
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ ကျိုင်းတုံမြို့နယ်ထဲမှာ အလှူကပြန်လာတဲ့ ကားတစီး တိမ်းမှောက်ခဲ့ပြီး အမျိုးသား ၁ ယောက် သေဆုံး၊ တခြား ၃ ယောက် ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံ လူမှုကူညီရေး အသင်းတွေဆီက သိရပါတယ်။
မေ ၁၅ ရက် မနေ့မနက် ၉ နာရီဝန်းကျင်လောက်မှာ ကျိုင်းတုံမြို့က ထပ်တင်ကာ တောရကျောင်း ကို အလှူသွားပြီး အပြန်ခရီးမှာ ကားတစီး လမ်းချော်တိမ်းမှောက်ခဲ့တာလို့ သိရပါတယ်။
ယာဉ်တိမ်းမှောက်ပြီးနောက် တိုင်းနေ လူမှုကူညီရေးအသင်းနဲ့ နှလုံးလှပိုင်ရှင်များ လူမှုကူညီရေး အသင်းတို့က သွားရောက်ကူညီပေးခဲ့ပြီး ဒဏ်ရာရသူ ၄ ယောက်ကို ကျိုင်းတုံ ပြည်သူ့ဆေးရုံဆီ အရေးပေါ်ပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။
ဒါပေမဲ့ ဒဏ်ရာပြင်းထန်တဲ့ အမျိုးသားတယောက်ကတော့ ဆေးရုံရောက်ပြီးနောက် သေဆုံးသွား ခဲ့တယ်လို့ ကယ်ဆယ်ရေးအဖွဲ့ဝင်တယောက်က ပြောပါတယ်။
“တယောက်က ဆေးရုံရောက်ပြီးမှ ဆုံးသွားတာပါ။ ကျန်တဲ့ ၃ ယောက်တော့ စိုးရိမ်စရာမရှိပါဘူး။ ခုက မိုးရွာစ လမ်းချော်တဲ့အချိန်ဆိုတော့ ယာဉ်မတော်တဆမှုတွေ ပိုဖြစ်တတ်ပါတယ်။ အရှိန် လျှော့ပြီး သတိထားမောင်းဖို့လိုတယ်၊ ဖြစ်သွားရင်တော့ ဘာမှပြန်လုပ်လို့မရတော့ဘူး” လို့ ပြော ပါတယ်။
မေ ၁၄ ရက်ကလည်း ကျိုင်းတုံ-လေယာဉ်ကွင်းလမ်း အတက်ပိုင်းမှာ ကားတစီးတိမ်းမှောက်လို့ လူတယောက် ဒဏ်ရာရတာကြောင့် ဆေးရုံကို အရေးပေါ်ပို့ဆောင်ပေးခဲ့ရတယ်လို့ သိရပါတယ်။










