DVB Logo
Home
မြန်မာသတင်း
ကာလိုင်အလယ်တန်းကျောင်းကို TNLA ချိတ်ပိတ်
DVB
·
June 24, 2024
ကာလိုင်အလယ်တန်းကျောင်းကို TNLA ချိတ်ပိတ်
1 / 2
Donate to DVB

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကွတ်ခိုင်မြို့နယ်၊ ကာလိုင်ကျေးရွာမှာ ဖွင့်လှစ်ထားတဲ့ အလယ်တန်းကျောင်းကို တအာင်းလွတ်မြောက်ရေးတပ်မတော် (TNLA) က ကျောင်းတွင်း ဆရာ၊ ဆရာမတွေကို နှင်ထုတ်ပြီး ကျောင်းကို ချိပ်ပိတ်လိုက်တယ်လို့ ဒေသခံတွေနဲ့နီးစပ်သူတွေက ပြောပါတယ်။

ဇွန် ၂၃ ရက် ည ၉ နာရီခွဲလောက်မှာ TNLA တပ်ဖွဲ့တွေဟာ အင်အားအလုံးအရင်းနဲ့ ကျောင်းကိုရောက်လာပြီး၊ ကျောင်းဝင်းထဲ ရှိနေတဲ့ ဆရာ၊ ဆရာမတွေကို နှင်ထုတ်ခဲ့သလို စာသင်ခန်းအား လုံးကိုလည်း သစ်သားပြားတွေနဲ့ ချိပ်ပိတ်ပေးလိုက်တာလို့ ဆိုပါတယ်။

ကာလိုင်ကျေးရွာဟာ ဦးတီခွန်မြတ်ရဲ့ရွာဖြစ်ပြီး အဆိုပါကျောင်းဟာ ကျေးရွာက ဖွင့်လှစ်ထားတဲ့ ကိုယ်ထူကိုယ်ထကျောင်းဖြစ်တယ်လို့ ကချင်လူမှုရေးမှာ ပါဝင်လှုပ်ရှားနေသူတဦးက ပြောပါတယ်။

“နဂိုကတည်းက  ကျောင်းက အစိုးရထောက်ပံ့မှု မရှိခဲ့ဖူးဘူး။ ရပ်မိရပ်ဖနဲ့ ကျောင်းကော်မတီက ကမကထလုပ်ပြီး ဝိုင်းဖွင့်ထားခဲ့တဲ့ကျောင်း ဖြစ်တယ်။”

အခုလို အင်အားသုံးပြီး ကျောင်းကို ချိပ်ပိတ်တာနဲ့ပတ်သက်လို့ TNLA ပြန်ကြားရေးဌာနကို မေးမြန်းခဲ့ပေမဲ့ တအာင်းပြည်ပညာရေးကော်မီတီ(TLEC) ကိုသာ မေးမြန်းဖို့ ပြောပါတယ်။

TLECကို မေးမြန်းရာမှာ‌တော့ အဆိုပါ ကျောင်းဖွင့်ဖို့ အာဏာပိုင်တွေကို ခွင့်ပြုချက် တောင်းခံထားဆဲဖြစ်ပြီး လက်ရှိအချိန်မှာလည်း လုံခြုံမှု အားမကောင်းတဲ့အတွက် မဖွင့်နိုင်သေးတာလို့  TLEC အခြေခံပညာဌာန ဒါရိုက်တာ မိုင်းတင်အောင်က ပြောပါတယ်။

“ကျနော်တို့က ကျောင်းဖွင့်မယ်ဆိုရင် ဒေသအုပ်ချုပ်ရေးအဖွဲ့တွေကိုပဲ ခွင့်တောင်းရတာပေါ့နော်။ အခုလည်း ကျနော်တို့ရဲ့ ထုတ်ပြန်ချက်ထဲမှာလည်း ပါပါတယ်။ တချို့ကျောင်းတွေ ကျနော်တို့က မဖွင့်နိုင်သေးဘူး။ မဖွင့်နိုင်တဲ့အနေအထားက ဘာကြောင့်လဲဆိုတော့ အခုနက တပ်စွဲထားတဲ့ကိစ္စလေးတွေ ရှိနေလို့ပေါ့နော်။ ထိုနည်းသူ ကာလိုင်ကျောင်းကလည်း အာဏာပိုင်တွေ အုပ်ချုပ်ရေးအဖွဲ့တွေကို ဖွင့်ဖို့အတွက် တောင်းဆိုထားတာရှိတယ်။ ဒါပေမဲ့ ဒီကျောင်းက လောလောဆယ် အဆင်မပြေမှုတွေရှိလို့ပေါ့နော်။ အဲဒါ ကျနော်တို့ ဖွင့်လို့မရတဲ့အ နေအထားရှိပါတယ်။”

