DVB Logo
Home
ဆောင်းပါး
သူခိုးများနဲ့စုဖွဲ့ တိုက်တိုင်းရှုံး အော့ကြောလန် မင်းအောင်လှိုင်တပ်
DVB
·
June 24, 2024
သူခိုးများနဲ့စုဖွဲ့ တိုက်တိုင်းရှုံး အော့ကြောလန် မင်းအောင်လှိုင်တပ်
Donate to DVB

နိုင်ငံတနိုင်ငံ၏ စစ်တပ်က နိုင်ငံနှင့် ပြည်သူလူထုကို ကာကွယ်ရန်ဖြစ်သည်။ ထို့ကြောင့် ကမ္ဘာ့နိုင်ငံအများစုက နိုင်ငံနှင့် ပြည်သူလူထုအတွက် စစ်တပ်ထားရှိကြခြင်းဖြစ်သည်။ အမြဲတမ်း စစ်တပ်မရှိသည့်နိုင်ငံကို သသာထား၍ အမြဲတမ်းစစ်တပ်ရှိသော နိုင်ငံများ၌လည်း နိုင်ငံတော်၏ နိုင်ငံရေးကို အုပ်စီးထားသည့်စစ်တပ်နိုင်ငံရှိသလို အရပ်သားအစိုးရ၏အောက်တွင် စည်းကမ်းသေဝပ်စွာနေကြသည့် အရပ်သားအုပ်ချုပ်သည့် နိုင်ငံလည်းရှိသည်။ ဒါကို ကမ္ဘာ့နိုင်ငံအများအပြားနှင့် လူတိုင်းနီးပါး သိရှိကြလိမ့်မည်။

ကမ္ဘာ့နိုင်ငံအများအပြားမသိသေးသည့် စစ်တပ်အုပ်စီးပြီး ပြည်သူ့နေအိမ်များကို မီးတိုက်၊ ဥပဒေမဲ့ လူသတ်၊ လမ်းသွားလမ်းလာဆီက ငွေညှစ်၊ အဓမ္မ စစ်သားစု၊ မိဘမောင်ဖွား လင်ရှေ့ အိမ်ထောင်သည် ကလေးအမေနှင့် သားပျိုသမီးပျို မုဒိမ်းကျင့်၊ လူမျိုးရေးသွေးခွဲရန်တိုက်၊ ရဟန်းသံဃာသီတင်းသုံးသည့်ကျောင်းကို ဗုံးကြဲ၊ လက်နက်ကြီးနှင့် ပစ်ခတ်၊ သံဃာများကို ဖမ်းသတ်ပစ်သည်အထိ မကောင်းတာမှန်သမျှ မလုပ်ရဲတာ ဘာမှမရှိဆိုသည့် စစ်တပ်၊ ထိုစစ်တပ်သည် မြန်မာနိုင်ငံက စစ်တပ်ဖြစ်သည်။ ထိုစစ်တပ်အကြောင်းကို ကမ္ဘာ့နိုင်ငံ အချို့မသိကြသလို သိသည့်နိုင်ငံအချို့ကလည်း ရေငုံနှုတ်ပိတ်နေ ကြသည်။

အုပ်ချုပ်သူ စစ်တပ် တပ်ရင်းမှူးအချို့နှင့် အထက်အရာရှိကြီးများသည် အိမ်တလုံးထက်ပိုသည့် အိမ်ခြံများပိုင်ဆိုင်ကြပြီး အိမ်မရှိရာမရှိ စစ်တန်းလျားအပေါက်အပြဲနှင့်နေရသည့် အိမ်နှင့် ရာနှင့် မနေဘူးသည့် စစ်သားများက ပြည်သူများ အနှစ်နှစ်အလလစုဆောင်းရှာဖွေ ဆောက်လုပ်ထားသည့် ပြည်သူ့နေအိမ်များ၊ ချွေးနှဲစာဖြင့် စုပေါင်းလှူဒါန်းထားသည့် ဘာသာရေးအဆောက်အဦများကို အလွယ်တကူ မီးတိုက်ပစ်သည့် စစ်တပ်သည် မြန်မာစစ်တပ်ဖြစ်သည်။ ယနေ့အထိ မြန်မာပြည်တနံတလျားက စစ်တပ်မီးရှို့ပစ်သည့် နေအိမ်နှင့် ဘာသာရေးအဆောက်အဦပေါင်း ၈၈၀၀၀ ကျော်ရှိသည်ဟု  Data for Myanmar ၏ စစ်တမ်းအရ သိရသည်။

