အမေရိကန်နိုင်ငံတဝန်း နိုဝင်ဘာ ၃ ရက်က ကျင်းပခဲ့တဲ့ သက်တမ်းဝက် ရွေးကောက်ပွဲတွေမှာ ဒီမိုကရက်တစ်ပါတီက အထက်လွှတ်တော်နဲ့ အောက်လွှတ်တော် နှစ်ရပ်စလုံးမှာ ရီပတ်ဘလစ်ကန်ပါတီကို အနိုင်ရသွားပါတယ်။
ဒါကြောင့် သမ္မတ ဒေါ်နယ်ထရမ့်ပ်ရဲ့ ကျန်ရှိတဲ့ သမ္မတသက်တမ်း ၂ နှစ်မှာ ကွန်ဂရက်လွှတ်တော်ကို ဒီမိုကရက်တွေက ထိန်းချုပ်နိုင်တော့မှာ ဖြစ်ပါတယ်။
နိုဝင်ဘာ ၄ ရက် မြန်မာစံတော်ချိန် ညနေ ၃ နာရီဝန်းကျင်အထိ သိရတဲ့ ရွေးကောက်ပွဲရလဒ်တွေအရ အထက်လွှတ်တော်မှာ ဒီမိုကရက်တွေနဲ့ သူတို့ဘက်က ရပ်တည်တဲ့ တသီးပုဂ္ဂလအမတ် ၂ ယောက် အပါအဝင် ၅၄ နေရာ၊ ရီပတ်ဘလစ်ကန်တွေက ၄၄ နေရာ ရရှိထားပါတယ်။
ဒီတကြိမ်မှာ အထက်လွှတ်တော် ၃၅ နေရာကိုသာ ရွေးကောက်ခဲ့တာဖြစ်ပြီး စုစုပေါင်းပမာဏဟာ သက်တမ်းကျန်ရှိဆဲ အမတ်တွေပါ ပါဝင်ပါတယ်။
အောက်လွှတ်တော်မှာ ဒီမိုကရက်တွေက ၂၃၈ နေရာ၊ ရီပတ်ဘလစ်ကန်တွေက ၁၄၆ နေရာ ရရှိထားပြီး အများစုရဖို့ လိုအပ်တဲ့ ၂၁၈ နေရာကို ကျော်လွန်သွားပြီ ဖြစ်ပါတယ်။
ပြည်နယ်အုပ်ချုပ်ရေးမှူးနေရာ ၅၀ မှာလည်း ဒီမိုကရက်တွေက ၂၇ နေရာ၊ ရီပတ်ဘလစ်ကန်တွေက ၂၀ နေရာ ရရှိထားပြီး ကျန် ၃ နေရာကတော့ အဆုံးအဖြတ် မသိရသေးပါဘူး။
ပြည်နယ်အုပ်ချုပ်ရေးမှူးနေရာ ၅၀ ထဲကလည်း ၃၆ နေရာကိုသာ ဒီတကြိမ်မှာ ရွေးကောက်ခဲ့တာ ဖြစ်ပြီး စုစုပေါင်းပမာဏဟာ သက်တမ်းကျန်ရှိဆဲ အုပ်ချုပ်ရေးမှူးတွေပါ ထည့်တွက်ပြတာ ဖြစ်ပါတယ်။
ဒီမိုကရက်တွေဟာ တက္ကဆက်၊ အိုဟိုင်းယိုးနဲ့ ကန်ဆက်စ်တို့လို ရီပတ်ဘလစ်ကန်ပါတီ အားကောင်းတဲ့ ပြည်နယ်တွေမှာလည်း အထက်လွှတ်တော်အမတ်နေရာတွေ အနိုင်ရခဲ့ပါတယ်။
မစ်ရှီဂန်ပြည်နယ်မှာတော့ ဒီမိုကရက် ကိုယ်စားလှယ်လောင်း အဗ္ဗဒူလ် အယ်လ်ဆေယက်ဗ်က အနိုင်ရခဲ့ပြီး အမေရိကန်ရဲ့ ပထမဆုံး မွတ်စလင်အထက်လွှတ်တော်အမတ် ဖြစ်လာမှာပါ။
မဲဆန္ဒရှင်တွေဟာ လူနေမှုစရိတ် မြင့်တက်မှုနဲ့ အီရန်စစ်ပွဲအပေါ် မကျေမနပ် ဖြစ်နေကြတာက ရီပတ်ဘလစ်ကန်တွေရဲ့ ရှုံးနိမ့်မှုမှာ အဓိကအကြောင်းရင်းတွေ ဖြစ်တယ်လို့ သတင်းသုံးသပ်ချက်တွေက ဖော်ပြပါတယ်။
သမ္မတ ထရမ့်ပ် ကတော့ “ဒီမိုကရက်တွေ အလုပ်ကောင်းကောင်းလုပ်ခဲ့ကြတယ်” လို့ ပြောပြီး သူတို့ရဲ့ အနိုင်ရမှုကို အသိအမှတ်ပြုခဲ့ပါတယ်။
ထရမ့်ပ်က ရီပတ်ဘလစ်ကန်တွေရဲ့ ရှုံးနိမ့်မှုမှာ အီရန်စစ်ပွဲနဲ့ လောင်စာဆီဈေးနှုန်း မြင့်တက်မှုတွေကလည်း အကြောင်းရင်းတခု ဖြစ်ခဲ့တယ်လို့ ဝန်ခံခဲ့ပါတယ်။
ဒီမိုကရက်တွေဟာ ၂၀၂၇ ခုနှစ် ဇန်နဝါရီလကစပြီး ထရမ့်ပ်အစိုးရကို စုံစမ်းစစ်ဆေးနိုင်သလို ဥပဒေကြမ်းတွေနဲ့ ဘတ်ဂျက်ဆိုင်ရာ အဆိုပြုချက်တွေကိုလည်း တားဆီးနိုင်မှာ ဖြစ်ပါတယ်။











