
ဒီတပတ်မှာ နွေဦးပြည်သူတို့အတွက် ကုလားမျက်စိပင် ဆေးဖက်ဝင်အကြောင်းကို လက်လှမ်းမီ ဆေးပညာမှ ရေးသားဖော်ပြသွားမှာ ဖြစ်ပါတယ်။
ကုလားမျက်စိပင်ကို သိပ္ပံလို Cardiospermum halicacabum လို့ခေါ်ပြီး the Balloon Vine, Balloon Vine, Heart's Pea, Love-in-a-puff လို့ ခေါ်ကြပါတယ်။ မြန်မာလို ကုလားမျက်စိပင်ကို နဂါးမှိုင်းဗျောက်ပင်လို့လည်း ခေါ်ကြပါတယ်။
ကုလားမျက်စိပင်မှာ beta-sitosterol, glucoside, an alkaloid, oxalic acid,amino acid, saponin, quebrachitol, erucic acid, oleic acid, eicosanoic acid, octanoic acid, n-hexadecanoic acid, tri terpenoid စတဲ့ ကျန်းမာရေးအကျိုးပြု ဓာတုဓာတ်ပေါင်းတွေ ပါဝင်ပြီး ဓာတ်တိုးဆန့်ကျင်ခြင်း၊ ရောင်ရမ်းမှုကို ဆန့်ကျင်ခြင်း၊ အကိုက်အခဲပျောက်ဆေး အာနိသင်ရှိခြင်း၊ ကိုယ်ခံအားကို မြှင့်တင်ပေးခြင်း၊ ပိုးသတ်ဆေးအာနိသင်ရှိခြင်း၊ ကပ်ပါးပိုးကို ဆန့်ကျင်ခြင်း၊ ဝမ်းပျက်ဝမ်းလျှောကို ဆန့်ကျင်ခြင်း၊ အဖျားကျစေခြင်း၊ အသက်ရှူလမ်းကြောင်း ကျန်းမာရေးကို မြှင့်တင်ပေးခြင်း၊ သွေးတွင်းသကြားဓာတ်ကို ထိန်းညှိပေးခြင်း၊ ဆီးရွှင်စေခြင်း၊ အာရုံကြောစနစ် ကျန်းမာရေးကို ကူညီပေးခြင်း၊ အဆိပ်ကို ပြေလျော့စေခြင်း၊ အနာကျက်ခြင်း၊ ဆံပင်ကျန်းမာရေးကို ထိန်းသိမ်းပေးခြင်း စတဲ့ အာနိသင်များ ရှိပါတယ်။
ဆေးဘက်ဆိုင်ရာမှာ ကုလားမျက်စိပင်ရဲ့ အရွက်၊ အမြစ်၊ အသီး၊ အစေ့ အပါအဝင် တပင်လုံးကို သုံးစွဲကြပါတယ်။
အစာအိမ်အက်ဆစ် ပြန်တက်ခြင်းနဲ့ အစာအိမ်ရောင်ခြင်းနဲ့ အစာအိမ်အနာများအတွက် ကုလားမျက်စိအစေ့မှုန့် ကော်ဖီ ၁ ဇွန်းကို ရေနွေးမှာ စိမ်ပြီး တနေ့ ၁-၂ ကြိမ် သောက်သုံးပေးနိုင်ပါတယ်။
အစာမကြေ ရင်ပြည့်ရင်ကယ်ခြင်းများမှာ အရွက်ခြောက်မှုန့် ကော်ဖီ ၂ ဇွန်းကို ပျားရည် ကော်ဖီ ၁ ဇွန်းနဲ့ တနေ့ ၁-၂ ကြိမ် သောက်ပေးနိုင်ပါတယ်။