Data for Myanmar က ၂၀၂၄ ဧပြီလကုန်အထိ စုစည်းထားသည့် အချက်အလက်များအရ စစ်ကောင်စီနှင့် လက်အောက်အဖွဲ့အစည်းများ၏ မီးရှို့ဖျက်ဆီးမှုကြောင့် အာဏာသိမ်း ၃ နှစ်ကျော်ကာလအတွင်း ပြည်သူနေအိမ်ပေါင်း ၈၈,၃၇၃ လုံး ဆုံးရှုံးခဲ့ဟု သိရသည်။ 

ပြီးခဲ့သည့် ဧပြီလအတွင်း နေအိမ်ပေါင်း ၃,၉၆၀ လုံး မီးရှို့ဖျက်ဆီးခံရပြီး ထိုအထဲ  ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့က ၁၅၀၀ လုံး၊ မန္တလေးတိုင်းက ၁၂၂၀ လုံး၊ စစ်ကိုင်းတိုင်းက ၉၉၇ လုံးနှင့် မကွေးတိုင်းထဲက ၂၂၉ လုံးပါဝင် သည်ဟုဆိုသည်။

ဘူးသီးတောင်မြို့ပေါ်က နေအိမ်ပေါင်း ၂၀၀၀ မှ ၃၀၀၀ အတွင်း မီးရှို့ဖျက်ဆီးခံရသည်ဟု  ဒေသခံသတင်းရင်းမြစ်ကို ကိုးကားပြီး  Data for Myanmar  မှတ်တမ်းကဆိုသည်။

မြန်မာစစ်တပ်ထဲမှ စစ်သားများသည် ဘယ်သူနည်း၊ ဘယ်ကလာတာသနည်းဟု မေးပါက ပြည်သူလူထုထဲကလာတာပါဟုဆိုကြလိမ့်မည်။ ဘယ်လိုအတန်းအစားလဲဆိုရင်ဖြင့် ကလေကချေဟု  ဆိုရပေမည်။

ခိုးမှုဖြင့် ထောင်မကျချင်သဖြင့် လူရိုက်မှုကို တိမ်းရှောင်ချင်သဖြင့် မရိုးသားသည့်သဘောဖြင့် ညအချိန် အမှောင်ထဲတွင် ရဲနှင့် စစ်သားကတွေ့ပြီး  မယားခိုးမှုကြောင့် တိမ်းရှောင်ရင်း စစ်သားစုဆောင်းရေးက အလုပ်ခေါ်စာ မလိမ့်တပတ်အသုံးပြုပြီး ခေါ်ရာသွားမိသူများ သို့တည်းမဟုတ် သူခိုးဂျပိုးများကို စုဖွဲ့ထားသည့် စစ်တပ်သာဖြစ်သည်

ထိုစစ်သားများကိုမြှောက်ပင့် ရရာယူ၊ မကျေနပ်သူပစ်သတ်၊ ငါတို့ခိုင်းတာလုပ် ဆိုသည့် ဝါရင့်သူခိုးအကြပ်များကစေခိုင်းပြီး သူတို့ကို အထက်အရာရှိကြီးများက ရာထူးပေး ရတာယူဆိုသည့် အမိန့်နှင့် မြှောက်ပင့်ခိုင်းစေမှုကို မစဥ်းစားမဆင်ခြင်တတ်သူများကလုပ်၊ သံသရာလည်နေသည့် သူခိုးတပ်ဟု ဆိုကြသည်။

