DVB Logo
Home
မြန်မာသတင်း
မွန်ပြည်နယ်တွင် စားအုန်းဆီ ၁ ပိဿာ ကျပ် ၁၆,၀၀၀ ကျော်အထိ စံချိန်တင်မြင့်တက်
DVB
·
June 25, 2024
မွန်ပြည်နယ်တွင် စားအုန်းဆီ ၁ ပိဿာ ကျပ် ၁၆,၀၀၀ ကျော်အထိ စံချိန်တင်မြင့်တက်
Donate to DVB

မွန်ပြည်နယ်အတွင်း လမ်းပန်းဆက်သွယ်ရေး အခက်အခဲနဲ့ စားအုန်းဆီ လိုသလောက် ဝယ်ယူမရတာကြောင့် စားအုန်းဆီတပိဿာကို ကျပ် ၁၆,၀၀၀ ကျော်အထိ စံချိန်တင် ဈေးနှုန်းမြင့်တက်နေတယ်လို့ စားသောက်ကုန်လုပ်ငန်းရှင်တွေနဲ့ စားသုံးသူတွေထံက သိရပါတယ်။

မွန်ပြည်နယ်မှာ ဇွန်လအစက စားအုန်းဆီတပိဿာကို လက်ကားဈေး ကျပ် ၈,၀၀၀၊ လက်လီဈေး ကျပ် ၁၀,၀၀၀ သာရှိပေမဲ့ ဒီကနေ့မှာ စားအုန်းဆီတပိဿာကို လက်ကားဈေး ကျပ် ၁၅,၀၀၀ နဲ့ လက်လီဈေး ကျပ် ၁၆,၀၀၀ အထိ စံချိန်တင် မြင့်တက်ခဲ့ပါတယ်။

မွန်ပြည်နယ်အတွင်း ဝင်ရောက်လာမယ့် စားအုန်းဆီ အပါအဝင် ထိုင်းကုန်ပစ္စည်းတွေကို စစ်တပ်က လိုက်လံဖမ်းဆီးတာ၊ မြန်မာငွေကြေး ကျဆင်းတာနဲ့ ရန်ကုန်ကနေ လုံလောက်အောင် စားအုန်းဆီ ဝယ်ယူလို့မရတာကြောင့် စားအုန်းဆီဈေးနှုန်း မြင့်တက်ခဲ့တာလို့ မော်လမြိုင်မြို့ရှိ စားသောက်ကုန်လုပ်ငန်းရှင်တဦးက ပြောပါတယ်။

“ဒီဘက်မှာက အဓိကအားဖြင့် ယိုးဒယားဘက်ကလာတဲ့ စားအုန်းဆီတွေပဲ အသုံးများကြတယ်။ ရန်ကုန်ကဝင်တဲ့ စားအုန်းဆီကျတော့ ဒီဘက်က မလောက်မှသာ သုံးကြတာ။ အခုက ယိုဒယားဘက်က ကုန်အဝင်တွေကို ဖမ်းနေလို့ ကုန်ကျစရိတ်တွေ ပိုကြီးတဲ့အပြင် ရန်ကုန်ဘက်ကလည်း လိုသလောက် မဝင်တော့ ဈေးက ခေါင်ခိုက်သွားတော့ နေ့တိုင်းလိုလို ဈေးကတက်နေတာ။ ဒီလအစက အချိန် ၁၀ တပုံးကို ၇၀,၀၀၀ ကျော်ပဲရောင်းတာ၊ အခု ၁ သိန်းခွဲအထိ ရောင်းနေရတယ်။”

မွန်ပြည်နယ် ဈေးကွက်အတွင်း စားအုန်းဆီအပြင် တဖက် ထိုင်းနိုင်ငံမှ တင်သွင်းလာတဲ့ ပုဇွန်နှစ်ကောင်တံဆိပ် ဟင်းသီးဟင်းရွက်ဆီ ၅ လီတာတပုံးမှာလည်း အရင်က ကျပ် ၂၀,၀၀၀ ကျော်ကနေ အခု ကျပ် ၃၅,၀၀၀၊ ပဲပိစပ်ဆီ ၅ လီတာတပုံးကို အရင် ကျပ် ၂၅,၀၀၀ ကျော်မှ အခု ကျပ် ၄၀,၀၀၀ အထိ ဈေးနှုန်းမြင့်တက်ခဲ့ပါတယ်။

စားအုန်းဆီဈေးနှုန်း မြင့်တက်လာတာကြောင့် ဆီကြော်မုန့် အပါအဝင် စားအုန်းဆီ အသုံးပြုရတဲ့ လုပ်ငန်းအသေးစားတွေ ရပ်ဆိုင်းရတာရှိသလို ဈေးနှုန်းမြင့်တက်တာတွေလည်း ရှိတယ်လို့ ဆီကြော်မုန့်ရောင်းဝယ်သူတဦးက ပြောပါတယ်။

“ဆီဈေးအရမ်းကြီးတော့ မတတ်နိုင်တော့လို့ နားလိုက်တဲ့သူတွေ အများကြီးရှိတယ်။ အရင်ကဆို မြို့ထဲမှာ ပဲကြော် ကြော်တဲ့သူက ၁၅ ဦးလောက်ရှိတယ်။ အခုဆို ၂ ဦးလောက်ပဲ ရှိတော့တယ်။ ဆီဈေးက တရင်းတနှီးဖြစ်နေပြီဆိုတော့ တခြားအလုပ်ပဲ ပြောင်းလုပ်ကြတော့တာ။”

စစ်ကောင်စီက မွန်ပြည်နယ်ရဲ့ မြို့နယ်တချို့မှာ စားအုန်းဆီ တပိဿာကို ကျပ် ၆,၂၅၀ နဲ့ လူတဦး ၅၀ သားစီ ရောင်းချပေးနေပေမဲ့ စားအုန်းဆီဈေး ကျဆင်းသွားတာမရှိဘူးလို့ စားသောက်ကုန်လုပ်ငန်းရှင်တွေက ဆိုပါတယ်။

စစ်တပ်အာဏာမသိမ်းခင်က မွန်ပြည်နယ်အတွင်းမှာ စာအုန်းဆီ တပိဿာကို ကျပ် ၂,၀၀၀ ကျော်သာ ရှိခဲ့ရာက စစ်တပ် အာဏာသိမ်းပြီးနောက် စားအုန်းဆီဈေး အဆမတန် မြင့်တက်လာခဲ့ရာက အခု တပိဿာ ကျပ် ၁၆,၀၀၀ ကျော်အထိ ဖြစ်လာပါတယ်။

Support DVB
Live
DVB Donate၂၀၂၅ စစ်အာဏာရှင်ရွေးကောက်ပွဲ ရလဒ်များ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013