ကာလိုင် အခြေခံပညာအလယ်တန်းကျောင်းဟာ ဆာယာရွာ၊ ကုန်ချမ်းရွာ၊ ပန်လောရွာ၊ ဟိုင်ဆိုင်ရွာ၊ လုံကိန်ရွာ၊ မန်မိုင်ရွာ၊ လွယ်ကန်ရွာ၊ ပန်ပြိန်းရွာ စတဲ့ အခြေခံ မူလတန်းကျောင်း ၈ ကျောင်းနဲ့ ပတ်လည်ဝန်းရံထားတဲ့ ကျောင်းဖြစ်ပြီး၊ မူလတန်းအဆင့် ပြီးစီးပါက ကာလိုင်ကျေးရွာ အလယ်တန်းကျောင်းကိုသာ ဆက်လက်ပညာသင်ကြားရမှာဖြစ်ပါတယ်။

ဒါပေမဲ့ အဆိုပါကျောင်း ဖွင့်နိုင်ရေး ညှိနှိုင်းဆွေးနွေးနေဆဲဖြစ်ပြီး မလိုလားအပ်တဲ့ ရှုပ်ထွေးမှုတချို့ ဖြစ်ပွားနေဆဲဖြစ်သလို ကွတ်ခိုင်မြို့ ရပ်ကွက် ၇ ရှိ မြို့မစု မူလတန်းကျောင်းမှာ KIA တပ်ဖွဲ့ဝင်တွေ ဝင်ရောက်တပ်စွဲနေကြောင်း ကျောင်းဖွင့်နိုင်ဖို့ KIA အဖွဲ့ကို ကျောင်းဧရိယာ ပြင်ပသို့ ရွှေ့ပြောင်းပေးဖို့ တောင်းဆိုထားကြောင်းလည်း TLEC က ထုတ်ပြန်ထားပါတယ်။

အလားတူ ကျောင်းသူကျောင်းသား ၅၀၀ ကျော် လက်ခံ သင်ကြားပေးနေတဲ့ ကွတ်ခိုင်မြို့ ရပ်ကွက် ၃ အခြေခံပညာအလယ်တန်းကျောင်းမှာလည်း ကိုးကန့်တပ်မတော် MNDAA က ဝင်ရောက် တပ်စွဲထားလို့ ကျောင်းဖွင့်လှစ်နိုင်ရေး MNDAA ထံ တင်ပြတောင်းဆိုထားကြောင်းလည်း ထုတ်ပြန်ထားပါတယ်။

TLEC ဟာ အခု ၂၀၂၄-၂၅ ပညာသင်နှစ်မှာ ကျောင်းပေါင်း ၅၅၀ ကို ဖွင့်လှစ်နိုင်ဖို့ ကြိုးစားနေပြီး ဇွန် ၁၀ ရက်အထိ ကျောင်းပေါင်း ၄၈၀ ကျော်ကို ဖွင့်ထားကာ ကျောင်းဆရာ၊ ဆရာမ ၂,၃၀၀ ကျော်နဲ့ လည်ပတ်နေတယ်လို့ မိုင်းတင်အောင်က ပြောပါတယ်။

မနေ့ညက ချိပ်ပိတ်ခံရတဲ့ ကာလိုင်ကျောင်းဟာ ပြီးခဲ့တဲ့ ဇွန် ၃ ရက်က အလားတူ အငြင်းပွားမှုတွေဖြစ်ခဲ့ပြီး TNLAက ကျောင်းကို ပိတ်ထားခဲ့ပေမဲ့ ကျောင်းသားမိဘတွေက ကျောင်းကို ပြန်လည်ဖွင့်လှစ်သင်ကြားနေခဲ့တာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013