
ရှမ်းပြည်နယ်အရှေ့ပိုင်း ကျိုင်းတုံမြို့နယ်မှာ ပြည်သူ့စစ်အဖွဲ့တွေကို လက်နက်ရောင်းချမှုနဲ့ ကျိုင်းတုံအခြေစိုက်တပ်ရင်း ၃ ရင်းက အရာရှိတချိုကို စစ်ဆေးနေတယ်လို့ မြိုခံတွေဆီက သိရပါတယ်။
စီးပွားရေးလုပ်ငန်းရှင်တွေကတဆင့် ပြည်သူ့စစ်အဖွဲ့တွေကို လက်အောက်ခံတပ်ရင်းတွေရဲ့ အရာရှိတွေက လက်နက်တွေ ရောင်းချပေးနေတယ်လို့ အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးကို တင်ပြခဲ့တာကြောင့် အခုလိုစစ်ဆေးတာလို့ မြို့ခံတယောက်က DVB ကို ပြောပါတယ်။
"ခေမာရဋ်ရွှေဆိုင် လုခံရတဲ့ ကိစ္စက စတာပါ။ မြို့မှာက လက်နက်လိုသလောက်ရနေတာ ပြည်သူ့စစ်အဖွဲ့တွေပဲရှိတယ်။ ပြည်သူ့စစ်အဖွဲ့တွေကို လက်နက်ရောင်းပေးတာ ကျိုင်းတုံအခြေစိုက် ခမရ တပ်ရင်းတွေ။ အဲ့ကိစ္စကို စီးပွာရေးလုပ်ငန်းရှင်တွေက တိုင်းမှူးနဲ့တွေ့တဲ့အချိန် ပြောလိုက်လို့ ခေါ်စစ်တာ။”
မေ ၁၉ ရက်နေ့ကတည်းက ကျိုင်းတုံမြို့အခြေစိုက် ခမရ ၅၆၉၊ ခမရ ၅၇၄ နဲ့ ခမရ ၅၇၆ က အရာရှိတွေကို အမှတ် ၁၇ စစ်ဆင်ရေးဌာနချုပ်က ခေါ်ယူစစ်ဆေးတာလို့ စစ်ရေးသတင်းအရင်းအမြစ်က DVB ကို ပြောပါတယ်။
“လက်နက်ခဲယမ်းတွေကို အပြင်ရောင်းတဲ့ကိစွနဲ့ ကျိုင်းတုံအခြေစိုက်တပ်က အရာရှိတွေကို ခေါ်စစ်နေတာရှိတယ်။ အဆင့်နဲ့ရာထူးတွေကို မသိဘူး။”
မေလ ၁၃ ရက် ကျိုင်းတုံမြို့မစျေးက ရွှေဆိုင်သိမ်းပြီး အိမ်ပြန်လာတဲ့ ရွှေဆိုင်ပိုင်ရှင်မိသားစုကို အမည်မသိ သေနတ်သမား ၃ ယောက်က နောင်ခိုက်ရပ်ကွက်အနီးက နေအိမ်ရှေ့မှာ သေနတ်ပစ်ခတ်ပြီး ရွှေထည်ပစွည်းတွေ လုယူခဲ့ရာ သားဖြစ်သူ သေဆုံးခဲ့ပါတယ်။
ကျိုင်းတုံမြို့ခံတွေအနေနဲ့ ပြည်သူ့စစ်တွေ လက်နက်ခဲယမ်းတွေ လိုသလောက်ရနေတာနဲ့ ပတ်သက်ပြီး မြို့လုံခြုံရေးကို စိုးရိမ်မှုတွေရှိသလို ရွှေဆိုင်လုယက်သူတွေ ဖမ်းမမိတာကြောင့် ဝေဖန်မှုတွေလည်း ရှိပါတယ်။











