
ရှမ်းပြည်နယ်မြောက်ပိုင်းက ပဋိပက္ခတွေနဲ့ပတ်သက်ပြီး တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA)နဲ့ ကိုးကန့်တပ် (MNDAA) တို့ ဆွေးနွေးမှုရလဒ် မထွက်တာကြောင့် မတ် ၁၈ ရက် ဒီနေ့မှာ ရက်ထပ်တိုးဆွေးနွေးမယ်လို့ လောက်ကိုင်မှာရှိနေတဲ့ MNDAA စစ်ဘက်ဆိုင်ရာ သတင်းအရင်းအမြစ်ဆီက သိရပါတယ်။
MNDAA ထိန်းချုပ် လောက်ကိုင်မြို့မှာ မတ် ၁၇ ရက် မနက်ပိုင်းကစပြီး TNLA နဲ့ MNDAA တို့ တွေ့ဆုံဆွေးနွေးနေကြပေမဲ့ နှစ်ဖက်တပ်တွေ ပြေလည်မှုမရတာကြောင့် မတ် ၁၈ ရက်မှာ ထပ်ဆွေးနွေးကြမှာ ဖြစ်တယ်လို့ သိရပါတယ်။
MNDAA စစ်ဘက်ဆိုင်ရာ သတင်းအရင်းအမြစ်က “မနေ့က ရလဒ်ထွက်မလာဘူး။ ဒီနေ့ ထပ်ဆွေးနွေးကြမယ်။ ဘာလို့ ရလဒ်မထွက်လာသေးဘူးလဲဆိုရင် ကျနော်တို့ဘက်က လူကြီးတွေ အကုန်လုံးနဲ့ မတွေ့ရသေးတာလည်း ပါတယ်။ မနေ့ကတွေ့တော့ MNDAA ဘက်ကလည်း ထိပ်ပိုင်းခေါင်းဆောင်တွေတော့ ပါတယ်။ ဒါပေမဲ့ ဒီနေ့မှာ TNLA ဘက်က ဥက္ကဋ္ဌ ဖုန်တာရွှင်နဲ့ ထပ်တွေ့ဖို့ရှိမယ်” လို့ DVB ကို ပြောပါတယ်။
နှစ်ဖက်တပ်တွေ အပစ်ရပ်လိုက်ပြီးနောက် TNLA ဘက်က ဒုဥက္ကဋ္ဌ ၂ ဗိုလ်ချုပ် တားခူးလန်းနဲ့အဖွဲ့ လာရောက်တာဖြစ်ပြီး ဘာတွေဆွေးနွေးကြတယ် ဆိုတာကိုတော့ အသေးစိတ် မသိရသေးသလို ဆွေးနွေးပွဲပြီးမှ သိရမယ်လို့ ဆိုပါတယ်။
အဲဒီဆွေးနွေးပွဲကို TNLA ထိပ်တန်းခေါင်းဆောင်တွေဖြစ်ကြတဲ့ ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး တားအိုက်ဘုန်း၊ ဒုဥက္ကဋ္ဌ ၁ ဒုတိယဗိုလ်ချုပ်ကြီး တားဂျုတ်ဂျား၊ အထွေထွေအတွင်းရေးမှူး ဗိုလ်ချုပ်တားဘုန်းကျော်၊ စစ်ဦးစီးချုပ် ဗိုလ်ချုပ် တားဟိုပလန်တို့ မတက်ဘူးလို့ သိရပါတယ်။
TNLA စစ်ဘက်ဆိုင်ရာ သတင်းအရင်းအမြစ်ကလည်း အဲဒီသတင်းကို DVB ကို အတည်ပြုတယ် ဆိုပေမဲ့ ပြောရေးဆိုခွင့်ရှိသူ လွေးယေဦးကတော့ မေးမြန်းမှုကို အကြောင်းမပြန်ပါဘူး။
အဲဒီလို နှစ်ဖက်တပ်တွေ တွေ့ဆုံဆွေးနွေးတာဟာ တရုတ်ရဲ့ ကြားဝင်စေ့စပ်မှုမပါဘဲ တွေ့ဆုံကြတာလို့လည်း ဆိုပါတယ်။
MNDAA ဟာ ကွတ်ခိုင်မြို့ကို တိုက်ခိုက်သိမ်းယူလိုက်တာကြောင့် TNLA တပ်တွေက နမ့်ဖတ်ကာ၊ မူဆယ်၊ ကွတ်ခိုင်မြို့တွေကနေ ဆုတ်ခွာပေးလိုက်ရတာဖြစ်ပြီး လက်ရှိမှာ ပစ်ခတ်မှုတွေ ရှိမနေတော့ဘူးလို့ သိရပါတယ်။
ညီနောင်မဟာမိတ်တပ်တွေအကြား စစ်ရေးနဲ့ဖြေရှင်းတာမလုပ်ဘဲ ညှိနှိုင်းဖြေရှင်းကြဖို့နဲ့ ဘုံရန်သူ စစ်ကောင်စီကိုသာ စည်းစည်းလုံးလုံး တိုက်ခိုက်ကြဖို့ တော်လှန်ရေးအင်အားစုတွေက တိုက်တွန်းထားပါတယ်။