ကုလားမျက်စိအသီးဟာ ဝမ်းနုတ်ဆေး အာနိသင်ရှိတာကြောင့် အသီးလတ်လတ်ဆတ်ဆတ် ဖျော်ရည် ဟင်းစားဇွန်း ၂ ဇွန်းကို ညအိပ်ချိန် ၁ ကြိမ် သောက်ပေးခြင်းဖြင့် ဝမ်းချုပ်ခြင်းကို သက်သာစေပါတယ်။
အဆစ်အမြစ်ရောင်ရောဂါနဲ့ ဂေါက်ရောဂါတို့အတွက် ကုလားမျက်စိအစေ့ပြုတ်ရည် တခါသောက် ရေနွေးကြမ်းပန်းကန်တဝက်ကို တနေ့ ၂ ကြိမ် သောက်သုံးပေးနိုင်ပါတယ်။ အဆစ်များ ရောင်ရမ်းနာကျင်ခြင်းအတွက် ကုလားမျက်စိပင် အမြစ်ကို ထုထောင်းပြီး လိမ်းပေးနိုင်ပါတယ်။
ချောင်းဆိုးခြင်း၊ ရင်ကြပ်ခြင်းနဲ့ အသက်ရှူလမ်းကြောင်းဆိုင်ရာ ပြဿနာများမှာ ကုလားမျက်စိပင် ပြုတ်ရည်ကျကျ ရေနွေးကြမ်းပန်းကန်တဝက်ကို ပျားရည် ကော်ဖီ ၁ ဇွန်းနဲ့ တနေ့ ၂-၃ ကြိမ် သောက်ပေးနိုင်ပါတယ်။
အမျိုးသားများမှာ ဝှေးစေ့ရောင်ရမ်းခြင်းအတွက် ကုလားမျက်စိပင်ပြုတ်ရည် တခါသောက် ရေနွေးကြမ်းပန်းကန်တဝက်ကို တနေ့ ၂ ကြိမ် သောက်ပေးနိုင်ပါတယ်။
ဝမ်းပျက်ဝမ်းလျှောခြင်း၊ ဝမ်းကိုက်ခြင်းတို့အတွက် ကုလားမျက်စိပင် အမြစ်ပြုတ်ရည်ကျကျ တခါသောက် ရေနွေးကြမ်းပန်းကန်တဝက်ကို နနွင်း ကော်ဖီဇွန်းဝက်ခန့် နဲ့ တနေ့ ၂-၃ ကြိမ် သောက်ပေးနိုင်ပါတယ်။
လိပ်ခေါင်းသွေးယိုခြင်းအတွက် ကုလားမျက်စိပင် အမြစ်ပြုတ်ရည် တခါသောက် ရေနွေးကြမ်းပန်းကန် တဝက်ကို တနေ့ ၂ ကြိမ် သောက်ပေးခြင်းဖြင့် သက်သာစေနိုင်ပါတယ်။
ဆီးနီ၊ ဆီးဝါ၊ ဆီးအောင့်ခြင်း စတဲ့ ဆီးနဲ့ကျောက်ကပ် ပြဿနာများနဲ့ ဖောရောင်ခြင်းများအတွက် အစေ့ပြုတ်ရည် တခါသောက် ရေနွေးကြမ်းပန်းကန် ၁ ခွက်ကို တနေ့ ၂-၃ ကြိမ် သောက်ပေးနိုင်ပါတယ်။ ကျောက်ကပ်ပြဿနာကြောင့် ခြေထောက်နဲ့ ခြေဖဝါး ဖောရောင်ခြင်းများမှာလည်း သောက်သုံးပေးနိုင်ပါတယ်။
ကုလားမျက်စိပင်ဟာ အဖျားကို လျှော့ချပေးတဲ့ အာနိသင်ရှိတာကြောင့် အဖျားတက်ခြင်း၊ ကိုယ်ပူခြင်းတွေမှာ အပင်ပြုတ်ရည်ကျကျ တခါသောက် ရေနွေးကြမ်းပန်းကန် တဝက်ကို တနေ့ ၂-၃ ကြိမ် သောက်ပေးနိုင်ပါတယ်။
