
အသက် ၁၂ နှစ်အရွယ် ကိုရင်လေးတပါးကို လူမဆန်စွာ ရိုက်နှက်ခဲ့တဲ့ တနင်္သာရီတိုင်း၊ မြိတ်မြို့နယ်၊ ကျောက်ဖြူတောင် ပဋိပတ္တိတောရကျောင်းက ကျောင်းထိုင်ဘုန်းကြီး ဦးတေဇကို ဧပြီ ၂၂ ရက် ဒီနေ့ မနက်က စစ်တပ်နဲ့ သာသနာရေးဦးစီးဌာနက ဖမ်းဆီးလိုက်တယ်လို့ သာသနာရေးနဲ့ နီးစပ်သူတွေဆီက သိရပါတယ်။
ဧပြီ ၂၁ ရက်က လူမှုကွန်ရက် ဖေ့စ်ဘွတ်ခ်မှာ ကိုရင်လေး ၁ ပါးကို လူမဆန်စွာ ရိုက်နှက်နေတဲ့ ရုပ်သံဖိုင် ထွက်လာပြီးနောက် ရိုက်နှက်တဲ့ ဆရာတော်ကို ဖမ်းဆီးရမိရေးအတွက် လုပ်ဆောင်ခဲ့တယ်လို့ လိုက်လံကူညီပေးနေတဲ့ဆရာတော်က DVB ကို မိန့်ပါတယ်။
“လက်ရှိတော့ စစ်ဆေးနေတဲ့ အချိန်ပဲ ရှိသေးတယ်၊ နယ်မြို့လေးမှာဖြစ်ပေမဲ့ ဖြစ်သွားတဲ့ကိစ္စက အကြီးကြီးဖြစ်တဲ့အတွက် အထက်အဆင့်ဆင့် ညွှန်ကြားမှုကို စောင့်နေတယ်လို့ သိရတယ်။”
ဘာကြောင့် အခုလို ရိုက်နှက်တယ် ဆိုတာကိုတော့ စစ်ဆေးချက်ထွက်လာမှ သိရမယ်လို့ ဆက်လက် မိန့်ပါတယ်။
ကိုရင်လေး ရိုက်နှက်ခံရတဲ့ ဗီဒီယိုဖိုင် လူမှုကွန်ရက်မှာ ပျံ့နှံ့ပြီးနောက် ပြည်သူလူထုကြားမှာ ဝေဖန်မှုတွေ မြင့်တက်လာပြီးနောက် ရိုက်နှက်တဲ့ ဆရာတော် ဦးတေဇကို မြို့နယ် သံဃနာယက၊ သာသနာရေးဦးစီးဌာနနဲ့ စစ်တပ်က ဖမ်းဆီးခဲ့ကာ စစ်ဆေးနေတယ်လို့ ဆရာတော်က ဆက်လက်မိန့်ပါတယ်။
အလားတူ ဖြစ်စဥ်မျိုးကို ၂၀၂၄ ခုနှစ် စက်တင်ဘာ ၁၇ ရက်က ဖျာပုံမြို့နယ် အမာမြို့နယ်ခွဲ ဒေါ်ညိမ်းကျေးရွာ သရက်တောကျောင်းတိုက်မှာလည်း ဖြစ်ပွားခဲ့ဖူးပါတယ်။
အဲဒီဖြစ်စဥ်မှာ ၁၃ နှစ်အရွယ် ကိုရင်လေး ၁ ပါးကို သေဆုံးတဲ့ထိအောင် ရိုက်နှက်ခဲ့တဲ့ ဆရာတော် ဦးဥက္ကဋ္ဌ အပါအဝင် ဆရာတော် ၂ ပါးနဲ့ ကပ္ပိယတယောက်ကို ရဲတပ်ဖွဲ့က ဖမ်းဆီးပြီး ပုဒ်မ ၃၀၂ နဲ့ အမှုဖွင့် အရေးယူခဲ့ပါတယ်။
Photo: Ashin Zatiparla










