DVB Logo
Home
မြန်မာသတင်း
မိုးကုတ်တွင် ပစ်ခတ်မှုဖြစ်ပြီး ချောင်းကြီးတံတား မိုင်းခွဲခံရ၊ စစ်တပ်က သိုင်းငင်းရွာလုံးကျွတ်နီး ပါး မီးရှို့ဖျက်ဆီး
DVB
·
June 25, 2024
မိုးကုတ်တွင် ပစ်ခတ်မှုဖြစ်ပြီး ချောင်းကြီးတံတား မိုင်းခွဲခံရ၊ စစ်တပ်က သိုင်းငင်းရွာလုံးကျွတ်နီး ပါး မီးရှို့ဖျက်ဆီး
1 / 2
Donate to DVB

မန္တလေးတိုင်း၊ မိုးကုတ်မြို့အနောက်ပိုင်း၊ ဒေါ်နန်းကြည်တောင် အနောက်ဘက် ဘားဂါးကျေးရွာနားမှာ ဇွန် ၂၅ ရက် မနက် ၁၀ နာရီဝန်းကျင်က ပစ်ခတ်သံတွေ ကြားနေရပြီး ချောင်းကြီးတံတားလည်း မိုင်းခွဲဖျက်ဆီးခံခဲ့ရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

အခုလို အပြန်အလှန် ပစ်ခတ်သံတွေအပြင် စစ်သားတွေလည်း မြို့ပေါ် ကင်းလှည့်နေတယ်လို့ မြို့ခံအမျိုးသမီးတဦးက ပြောပါတယ်။

“အတွဲလိုက်ပစ်သံတွေရော၊ တချက်ချင်း သေနတ်ပစ်သံရော၊ လက်နက်ကြီးသံရော အကုန်ကြားနေရတာ။ ဘယ်သူတွေနဲ့ ပစ်နေတယ် ဆိုတာတော့ မသိရသေးဘူး။ တနာရီကျော်ပြီ ပစ်နေတာ။ အခုဖြစ်နေတဲ့ဘက်ကို ဒီမနက်က စစ်သားတွေအများကြီး တက်သွားတယ်။”

မိုးကုတ်မြို့အနောက်ပိုင်းမှာ ပစ်ခတ်သံတွေ ကြားရပြီးနောက် စျေးဆိုင်တွေ ပိတ်သိမ်းခဲ့သလို စာသင်ကျောင်းတွေလည်း ပိတ်ပေးခဲ့တယ်လို့ သိရပါတယ်။

မြို့ခံအမျိုးသားတဦးက “စျေးသည်တွေလည်း စျေးမီးရှို့ခံရမှာ ကြောက်လို့ အကုန်သယ် ပြန်ကုန်ပြီ။ ကျောင်းတွေလည်း ပိတ်ထားတယ်၊ လမ်းပေါ် လူမရှိတော့ဘူး။ စစ်သားတွေကတော့ လမ်းလျှောက်ပြီး ပတ်နေတယ်။ စစ်တပ်က လက်နက်ကြီးတွေလည်း ပစ်နေတယ်” လို့ ပြောပါတယ်။

မိုးကုတ်မြို့နယ်မှာ စစ်ကောင်စီတပ်၊ TNLA နဲ့ KIA တပ်တို့ လှုပ်ရှားတဲ့နယ်မြေဖြစ်ပြီး ဘားဂါးကျေးရွာအနီး တိုက်ပွဲက ဘယ်အဖွဲ့နဲ့ဖြစ်တယ် ဆိုတာကိုတော့ အတည်မပြုနိုင်သေးသလို မိုးကုတ်-မန္တလေး ကားလမ်းပေါ်က ချောင်းကြီးတံတားလည်း ဇွန် ၂၅ ရက် မနက်က မိုင်းခွဲဖျက်ဆီးခံခဲ့ရတယ်လို့ ခရီးသွားတွေဆီက သိရပါတယ်။

ခရီးသွား အမျိုးသမီးတဦးက “ဒီမနက်က မိုင်း ၄ လုံး ကွဲထားတယ်တဲ့။ ခု တံတားက ကားသေးသွားလို့ ရတယ်၊ ပိတ်မိတာတော့ မရှိဘူး။ ကားကြီးသွားလို့ ကျွံကျသွားသေးတယ်။ ခု ကားသေးတွေတော့ သွားနေကြတယ်” လို့ ပြောပါတယ်။

ချောင်းကြီးတံတား ကျိုးနေတာကြောင့် ကားကြီးတွေ သွားမရသေးဘဲ မတ္တရာဘက်မှာလည်း တိုက်ပွဲဖြစ်နေတာကြောင့် လမ်းခရီး မသေချာတဲ့အတွက် ခရီးသည်တွေ ပိတ်မိနေတာတွေ ရှိတယ်လို့ သိရပါတယ်။

“သွားရဲတဲ့သူတွေတော့ သွားနေကြတယ်။ တခြားကားတွေလည်း အ​ခြေအနေ ငြိမ်တာကို ရပ်စောင့်နေကြတယ်။ မိုးကုတ်ဘက် ပြန်တက်လို့လည်း မရဘူး၊ မိုးကုတ်မှာလည်း တိုက်ပွဲဖြစ်နေတယ်။”