မျက်မြင်များ၏ ပြောပြချက်အရ တသက်လုံးက မစားဖူးသည့် အသားဟင်းစားရရန် ခိုင်းနွားများကို ပစ်သတ်စားကြသောက်ကြ တိုက်ပွဲဖြစ်စဥ်အနီး သို့မဟုတ် ပေါက်ကွဲမှု ဖြစ်စဉ်အပြီး အနီးအနားရှိ နေအိမ်နှင့် ဈေးဆိုင်များရှိ  တန်ဖိုးကြီးပစ္စည်းများရှိပါက ကုန်ပြီသာမှတ်ကြ၊ လက်စဖျောက်သည့်အနေဖြင့်  နေအိမ်၊ ဆိုင်နဲ့ တရွာလုံးပါမီးတင်ရှို့ကိစ္စတုံးလိုက်ကြတာလည်း စစ်တပ်ဖြစ်သည်။ ယခုကဲ့သလို ယုတ်မာကြမ်းတမ်း လူစိတ်ပျောက် သူခိုးဓာပြဖြစ်နေသည့် စစ်တပ်ကိုဖြိုချရန်  ပြည်သူတရပ်လုံးတော်လှန်နေသည့် စစ်ကိုင်း မကွေးလို နေရာမျိုးသာမက စစ်ပွဲမရှိသည့် မြို့ပြနေရာတွင်ပင်  အတင်းအကျပ် ပြန်ပေးဆွဲ  အဓမ္မလူသစ်စု၊ ခိုးမှု လုယက်မှုများ ကျူးလွန်နေသည့်စစ်တပ်ဖြစ်သည်။

တချိန်ကစစ်သားဖြစ်ဖူးပြီး ငယ်ငယ်ရွယ်ရွယ်ဖြင့် လုပ်သက် ၁၃ နှစ်ခန့် အသက် ၃၀ ကျော်နှင့် စစ်မှုထမ်းဆေးပင်စင်ရ စစ်တပ်ကို ကျောခိုင်းခဲ့သူတဦးက ”အောက်ခြေက မြှောက်ပေးရင် လုပ်တာပဲ။ အောက်ခြေဆိုတာ ဗိုလ်ကြီးအဆင့်ထိပါတယ်။ ခရစ်ယာန်ကျောင်းမီးရှို့မယ်ဆိုရင် မိစ္ဆာဒိဋ္ဌိတွေလို့ ဘာသာကို ဘာညာပြောပြီးမြှောက်ပေးတာ။ မူးရူးဆေးကွဲနေရင် ပိုဆိုးတာပေါ့။ ခိုင်းတဲ့အတိုင်းလုပ်တယ်။ စစ်တပ်က ခိုးမှုကျူးလွန်တာ ထမင်းစားရေသောက်ပဲ အရပ်ထဲ ခိုးမရလို့ လုမရရင် စစ်သားချင်းပြန်ခိုးကြသလို စစ်သင်တန်းကျောင်းတွေမှာလည်း သင်တန်းသားပစ္စည်းပျောက်တာ နည်းပြတွေ ခိုးတာပါပဲ” ဟု ပြောသည်။

ဒါ့အပြင် ရိက္ခာနှင့် ပတ်သက်ပြီး အဆင့်ဆင့်ခိုးပုံကို သူပြောပြသည်မှာ တပ်ရင်းက ရိက္ခာကို တပ်ရင်းတပ်ထောက်ကခိုးသည်၊ ထိုရိက္ခာကိုတပ်ခွဲလိုက် ပြန်ဖြန့်သောအခါ တပ်ခွဲရိက္ခာတာဝန်ခံက ခိုးသည်၊ တပ်ခွဲဆီသွားထုတ်သည့် တပ်စုတာဝန်ခံက တပ်စိတ်ရမည့် ခွဲတမ်းထဲက ခိုးသည်။ တပ်စိတ်တာဝန်ခံကလည်း သူ့အရာရှိအတွက်ဘတ်သည်။ ထိုကဲ့သို့ အဆင့်ဆင့် ခိုးသည်ကို လှောင်ပြောင်သည့် ပုံပြင်လိုလို ဟာသတခု စစ်သားများကြား ပြောစမှတ်ပြုသည်။

