DVB Logo
Home
မြန်မာသတင်း
ဝင်းနိမ္မိတာရုံ ဆရာတော်အားသတ်ဖြတ်မှုက ဗုဒ္ဓဘာသာတရပ်လုံးကို စော်ကားခြင်းဖြစ်ဟု NUG ပြော
DVB
·
June 27, 2024
ဝင်းနိမ္မိတာရုံ ဆရာတော်အားသတ်ဖြတ်မှုက ဗုဒ္ဓဘာသာတရပ်လုံးကို စော်ကားခြင်းဖြစ်ဟု NUG ပြော
Donate to DVB

စစ်တပ်ရဲ့ ပစ်ခတ်မှုကြောင့် ဝင်းနိမ္မိတာရုံကျောင်းတိုက်ဆရာတော် ပျံလွန်တော်မူတာနဲ့ ပတ်သက်ပြီး အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ဝမ်းနည်းကြောင်း သဝဏ်လွှာ ထုတ်ပြန်လိုက်ပြီး ဘုရားသားတော် မြတ်သံဃာတွေကိုတောင် ရည်ရွယ်ချက်ရှိရှိ သတ်ဖြတ်ဝံ့တဲ့ ဒီလုပ်ရပ်က ဗုဒ္ဓဘာသာတရပ်လုံးကို စော်ကားလိုက်တာလို့ ပြောလိုက်ပါတယ်။

ဝင်းနိမ္မိတာရုံဆရာတော်ကြီး ဘဒ္ဒန္တ မုနိန္ဒာဘိဝံသဟာ ပြီးခဲ့တဲ့ ဇွန် ၁၉ ရက်က မန္တလေး ရွှေကျင်နိကာယ ဗဟိုဌာန အစည်းအဝေး အကြိုညှိနှိုင်းဆောင်ရွက်ဖို့ ရန်ကုန်ကနေ လေယာဉ်နဲ့ တံတားဦးလေဆိပ်ကို ကြွရောက်လာချိန် ကန်သုံးဆင့်ဆရာတော် ဇာတိဖြစ်တဲ့ ငါန်းဇွန်မြို့နယ်၊ ပန်းချီကမ္မရွာကို ကားနဲ့သွားရောက်ရာလမ်းမှာ စစ်ကောင်စီတပ်က ပစ်ခတ်လို့ ပျံလွန်တော်မူခဲ့တာ ဖြစ်ပါတယ်။

ဖြစ်ဖြစ်ချင်းမှာတော့ စစ်အုပ်စုဘက်က PDF တွေ ပစ်ခတ်တာလို့ လိမ်ညာထုတ်ပြန် ကြေညာခဲ့ပေမဲ့ ကားပေါ်မှာ အတူပါတဲ့ ဆရာတော်တပါးက အဖြစ်မှန်ကို ထုတ်ဖော် ပြောလိုက်တဲ့နောက်ပိုင်းမှာ စစ်တပ်က ပစ်ခတ်တာလို့ ဝန်ခံပြီးနောက် စစ်ကောင်စီက တောင်းပန်ခဲ့ပါတယ်။

ဇွန် ၂၇ ရက်စွဲနဲ့ NUG အစိုးရရဲ့ ထုတ်ပြန်ကြေညာချက်မှာတော့ ဆရာတော် ပျံလွန်တော်မူခဲ့ရခြင်းအတွက် အထူးပင် စိတ်ထိခိုက် ဝမ်းနည်းကြေကွဲရကြောင်းနဲ့ ဆရာတော်ဘုရားကြီးဟာ ပရိယတ္တိသာသနာအတွက် စွမ်းစွမ်းတမံ အားထုတ်ကြိုးပမ်း ဆောင်ရွက်နေတဲ့ သာသနာ့အာဇာနည် ရဟန်းတပါး ဖြစ်တဲ့အတွက် ပိုပြီးတော့ ယူကျုံးမရ နှမြောတသ ဖြစ်မိတယ်လို့ ဖော်ပြပါတယ်။

ဒါ့အပြင် အကြမ်းဖက်စစ်တပ်က အဖြစ်မှန်ကို တမင်ဖုံးကွယ်ပြီးတော့ PDF အဖွဲ့အစည်းကို ရည်ရွယ်ချက်ရှိရှိ အပြစ်ပုံချတာ၊ လိမ်လည်လှည့်ဖျားကာ သတင်းထုတ်ပြန်၊ ပြောဆိုတာကလည်း သံဃာထုနဲ့ တိုင်းပြည်ကို ထပ်လောင်း စော်ကားလိုက်တာ ဖြစ်သလို အဆိုပါလိမ်ညာမှုအတွက် အကြမ်းဖက်စစ်တပ်ရဲ့ အဆင့်ဆင့်သော တာဝန်ရှိသူအားလုံး အပြည့်အဝ တာဝန်ယူ၊ တာဝန်ခံရမယ်လို့လည်း ဆိုပါတယ်။

ဆရာတော် ပျံလွန်တော်မူတာနဲ့ ပတ်သက်ပြီး ပြီးခဲ့တဲ့ရက်ပိုင်းကလည်း ကုလသမဂ္ဂဆိုင်ရာ အမြဲတမ်းကိုယ်စားလှယ် မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းက အထွေထွေညီလာခံမှာ တင်ပြခဲ့သလို လုံခြုံရေးကောင်စီအနေနဲ့ မြန်မာပြည်သူတွေကို အကာအကွယ်ပေးဖို့ ပျက်ကွက်နေတယ်လို့ ပြောလိုက်ပါတယ်။

လတ်တလောမှာတော့ ဒီဖြစ်ရပ်အပေါ်  ဆားလင်းကြီး၊ ချောင်းဦးနဲ့ ဒီပဲယင်းစတဲ့ ဒေသတွေ အသီးသီးမှာ သံဃာတော်တွေက အာဏာသိမ်း စစ်ကောင်စီကို ပတ္တနိက္ကုဇ္ဇနကံဆောင် သပိတ်မှောက်ခဲ့ကြပြီး အရပ်ဘက်လူမှုအဖွဲ့အစည်းတွေ အသီးသီးကရော နိုင်ငံတကာ အသိုက်အဝန်းကပါ ပြစ်တင်ရှုတ်ချနေကြပါတယ်။

NUG အစိုးရရဲ့ လတ်တလော ထုတ်ပြန်ချက်မှာတော့ တိုင်းပြည်မှာ အကြမ်းဖက်စစ်တပ် သက်ဆိုးရှည်နေသရွေ့ ခုလို ဝမ်းနည်းကြေကွဲဖွယ် ဖြစ်ရပ်ဆိုးတွေနဲ့ ဆက်လက် ကြုံတွေ့နေကြရဦးမှာ ဖြစ်တာ‌ကြောင့် စစ်အာဏာရှင်စနစ် အပြီးတိုင် ချုပ်ငြိမ်းပပျောက်ရေးအတွက် ဘာသာပေါင်းစုံ တိုင်းပြည်လူထုတရပ်လုံးနဲ့ လက်တွဲပြီးတော့  အစွမ်းကုန် ဆက်လက်ကြိုးပမ်းအားထုတ်သွားမယ်လို့ သန္နိဋ္ဌာန်ပြုထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013