
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ ကျိုင်းတုံမြို့မှာ မေ ၁၃ ရက် နေ့လယ်ပိုင်းက ရွှေဆိုင်ပိုင်ရှင်ကို အမည် မသိလူ ၃ ယောက်က သေနတ်နဲ့ပစ်သတ်ပြီး ဓားပြတိုက်ကာ ရွှေတွေယူသွားတယ်လို့ ဒေသခံတွေဆီ က သိရပါတယ်။
နောင်ခိုက်ရပ်ကွက်က ရွှေဆိုင်ပိုင်ရှင် ဦးစိုင်းယီတစ် အိမ်ရှေ့မှာ ဦးစိုင်းယီတစ်ပါ ၃ ယောက်ဟာ ကျိုင်းတုံမြို့မစျေးက ခေမာရဋ်ရွှေဆိုင်ကနေ ဆိုင်သိမ်းပြီး အိမ်အပြန် ပါဂျဲရိုးယာဉ်နဲ့ လူ ၃ ယောက် ရောက်လာပြီး ဓားပြဝင်တိုက်တာလို့ ဆိုပါတယ်။
ဒေသခံတယောက်က “သေနတ်တွေ ပါလာတယ်။ သေနတ်နဲ့ နှစ်ချက်ပစ်တာ ဦးစိုင်းယီတစ် ဒဏ်ရာ ၂ ချက်ရပြီး သေသွားတယ်။ နားထင်နဲ့ ဗိုက်ကို ကျည်ဖောက်ဝင်သွားတာ။ ရွှေတွေကတော့ တော်တော် ပါသွားတယ်” လို့ DVB ကို ပြောပါတယ်။
လက်ရှိမှာ ရဲတပ်ဖွဲ့က ဓားပြအဖွဲ့ကို လက်လံစုံစမ်းနေပြီး တရားခံ ဖမ်းမမိသေးတာကြောင့် အဲဒီလို လုယက်မှုတွေ ဆိုးရွားလာတာလို့ ဒေသခံတွေ စိုးရိမ်နေကြပါတယ်။
ပြီးခဲ့တဲ့ မတ် ၂၁ ရက်ကလည်း ကျိုင်းတုံမြို့မှာ လူသတ် ဓားပြတိုက်မှု ဖြစ်ခဲ့ပြီး တရားခံတွေ လွတ်မြောက်နေခဲ့ပါတယ်။
ကျိုင်းတုံမြို့ ရပ်ကွက် ၄၊ နောင်ခမ်းမီးပွိုင့်အနီးမှာရှိတဲ့ နေအိမ်တအိမ်ကို လူ ၅ ယောက်က ကားနဲ့ လာပြီး သေနတ်တွေနဲ့ ဓားပြတိုက်သလို အိမ်ရှင်ကိုလည်း ပစ်သတ်သွားခဲ့ပါတယ်။