ထိုပုံပြင်ကတော့ တခါကတိုက်ပွဲတပွဲတွင် ထူးချွန်စွာတိုက်ပွဲဝင်ရင်း စစ်သည်တဦး ကျည်သင့်ပါသတဲ့။ သေအံ့မူးမူးအချိန်တွင် တပ်ရင်းမှူးက “ငါ့တပည့် မင်းတာဝန်ကျေပါတယ်။ မင်းကြောင့်ငါတို့ တရင်းလုံးသက်သာရာရတယ်။ မင်းဘာလိုချင်လဲ၊ ဘယ်သူနဲ့တွေ့ချင်လဲ”လို့ မေးသတဲ့။ စစ်သားကလည်း “ကျနော့်ကို စီကြူကြီးခေါ်ပေးပါ”ဟု အကြိမ်ကြိမ်ပြောသတဲ့။ စီကြူကြီးဆိုသည်မှာ ရိက္ခာကိုင်သည့် အရစ် ၃ ရစ်အပေါ်က ကြယ်တပွင့်နှင့် ရာထူးဖြစ်သည်။  တပ်ရင်းမှူးကလည်း “ငါ့တပည့်ငါက တပ်ရဲ့အကြီးဆုံးတပ်ရင်းမှူးလေမှာချင်တာ ပြောချင်တာ ငါ့ပြောခဲ့ပါ”ဟုဆိုသည်။  စစ်သားက “ဟင့်အင်းစီကြူကြီးပဲ ခေါ်ပေးပါ”ဟု ထပ်ကာဆိုပြန်သည်။ တပ်ရင်းမှူးက ပြောမရသည့်အဆုံး “စီကြူကြီးခေါ်လိုက်စမ်းကွာ” ဆိုတော့ စီကြူကြီးရောက်လာ တပ်မှူးကို သတင်းပို့သည်။

“ဒီမှာငါ့ရဲဘော်မင်းကိုတွေ့ချင်လို့ သူမှာတာတွေတိတိကျကျငါ့လည်း ပြန်ပြော၊ ရဲဘော်တွေအားလုံးလည်း ဖြန့်ဝေဒါပဲ”ဟုဆိုပြီး တပ်ရင်းမှူးက နေရာဖယ်ပေးသည့်အခါ စီကြူကြီးက သေခါနီးစစ်သားရှေ့အရောက် “ငါစီကြူရောက်ပါပြီကွာ”ဟု ဆိုတော့ သွေးပွက်ပွက်အံနေသည့် စစ်သားလေးက စီကြူကြီးမျက်နှာစေ့စေ့ကြည့်ပြီး “စီကြူသူခိုးကြီး” ဆိုပြီး အသက်ထွက်သွားသည်ဟု ဆိုသည်။

သူ ပြောပြသည့် ပုံပြင်အရ သူခိုးများ စုဖွဲ့ထားသည့် စစ်တပ် မြန်မာနိုင်ငံတွင် ရှိနေသရွေ့၊ မြန်မာပြည်ကို အုပ်ချုပ်ရန် ကြိုးစားနေသရွေ့ မိမိတို့ သားသမီး မြေးမြစ်များ အခိုးခံအလုခံရမည်ကို သတိချပ်စွာဖြင့် တော်လှန်ရေးကြီး အောင်မြင်ပါစေကြောင်း ဆုမွန်ကောင်း တောင်းပေးလိုက် ပါသည်။

နိုင်ငံတနိုင်ငံ၏စစ်တပ်သည် တိုင်းပြည်နှင့် ပြည်သူလူထုကို ကာကွယ်ရန် ဖြစ်သည်ဆိုသော်လည်း သန္ဓေမမှန် ဖက်ဆစ်အကြံနှင့် သူခိုးများ ပေါင်းစုမိသည့်အခါ မည်သို့ပင်ဆိုစေ ခေါင်းဆောင်ကအစ တနွယ်ငင်တစဉ်ပါ မြန်မာစစ်တပ်ဟာဖြင့် ခိုးနေလိမ့်မည်သာဖြစ်သည်ဟု ပြည်သူလူထုတရပ်လုံးက ယုံကြည်နေကြသည်။

ဒေးဗစ်ထန်း

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013