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်မှာလည်း ဇွန် ၂၅ ရက် မနက်ပိုင်းက တိုက်ပွဲဖြစ်ပွားနေပြီး ည ၇ နာရီမှ မနက် ၆ နာရီအတွင်း မန္တလေး-မိုးကုတ် ကားလမ်းနဲ့ မန္တလေး-မြစ်ကြီးနား ကားလမ်းမှာ ခရီးသွားလာခြင်းမပြုဖို့၊ ကားမှန်ချပြီး မောင်းနှင်ဖို့၊ စစ်တပ်ယာဥ်နဲ့ ဝေးဝေးနေဖို့၊ တိုက်ပွဲဖြစ်သံကြားပါက ဘေးကင်းရာမှာရပ်နေဖို့ ပြင်ဦးလွင်ခရိုင် ပကဖက သတိပေးစာ ထုတ်ပြန်ထားပါတယ်။

ချင်းပြည်နယ်၊ ကလေး-တီးတိန် ကားလမ်းမပေါ်မှာရှိတဲ့ သိုင်းငင်းရွာကို စစ်ကောင်စီက ရွာလုံးကျွတ်နီးပါး မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ‌CDF-Siyin အဖွဲ့ တာဝန်ရှိသူက ဇွန် ၂၅ ရက် ဒီနေ့မှာ DVB ကို ပြောပါတယ်။

အင်အား ၁၀၀ ဝန်းကျင်ပါတဲ့ စစ်ကောင်စီတပ်က ဇွန် ၁၆ ရက်က တီးတိန်မြို့ပေါ်ကနေ သိုင်းငင်းရွာဘက်ကို စစ်ကြောင်းထိုးခဲ့ပြီး ဇွန် ၂၀ ရက်က သိုင်းငင်းရွာအနီးမှာ ဒေသခံ ကာကွယ်ရေးတပ်တွေနဲ့ တိုက်‌ပွဲဖြစ်ပွားခဲ့တာပါ။

တိုက်ပွဲဖြစ်ပွားပြီးနောက် ဇွန် ၂၁ ရက်မှာတော့ အိမ်ခြေ ၃၅ အိမ်ရှိပြီး လူဦးရေ ၁၀၀ ဝန်းကျင်‌‌ နေထိုင်တဲ့ သိုင်းငင်းရွာက နေအိမ်တွေကို စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးခဲ့တာပါ။

CDF-CDM-Siyin တာဝန်ခံက “စကစ က သိုင်းငင်းစခန်းကို ပြန်သိမ်းတယ် ပြောကြတယ်။ အမှန်တကယ် ပြီးခဲ့တဲ့ ဇန်နဝါရီလက သိုင်းငင်း စကစ စခန်းကို ကျနော်တို့ သိမ်းပြီးကတည်းက သိုင်းငင်းမှာ ဘာစခန်းမှ မရှိပါဘူး။ လိုအပ်ရင် တခါတလေ ဂိတ်ထိုင်တာလောက်ပဲရှိတယ်။ စကစ စခန်းကိုလည်း ကျနော်တို့ သိမ်းပြီးတဲ့နောက် ဖျက်ဆီးပြီး ဒီတိုင်းထားခဲ့တာပါ။ အမှန်က တီးတိန်ကဆင်းလာတဲ့ စကစ စစ်ကြောင်း သိုင်းငင်းကိုရောက်လာပြီး ကျနော်တို့ရဲ့ မိုင်းကွင်းတွေ သိုင်းငင်းနားတဝိုက်မှာ မိတော့ သိုင်းငင်းရွာကို မီးရှို့ကြတာပဲရှိတယ်။ ကျန်တာ‌တော့ သုံးအိမ်လောက်ပဲ ကျန်ပါတယ်။ ဒေသခံတွေက တခြားရွာတွေမှာ ရှောင်နေကြတယ်” လို့ ပြောပါတယ်။

အဆိုပါ သိုင်းငင်းရွာ မီးရှို့ဖျက်ဆီးမှုနဲ့ပတ်သက်ပြီး စစ်ကောင်စီဘက်ကတော့ သတင်းထုတ်ပြန်ထားတာ မရှိသေးပါဘူး။

လက်ရှိ သိုင်းငင်းရွာမှာတော့ စစ်ကောင်စီတပ်တွေနဲ့ ချင်းဒေသ ကာကွယ်ရေးတပ်တွေကြား တိုက်ပွဲတွေ ဆက်ဖြစ်နေတယ်လို့ ဆိုပါတယ်။

စစ်ကောင်စီက သိုင်းငင်းရွာအနီးမှာ လက်ရှိစခန်းချနေတာကြောင့် ဒေသခံ ခရီးသွားတွေအနေနဲ့ ကလေး-သိုင်းငင်း-တီးတိန် လမ်းမကြီးကို အသုံးမပြုကြဖို့ CDF-CDM-SIYIN က သတိပေးထားပါတယ်။

သိုင်းငင်း စစ်ကောင်စီစခန်းကို ဇန်နဝါရီ ၁၆ ရက်မှာ ချင်းဒေသကာကွယ်ရေး ပူးပေါင်းတပ်က တိုက်ခိုက်သိမ်းပိုက်ခဲ့တာပါ။

သိုင်းငင်းကျေးရွာဟာ ချင်းပြည်နယ်တောင်ပိုင်းနဲ့ မြောက်ပိုင်းကို ဆက်သွယ်ထားတဲ့ ကလေး-တီးတန်-ဖလမ်း လမ်းမပေါ်မှာတည်ရှိပြီး ချင်းပြည်နယ်ရဲ့ ကုန်စည်ဆက်သွယ်‌ရေးနဲ့ မြန်မာ-အိန္ဒိယ နယ်စပ်ကုန်သွယ်ရေးမှာ အရေးပါတဲ့လမ်းမကြီးပေါ်မှာ တည်ရှိနေတာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013