
ရန်ကုန်-မန္တလေး-အမြန်လမ်းမှာ မောင်းလာတဲ့ ယာဉ်တိမ်းမှောက်မှုကြောင့် အမျိုးသားတယောက် သေဆုံးသွားတယ်လို့ ကူညီကယ်ဆယ်ရေးအဖွဲ့တွေဆီက သိရပါတယ်။
မေ ၁၁ ရက် ညနေ ၅ နာရီခွဲအချိန်လောက်က ရန်ကုန်-မန္တလေး အမြန်လမ်း မိုင်တိုင် ၂၄၇/၇-၂၄၈/၀ (နေပြည်တော်-မန္တလေး) သွားတဲ့လမ်းမှာ အမျိုးသားတယောက် မောင်းလာတဲ့ AD Van အမျိုးအစား အဖြူရောင်ယာဉ်ဟာ အရှိန်မထိန်းနိုင်ဘဲ လမ်းလယ်ကျွန်းပေါ် ကျော်တက်ကာ အပြန်လမ်းဘက်ခြမ်းရှိ မြေသားလမ်းပေါ်ကို ရောက်ရှိ တိမ်းမှောက်ခဲ့တယ်လို့ ဆိုပါတယ်။
ကူညီကယ်ဆယ်ရေး ဆောင်ရွက်ပေးတဲ့သူတယောက်က “တယောက်တည်း မောင်းလာတဲ့ယာဉ် တိမ်းမှောက်တာ။ နေပြည်တော်ကနေ မန္တလေးဘက်ကို သွားတဲ့လမ်းမှာ မှောက်တာ။ ယာဉ်မောင်းအမျိုးသားက ပွဲချင်းပြီး တခါတည်း သေဆုံးသွားတယ်။ အရှိန်ပြင်းပြင်းနဲ့ တိမ်းမှောက်တာ” လို့ ပြောပါတယ်။
သေဆုံးအမျိုးသားရဲ့ နေရပ်လိပ်စာနဲ့ တခြားဆက်စပ်တဲ့ အချက်အလက်တွေကို တာဝန်ရှိသူတွေနဲ့ ကူညီကယ်ဆယ်ရေးအဖွဲ့တွေက စုံစမ်းစစ်ဆေး ချိတ်ဆက်နေတယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီ ၁ ရက်ကနေ ဧပြီ ၃၀ ရက်အထိ ၄ လအတွင်း ရန်ကုန်-မန္တလေး အမြန်လမ်းပေါ် ယာဉ်မတော်တဆမှု ၅၂ မှု၊ ၃၂ ယောက် သေဆုံးခဲ့ပြီး ၆၃ ယောက် ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
အမြန်လမ်းပေါ် အသုံးပြု သွားလာမောင်းနှင်ကြတဲ့ ယာဉ်မောင်းတွေအနေနဲ့ ယာဉ်အမျိုးအစားအလိုက် သတ်မှတ်ထားတဲ့ အရှိန်နှုန်းအတိုင်း မောင်းနှင်ကြဖို့နဲ့ ယာဉ်မောင်းတွေအနေနဲ့ အိပ်မငိုက်မိစေအောင် အထူးသတိထားကြဖို့ အမြန်လမ်းမကြီး ထိန်းသိမ်းပြုပြင်ရေးနဲ့ ကြီးကြပ်ရေးအဖွဲ့က အသိပေးထားပါတယ်။










