DVB Logo
Home
မြန်မာသတင်း
နမ့်ခမ်း အမှတ် ၂ ဈေးကို ‌ဆိုင်ရှင်များ၏ သဘောတူညီမှုမရရှိသေးဘဲ TNLA က ဆိုင်ခန်းဖျက်
DVB
·
June 24, 2024
နမ့်ခမ်း အမှတ် ၂ ဈေးကို ‌ဆိုင်ရှင်များ၏ သဘောတူညီမှုမရရှိသေးဘဲ TNLA က ဆိုင်ခန်းဖျက်
1 / 3
Donate to DVB

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ့်ခမ်းမြို့၊ အောင်မေတ္တာရပ်ကွက်ရှိ အမှတ် ၂ ဈေးကို တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် ( TNLA ) တပ်ဖွဲ့ဝင်တွေက ဆိုင်ရှင်တွေရဲ့ သဘောတူညီမှုမရရှိဘဲ ဆိုင်ခန်းတွေဖျက်နေတယ်လို့ ဆိုင်ရှင်တွေနဲ့ ဒေသခံတွေဆီက သိရပါတယ်။

ဈေးရောင်းနေတဲ့ ဆိုင်ခန်းပိုင်ရှင်တဦးက"ဆိုင်ခန်းတွေ ဖျက်နေပြီ။ ဘာမှ လာပြောတာ မရှိဘူး။ ဒီနေ့တော့ ဆိုင်ခင်းထားပြီ ဆိုတော့ မသိမ်းတော့ဘူးလေ။ မနက်ဖြန်တော့ ဆိုင် ပြောင်းရတော့မယ်" လို့ ပြောပါတယ်။

ဆိုင်ခန်းလာဖျက်မယ့် အကြောင်းလည်း ဆိုင်ရှင်တွေကို အသိပေးအကြောင်းကြားတာမျိုး မရှိသလို နစ်နာကြေး ပြန်လျော်ပေးမယ့် ကိစ္စလည်း ဆိုင်ရှင်တွေကို ဘာမှ ပြောတာမျိုး မရှိဘူးလို့ ဆိုင်ခန်းပိုင်ရှင်က ပြောပါတယ်။

ဒေသခံ အမျိုးသားတဦးက "အမှတ် ၂ ဈေးက အောင်မေတ္တာရပ်ကွက်မှာ။ ဆိုင်ခန်းတွေက ခု ဇွန်လ ၁၈ ရက်နေ့က စဖျက်နေပြီ။ နစ်နာကြေးနဲ့ ပတ်သက်ပြီး ဘာမှပြောသံမကြားဘူး။ ဆိုင်ခန်းအသစ် ဆောက်ပြီးရင်လည်း အခုပိုင်ရှင်တွေ ပြန်ရဖို့ မသေချာဘူး။ ပြန်ဝယ်ယူရမှာပါ" လို့ ပြောပါတယ်။

ဒေသခံ ဆိုင်ပိုင်ရှင်တွေက ကိုယ့်ဆိုင်ခန်းနေရာကို ကိုယ်ပြန်လိုချင်ပေမဲ့ ဆိုင်ရှင်တွေအတွက် လျော်ကြေးနဲ့ပတ်သက်ပြီး ဘာမှ မပြောဘူး လို့ဆိုပါတယ်။

ဒေသခံ အမျိုးသမီးတဦးက "မင်္ဂလာ မူဆယ်လို ဆောက်မယ်လို့ ကြားတယ်။ ‘ဝ’ ဘက်က တရုတ်တွေနဲ့ လောက်ကိုင်ဘက်က တရုတ်တွေလာမှာလို့ ပြောတယ်။ တရုတ် ယွမ် ၁၆ သန်း သုံးမယ်၊ ဈေးက နှစ်ထပ်တိုက်လို့ ပြောတယ်။ ပထမဆုံး ယွမ် ၁၀ သန်းကို သွင်းရမယ်၊ ပြီးမှ ယွမ် ၆ သန်း ထပ်သွင်း ရမယ်တဲ့။ တရုတ်တွေက TNLA ကို ပေးရမှာပေါ့" လို့ ပြောပါတယ်။

အခု ဇွန် ၁၃ ရက်က ဒေသခံ‌တွေနဲ့ တွေ့ဆုံ အစည်းဝေးလုပ်ခဲ့ပေမဲ့ တိကျတဲ့အဖြေမရခဲ့သလို လျော်ကြေးပေးမဲ့ကိစ္စတွေလည်း မပြောဘဲ TNLA ဘက်က လုပ်မယ့် စီမံကိန်းကိုပဲ ပြောပြသွားကာ ဈေးသစ်ဆောက်ပြီးသွားရင်လည်း ပြန်ဝယ်ယူရမယ်လို့ ပြောသွားတယ်လို့ ဆိုပါတယ်။

အခု ဇွန်လကုန်ရင် အစည်းဝေး ထပ်ခေါ်ထားတုန်းပဲ ရှိသေးပြီး တိတိကျကျ ဆွေးနွေး သဘောတူထားတာ မရှိသေးဘဲ ဈေးတန်း‌တွေကို လာဖျက်နေတာ၊ ဈေးအသစ် ဆောက်လုပ်ပြီးရင် နဂိုနေရာကို နဂိုပိုင်ရှင်တွေ ပြန်ရမှာ မဟုတ်ဘဲ တရုတ်ငွေနဲ့ ပြန်လည်ဝယ်ယူရမယ်လို့ သိရကြောင်းဒေသခံတွေက ပြောပါတယ်။

ဈေးဖျက်မယ့်ကိစ္စနဲ့ ပတ်သက်ပြီး TNLA ဘက်ကိုတော့ ဆက်သွယ်မေးမြန်းနိုင်ခြင်း မရှိသေးပါဘူး။

အဲဒီဈေးကို အရင် အရပ်သားအစိုးရလက်ထက်တုန်းကလည်း တရုတ်နိုင်ငံရဲ့ စီမံကိန်းနဲ့ တရုတ်ဈေးသစ်ကြီး တည်ဆောက်ဖို့ စီစဉ်ခဲ့ပေမဲ့ ဒေသခံ‌တွေ ကန့်ကွက်ခဲ့လို့ အောင်မြင်မှု မရှိခဲ့ကြောင်း ရှမ်းပြည်နယ်အခြေစိုက် သျှမ်းသံတော်ဆင့်သတင်းဌာနက ဇွန် ၁၈ ရက် သတင်းမှာ ဖော်ပြထားပါတယ်။

နမ့်ခမ်းမြို့ကိုတော့ ၁၀၂၇ စစ်ဆင်ရေးကာလ ပြီးခဲ့တဲ့ ၂၀၂၃ ဒီဇင်ဘာကလ TNLA က သိမ်းပိုက် ထိန်းချုပ်ထားတာဖြစ်ပြီး လက်ရှိ နမ့်ခမ်းမြို့ကို TNLA က အုပ်ချုပ်နေတာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013