DVB Logo
Home
ဆောင်းပါး
အသုဘ သာဝ (သရော်စာ) 
DVB
·
April 19, 2025
အသုဘ သာဝ (သရော်စာ) 
Donate to DVB

(က)

သည်ရက်များအတွင်း စကားဝိုင်းထိုင်လိုက်တာနှင့် ‘ငလျင်’ အကြောင်းသာ ပြောဖြစ်ကြပါ၏။ မြန်မာပြည်၏ နှစ် ၇၀ ကျော်ကာလအတွင်း ဤမျှ ဖျက်အားပြင်းငလျင်ကြီးကို ကြုံတွေ့လိုက်ကြရလေရာ နိုင်ငံသားတွေမှာ အထူးထိတ်လန့်တုန်လှုပ်ခဲ့ကြရပြီး သူ၏ ‘ဖျက်အား’ အောက်မှာ ပြားပြားမှောက်ကာ သွားခဲ့ကြရသည့် တိုက်တာအိမ်ခြေ လူနေမြို့ရွာတို့မှာ ‘တစပြင်’ ပမာ ဖြစ်ခဲ့ကြရပါပေ၏ ခင်ဗျာ။

“တိုက်တာ အိမ်ခြေ ရုံးတွေမှာ ပိသေခဲ့ကြရတဲ့သူတွေလည်း မနည်းမနောပဲ စိမ်းမောင်ရ”

“ငါလည်း သတင်းတွေထဲမှာ ကြည့်ရပါတယ် မူးသာရာ၊ တကယ့်ကို စိတ်မကောင်းစရာ”

“အေးကွာ၊ ငလျင်လှုပ်ပြီးစမှာသာ အောက်မှာပိနေတဲ့သူတွေကို ကယ်မယ်ဆိုရင်၊ ကယ်တင်နိုင်မယ် ဆိုရင် အသက်ရှင်လျက်ရှိသူတွေ အများကြီးကို ကယ်ထုတ်နိုင်ခဲ့မှာကွ”

“ဟုတ်တယ် လုံးတုံး၊ အခုက ချက်ချင်း မကယ်ဆယ်နိုင်ခဲ့ဘူး၊  (--)  မအလ”

“ဘာဖြစ်လို့ မဆိုင်တဲ့သူကို ဆဲတာလဲ မူးသာရာ”

“သူနဲ့ဆိုင်လွန်လွန်းလို့ သူ့ကိုဆဲတာကွ စိမ်းမောင် အစိမ်းကြောင် သောက်ရူးရ”

“ဒီမှာမူးသာ . . . ငလျင်က သူ့ဟာသူလှုပ်တာ၊ မအလ . . . အဲ . . . တပ်ချုပ်ကြီးကြောင့်မှ မဟုတ်တာကို”

“ဒီမယ် စိမ်းမောင်၊ ငလျင်ဘေးကြောင့် ပိနေတဲ့ ပြည်သူတွေကို မင်းတို့အဘ မအလက ချက်ချင်း လက်ငင်း ကယ်ထုတ်ရမှာကွ”

“အ . . .”

“မူးသာပြောတာ အမှန်ကွ၊ မင်းတို့ကိုးကွယ်တော်မူနေတဲ့ ‘ပီဘိ လုဓားပြ မအလ’ ဟာ ငလျင်ဘေးဒုက္ခ ခံနေရသူတွေကို လေယာဉ်တွေနဲ့ ဗုံးပါထပ်ကြဲလိုက်သေးတယ်ဆိုတော့ မအလကြီးဟာ ‘ငရဲခွေး’ အစစ်ကြီးပေါ့ကွာ”

“အာ . . .”