အစေ့ကို နှမ်းဆီနဲ့ ပြုတ်ပြီး အဆစ်ရောင်ရောဂါမှာ လိမ်းဆေးအဖြစ် အသုံးပြုနိုင်သလို နားအူ၊ နားကိုက်ခြင်းနဲ့ နားရောဂါတွေမှာ နားတွင်း အစက်ချဆေးအဖြစ် အနည်းငယ်အပူပေးကာ အသုံးပြုနိုင်ပါတယ်။
မျက်စိနဲ့ပတ်သက်တဲ့ ရောဂါများမှာ ကုလားမျက်စိအရွက် လတ်လတ်ဆတ်ဆတ် သတ္တုရည်ကို မျက်စဉ်းခတ်ပေးနိုင်ပါတယ်။
အရေပြားပိုးဝင်ခြင်း၊ ထိခိုက်ရှနာများ၊ ပွန်းပဲ့နာများ၊ ပြည်တည်နာတွေ၊ ဒဏ်ရာတွေ၊ အရွက်ကို ထုထောင်းပြီး လိမ်းပေး၊ အုံပေးနိုင်ပါတယ်။
ကြွက်ကိုက်ခြင်းနဲ့ ပင့်ကူအဆိပ်သင့်ခြင်းတို့အတွက် ကုလားမျက်စိအသီးနဲ့ အမြစ်ကို ထုထောင်းပြီး နနွင်းနဲ့ ရောနယ်ကာ ဒဏ်ရာမှာ အုံပေးထားနိုင်ပါတယ်။
ကုလားမျက်စိပင် တပင်လုံးကို အုန်းဆီနဲ့ပြုတ်ပြီး အအေးခံကာ ဦးရေပြားမှာ လိမ်းပေးခြင်းဖြင့် ဗောက်နဲ့ ဆံပင်ကျွတ်ခြင်းကို သက်သာစေပြီး ဆံပင်ကျန်းမာရေးကို ကောင်းမွန်စေပါတယ်။
ကုလားမျက်စိပင်ကို လက်ဖက်ခြောက်ပြုလုပ်ပြီး ရေနွေးကြမ်းအဖြစ် ပုံမှန်သောက်သုံးခြင်းက ကိုယ်ခံစွမ်းအားကို တိုးတက်စေပြီး ရောင်ရမ်းမှုကို တိုက်ဖျက်ပေးခြင်း၊ အသက်ရှူလမ်းကြောင်း ကျန်းမာရေးကို မြှင့်တင်ပေးခြင်း၊ ဆီးချို၊ သွေးတိုး၊ နှလုံး စတဲ့ နာတာရှည်ရောဂါများ ဖြစ်ပွားနိုင်ခြေကို လျော့ပါးစေခြင်း၊ အာရုံကြောကျန်းမာရေးကို တိုးတက်စေခြင်း စတဲ့ ကျန်းမာရေးအကျိုးကျေးဇူးများ ရရှိစေနိုင်ပါတယ်။
ကုလားမျက်စိ(နဂါးမှိုင်းဗျောက်) ပင်ကို အသင့်အတင့် သုံးစွဲခြင်းက ထူးခြားတဲ့ ဘေးထွက်ဆိုးကျိုး မရှိပေမဲ့ အလွန်အကျွံ သုံးစွဲခြင်းကြောင့် အစာလမ်းကြောင်း မအီမသာဖြစ်ခြင်း၊ ပျို့အန်ခြင်း၊ ဝမ်းပျော့ခြင်းတို့ကို ဖြစ်စေနိုင်ပါတယ်။ ကုလားမျက်စိပင်ပွင့်နဲ့ ဓာတ်မတည့်သူများ ကုလားမျက်စိပင်ထွက် ပစ္စည်းများကို ရှောင်ကြဥ်ပါ။
နွေဦးပြည်သူများ ကုလားမျက်စိ (နဂါးမှိုင်းဗျောက်) ပင်ရဲ့ ကျန်းမာရေးဆိုင်ရာ အကျိုးကျေးဇူးများကို သိရှိပြီး လိုအပ်သလို ရယူသုံးစွဲနိုင်ဖို့ ရေးသားဖော်ပြလိုက်ပါတယ်။










