်နေ။”

“ကြည့်နေပါတယ်ဗျာ . . . ဟာ ဟာ ဟာ”

မအလ၏တပ်မှာလည်း နောက်ဆုံးပေါ်လက်နက်ခဲယမ်းများ အပြည့်အစုံ ရှိသလို တိုက်လေယာဉ်တွေကော စစ်သင်္ဘောတွေကော ရေငုပ်သင်္ဘောတွေသာမက အခုဆိုရင် Paramotor လို့ခေါ်တဲ့ စက်တပ်လေထီးတွေပါ ရှိနေပြီဖြစ်လို့ တော်လှန်ရေးတပ်တွေတော့ မလွယ်ဘူးဟု ဆိုပြီး အခုရက်ထဲမှာတောင် သူ့ပထွေးပုတင်ဆီက လက်နက်ဆန်းတွေကို သူကိုယ်တိုင်သွားသယ်ဦးမှာဟုလည်း မစားရ ဝခမန်း အရူးချီးပန်း ပြောနေပြန်ပါလေရာ။

“ဝါး” ကနည်း ထရယ်ကြရပြန်ပါလေ၏။

“ပုတင်ဆီကိုသွားတာက ဝရမ်းပြေးအချင်းချင်း အားပေးစကားပြောဖို့ သက်သက် သွားတာဟ။”

“ဟမ် . . .”

“ကြင်စိုးက အထက်လူကြီးတွေကို လိမ်ခဲ့တယ်၊ နောက်တော့ တိုင်းပြည်ကိုလိမ်တယ်၊ ပြီးတဲ့အခါ သူ့တပ်ကို သူလိမ်တယ်၊ အခုနောက်ဆုံးတော့ သူ့ ကိုယ်သူ ပြန်လိမ်တဲ့အဆင့်အထိ ရောက်သွားပြီကွ။”

“ဘာကိုလဲ”

“သူရှုံးနေတာကို လက်မခံနိုင်ဘဲ ကြိတ်မနိုင် ခဲမရဖြစ်လို့ ‘ငါနိုင်နေတယ်’ လို့ လှည့်စားပြီး ကိုယ့်ကိုယ်ကိုယ် ပြန်လိမ်နေတဲ့အဆင့်ကို တက်လှမ်းပြီး လုံးဝ ပလပ်ကျွတ်ထွက်သွားပြီဟ။”

“ဟမ် . . .”

အဘစောမူးသာက ပြုံးစိပြုံးစိဖြင့် “ကြင်စိုး သာဝ မအလကြီးက အလိမ်ဘုရင်ကြီးကွ၊ ဒီစောက်ရူးက ဦးပုည ရဲ့ ‘လိမ်ဉာဏ်ဆင်’ ကဗျာထဲကလို ကောင်စားမျိုးဟ” ဟု ဝင်ပြီး မှတ်ချက်ပေးလာပါလေရာ အဲသည်ကဗျာလေးကို ရွတ်ပြပါဟု တောင်းဆိုကြပါ၏။ အဘစောမူးသာကလည်း တဟဲဟဲနှင့်ပင် လိမ်ဉာဏ်ဆင်ကဗျာကို ဋ္ဌာန်ကရိုင်းကျကျ ရွတ်ပြပါလေတော့၏ ခင်ဗျာ။

“ကလိမ်တွင် လိမ်တင်ရ

လိမ်ပင်က ဘုရင်

လိမ်ချင်လှ သခင်ရယ်

အလိမ်တွင် ခေါင်ဆုံး။”

“လိမ်ရှုပ်လို့ လိမ်ရုပ်ဖော်သည်

လိမ်နှုတ်တော် စွဲသည့်နှလုံး

လိမ်ဟန်နှင့် လိမ်ဉာဏ်ဆင်

လိမ်သွင်တနှုံး

လိမ်ပြန်လျင် တဖုန်းက

လိမ်အသုံးခက်အောင်။”

“လိမ်သလေ လိမ်နေကျ

လိမ်မေက ဝမ်းနံပါတ်ဆောင်

လိမ်လွန်းလှ လိမ်ကွန်းဆောင်မှာ

လိမ်မွှန်းရောင် ချိန်သစ်လို့

ကလိမ်ပြစ် အမျိုးဝင်

ထိုးလို့လိမ်ချင်။”

“ကြိုးလိမ်ရစ် ဆံထိုးခင်ရယ်

တမျိုးပင် လိမ်အုန်းကွဲ့လေး။"

ဖေကြီး(လေရှီး)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013