“ဒီ အကုသိုလ်ကောင်ကြီးဟာ သဘာဝဘေးအန္တရာယ်ကယ်ဆယ်ရေး ပစ္စည်းဆိုလို့ ဘာတခုမှ ဝယ်မထားဘဲ လူတွေကို မီးလောင်တိုက်သွင်းဖို့ လက်နက်မျိုးစုံကိုသာ ဝယ်ထားတဲ့သူဆိုတော့ ဒီ (--) ကြီးကိုပဲ ဦးတည်ဆဲနေကြတာပါတဲ့ ခင်ဗျား”

“ဝါး . . . ဟားဟား ဟားဟား ဟားဟား”

(ခ)

စိမ်းသရဖူစိမ်း အဘစိမ်းမောင်က “ရီးပဲ” ဟု မကြားတကြား ဆဲပါလေရာ အရွှင်အဘတွေ တဟားဟား ပါလေ။ စကားဝိုင်းမှာ အသက်သေဆုံးခဲ့ကြသူတွေနှင့် ‘ကံကြမ္မာ’ ဆိုတာကို ဆက်၍ ပြောဆိုကြပါလေ၏။

“အိုးအိမ် အဆောက်အဦတွေအောက်မှာ ရှင်လျက်ရှိနေသူကို နိုင်ငံတကာက ကယ်ဆယ်ရေးသမားတွေက လာရောက်ကယ်ဆယ်မယ် ဆိုတော့လည်း ဟိုနေရာဖြင့် မဝင်ရဘူး၊ ဒီနေရာဖြင့် မတူးရဘူး၊ ဟောဟိုနေရာကတော့ ဘာဖြစ်လို့ ညာဖြစ်လို့နဲ့ ဖက်ဆစ်တွေက ကန့်သတ်ခဲ့ကြလို့ မသေသင့်ဘဲ သေခဲ့ရသူတွေလည်း မနည်းဘူး စိမ်းမောင်ရေ”

“ဟေ . . .”

“တရုတ်ပိုင် ဧရာမအဆောက်အအုံ အတော်များများကို နိုင်ငံတကာကယ်ဆယ်ရေးအဖွဲ့တွေ ဝင်ခွင့်မရခဲ့ဘူးလို့ သိရသကွ”

“ဘာဖြစ်လို့ ဝင်ခွင့် တူးဖော်ကယ်ဆယ်ခွင့် မပေးခဲ့တာတဲ့လဲ မူးသာ”

“ဘာဖြစ်လို့ရမလဲ ဟကောင်ရ၊ အဲသည် စူစကာကြီးတွေရဲ့ အဆောက်အအုံ အောက်ခြေထပ်တွေထဲမှာ မူးယစ်ဆေးဝါးတွေ အပြည့်အသိပ်ရှိနေလို့လို့ အဖြေထွက်သကွ”

“ဟမ် . . .”

“ညောင်မြစ်တွေလိုက်တူးလို့ ပုတ်သင်ဥတွေ ခန်းလုံးပြည့် ပေါ်လာပြီဆိုရင် မအလတွေ ဘယ်လိုမှ ရှင်းလို့မရတော့ဘူး ဆိုတာကို ကြောက်လို့ အဝင်တွေမခံတာဟ စိမ်းမောင်ရ”

“ဟေ . . .”

“ဒီတော့ လူ့အသက်တွေကိုကယ်ဖို့ ခွင့်မပြုခဲ့တာ မဆန်းပါဘူးကွာ”

“အာ . . .”

“ကြင်စိုး သာဝ မအလရဲ့ လူမဆန်မှုအစုစုကတော့ သြချလောက်ပါပေရဲ့ကွာ”

“အာ . . .”

“ဒီ (--) တွေရဲ့ လူမဆန်မှုကတော့ ပြောမနေနဲ့တော့၊ ဒီလောက် လူတွေ ဒုက္ခပင်လယ် ဝေနေချိန်မှာတောင်မှ သူတို့က ‘သင်္ကြန်’ ကျပြီး ပျော်ပါးနေလိုက်ကြသေးသကွာ”

“ဘာတဲ့ . . . သူတို့မင်းဆရာ အာပလာတွေပေးတဲ့ ယတြာတွေနဲ့ ‘ရေအေးသင်္ကြန်’ ဆိုလား လုပ်ပြီး မြူးကြသေးတာ”

“ဘယ်ကလာ ‘ရေအေးသင်္ကြန်’ ရမှာလဲ မူးသာရ”

“‘ရေအေးသင်္ကြန်’ မဟုတ်ဘူးလား”

“‘ရေအေးသင်္ကြန်’ မဟုတ်ဘူး။ ‘မအေပေးသင်္ကြန်’ ပါတဲ့ဗျား”

