DVB Logo
Home
မြန်မာသတင်း
မြင်းခြံတွင် စစ်တပ် ပစ်ခတ်သဖြင့် ရဟန်း ၁ ပါး ပျံလွန်၊ အင်းတော်တွင် ဗုံးကြဲသဖြင့် ရဟန်း ၁ ပါး အပါအဝင် ၇ ဦး သေဆုံး
DVB
·
June 23, 2024
မြင်းခြံတွင် စစ်တပ် ပစ်ခတ်သဖြင့် ရဟန်း ၁ ပါး ပျံလွန်၊ အင်းတော်တွင် ဗုံးကြဲသဖြင့် ရဟန်း ၁ ပါး အပါအဝင် ၇ ဦး သေဆုံး
Donate to DVB

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်မှာ စစ်ကောင်စီက ပစ်ခတ်လို့ လူနာပို့ပြီးပြန်လာတဲ့ ဆရာတော်တပါး ပျံလွန်တော်မူပြီး စစ်ကိုင်းတိုင်း၊ အင်းတော်မြို့နယ်မှာလည်း စစ်ကောင်စီတပ်က လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ ရဟန်း ၁ ပါးနဲ့ ကလေးငယ် ၁ ယောက် အပါအဝင် ဒေသခံ ၇ ယောက် သေဆုံးခဲ့ပါတယ်။

ဇွန် ၂၂ ရက်နေ့ ည ၉ နာရီခွဲအချိန်မှာ မြင်းခြံမြို့ပေါ်ကနေ ပုညကာရီ ပရဟိတအသင်းကားနဲ့ လူနာပို့ပြီးအပြန် ဆမခ ကျေးရွာအနီးမှာ စစ်ကောင်စီတပ် ကင်းပုန်းနဲ့တွေ့ပြီး ပစ်ခတ်ခံခဲ့ရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ပျံလွန်တော်မူသွားတဲ့ ဆရာတော် ဦးဥတ္တမဟာ သက်တော် ၅၀၊ သိက္ခာတော် ၁၂ ဝါ ရှိပြီး ဆမခကျေးရွာဘုန်းကြီးကျောင်းက ခန်းနေဆရာတော်လို့ သိရပါတယ်။

ဆမခကျေးရွာ ဆရာတော်ကို မြင်းခြံအခြေစိုက် Myingyan Black Tiger အဖွဲ့က သတ်ဖြတ်တာလို့ စစ်ကောင်စီ လော်ဘီ တယ်လီဂရမ်ချန်နယ်တွေက သတင်းဖြန့်ဝေနေပါတယ်။

Myingyan Black Tiger-MBT တပ်ဖွဲ့ခေါင်းဆောင် ဗိုလ်မိုက်ခဲက “သက်သက်ကို ဝါဒဖြန့်တဲ့ အနေအထားပေါ့၊ သူတို့မှာ တိုက်စရာ ဗျူဟာမရှိတော့လို့ ဒီဗျူဟာပဲ သုံးနေသလားပေါ့။ သေချာတာကတော့ သံဃာတော်နဲ့ တော်လှန်ရေးသမားတွေကို စတင်ပြီး သွေးခွဲတဲ့ ဗျူဟာ သုံးနေပြီလို့ ယူဆရပါတယ်။ MBT တပ်ဖွဲ့ဟာ စစ်အာဏာရှင်စနစ် အမြစ်ပြတ်ရေးအတွက်သာ တိုက်ပွဲဝင်နေတာဖြစ်ပြီး ရဟန်းရှင်လူ မိဘပြည်သူတွေဘက်ကို ဘယ်တုန်းကမှ သေနတ်ပြောင်းဝ မလှည့်ခဲ့သလို MOD အောက်က တရားဝင်တပ်ရင်း ဖြစ်တာကြောင့် စစ်အုပ်စုလော်ဘီတွေ တင်သလို ကျနော်တို့အဖွဲ့က ပြုလုပ်ခဲ့တာမဟုတ်ပါဘူး”လို့ ပြောပါတယ်။

ဆရာတော် ပစ်ခတ်ခံရတဲ့ ဆမခ ကျေးရွာဟာ ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ အလှမ်းဝေးပြီး စစ်ရေးလှုပ်ရှားမှုမရှိတဲ့နေရာ ဖြစ်တယ်လို့ မြင်းခြံဒေသခံတွေက ပြောပါတယ်။

နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဝင် ပဲခူးမြို့၊ ဝင်းနိမ္မိတာရုံကျောင်းတိုက်ဆရာတော် အရှင်မုနိန္ဒာဘိဝံသကိုလည်း မန္တလေးတိုင်း၊ တံတားဦးခရိုင်၊ ငါန်းဇွန်မြို့နယ်ထဲမှာ ဇွန် ၁၉ ရက်နေ့က စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ပစ်ခတ်လို့ ပျံလွန်တော်မူခဲ့ပြီး PDF တွေ ပစ်ခတ်လို့ သေဆုံးတာလို့ အဲဒီနေ့ညပိုင်းမှာပဲ စစ်ကောင်စီက လိမ်လည်ကြေညာခဲ့ပါသေးတယ်။

စစ်ကိုင်းတိုင်း၊ ကသာခရိုင်၊ အင်းတော်မြို့နယ်မှာ ဇွန် ၂၂ ညပိုင်းက စစ်ကောင်စီတပ်က လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ ရဟန်း ၁ ပါးနဲ့ ကလေးငယ် ၁ ယောက် အပါအဝင် ဒေသခံ ၇ ယောက် သေဆုံးခဲ့ပါတယ်။

ဒေသခံတယောက်က “ည ၁၂ နာရီလောက်မှာ စစ်တပ်က လေယာဉ်နဲ့ဗုံးကြဲတာ။ နန့်သာကျေးရွာက ဘုန်းတော်ကြီးကျောင်းပေါ်ကျတယ်။ အရပ်သားသေဆုံးမှုတွေ ရှိတယ်။ ထိခိုက် ဒဏ်ရာရသူတွေလည်းရှိတယ်” လို့ ပြောပါတယ်။

စစ်ရှုံးနေတဲ့ စစ်ကောင်စီတပ်ဟာ နန့်သာကျေးရွာ ဘုန်းတော်ကြီးကျောင်းအတွင်း အရပ်သားပြည်သူတွေကို ဖမ်းဆီးထားခဲ့ပြီးနောက် တံတားဦးလေဆိပ်က တက်လာတဲ့ တိုက်လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်လို့ ရဟန်း ၁ ပါး၊ ကလေးငယ် ၁ ယောက်အပါအဝင် အရပ်သား ၇ ယောက် သေဆုံးခဲ့တယ်လို့ Northern ABSDF က ထုတ်ပြန်ထားပါတယ်။

ပြည်သူ ၁၅ ယောက်လည်း ထိခိုက်ဒဏ်ရာရခဲ့ပြီး စစ်အာဏာရူးတွေကို ပြတ်ပြတ်သားသား ချေမှုန်းသွားမယ်လို့လည်း ဆိုပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013