“ဟားဟား ဟားဟား ဟားဟား”

(ဂ)

ငလျင်ဘေးကြောင့် ကွယ်လွန်အနိစ္စရောက်ခဲ့ကြသူတွေအကြောင်း စိတ်မကောင်းစွာ ပြောကြရင်း လူတွေ၏ သေဆုံးပုံတွေအကြောင်းကို ဆက်ကြပြန်ပါ၏။

“အင်း . . . ဘာလိုလိုနဲ့ ‘အဘရွှေကြီး’ သေတာတောင်မှ ကြာပြီနော် စိမ်းမောင်”

“ဘယ်ရွာက အဘရွှေလည်းဟ မူးသာရ”

“‘ကြပ်ပြေး’ ရွာက အဘရွှေကြီးလေကွာ”

“ဘယ် ‘ကြပ်ပြေး’ ရွာလဲဟ”

“နေပြည်တော် တပ်ကုန်း ကြပ်ပြေးရွာက မင်းတို့အဘ အဘရွှေလေကွာ”

“အာ . . . အဘရွှေကြီးက ရှိပါသေးတယ်ကွ လုံးတုံးရ”

“‘သေ’ ပါပြီကွာ၊ ကြာတောင်ကြာပြီ”

“မဟုတ်တာကွာ၊ အဘရွှေ သေတယ်ဆိုရင် သတင်းတွေ တက်မှာပေါ့ဟ ငတုံးရ”

“ငါက ငတုံးဆို မင်းက ‘ငဖျင်း’ စိမ်းမောင်၊ အဘရွှေကြီး ‘သေ’ တာ ကြာပေါ့”

“သေတာ ကြာပြီ ဟုတ်လား”

“အဘရွှေကြီးတင် သေတာမဟုတ်ဘူး၊ မင်းတို့ အဘပု မအလလည်း သေပြီ”

“ဟားဟား ဟားဟား ဟားဟား”

အဘစိမ်းမောင်က အားရပါးရ ထ၍ရယ်ပါ၏။

အဘစောမူးသာက “အဘရွှေလည်း သေပြီ၊ အဘပုလည်း သေပြီဟ” ဟု ထပ်ပြောလေရာ “မင်းတို့ ကောလာဟလတွေက သိပ်ရယ်ရတာပဲကွာ” ဟုဆိုကာ တဟားဟား ရယ်ပြန်ပါ၏။

“မင်းက မယုံဘူးကိုး”

“ဟုတ်မှ မဟုတ်တာကို”

“ဒီမယ် စိမ်းမောင်၊ အဘရွှေကော အဘပုကော အသက်တွေ ရှူနေကြသေးပေမဲ့ ‘သေ’ တာ ကြာပြီကွ”

“ဘယ် . . . ဘ ယ် လို”

“လောကကြီးမှာ လူမသေသေးပေမဲ့ နာမည် ‘သေ’ ဆုံး နိဂုံးချုပ်သွားကြသူတွေထဲမှာ ဒင်းတို့က ထိပ်ဆုံးကပေါ့ကွာ”

“အာ . . .”

“တိုင်းပြည်နဲ့ လူထုအပေါ် ရက်စက်ယုတ်မာခဲ့ကြသူ အပေါင်းဟာ လူမသေခင် နာမည်က အရင် ‘သေ’ တယ်”

“အယ် . . .”

“မယုံရင် စောင့်သာကြည့်ပေတော့၊ ကြင်စိုး သာဝ မအလတို့လို တရားမရှိ ဓားအတိနဲ့ ဖက်ဆစ်ကောင်တွေဟာ လောကမှာ ‘နှစ်ခါသေ’ ရတဲ့ သူတွေပေါ့ကွာ”

“ဘာ . . . ဘယ်လို”

“ဒင်းတို့ဘဝမှာ ‘နာမည်သေ’ လို့ တခါ အသုဘချရတယ်၊ နောက်တခါ ‘လူသေ’ ပြန်တဲ့အခါ နောက်ထပ် အသုဘ ထပ်ချရမယ့်ကောင်တွေပါတဲ့ ခင်ဗျား”‌

“ဝါး . . . ဟားဟား ဟားဟား ဟားဟား”

ဖေကြီး(လေရှီး)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013