DVB Logo
Home
မြန်မာသတင်း
အမ်းတွင် လေယာဉ်ဖြင့်ဗုံးကြဲမှုကြောင့် ပြည်သူ ၃ ဦးသေဆုံး၊ စစ်တွေ၌ စစ်ဘေးရှောင် ၂ ဦးကို  စစ်တပ်က ပစ်သတ်
DVB
·
June 21, 2024
အမ်းတွင် လေယာဉ်ဖြင့်ဗုံးကြဲမှုကြောင့် ပြည်သူ ၃ ဦးသေဆုံး၊ စစ်တွေ၌ စစ်ဘေးရှောင် ၂ ဦးကို  စစ်တပ်က ပစ်သတ်
1 / 4
Donate to DVB

ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်၊ သဲကမ်းထောင့်ကျေးရွာကို စစ်ကောင်စီက ဇွန် ၂၀ ရက်မှာ လေကြောင်းကနေ ထပ်မံတိုက်ခိုက်ခဲ့ပြီး ကလေး ၂ ဦးအပါဝင် ကျေးရွာသား ၃ ဦးသေဆုံးခဲ့ကာ နောက်ထပ် ကျေးရွာသား ၂ ဦးလည်း ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သဲကမ်းထောင့်ကျေးရွာကို စစ်ကောင်စီတပ်က ဂျက်တိုက်လေယာဉ်ဟာ ဇွန် ၂၀ ရက်  မွန်းလွဲ ၁ နာရီလောက်မှာ  ဗုံး ၂ လုံးကြဲသွားခဲ့လို့ ကလေးငယ်တွေ သေဆုံးခဲ့တာလို့ အမ်းဒေသခံက ပြောပါတယ်။

"သဲကမ်းထောင်ကို နေ့လယ် ၁ နာရီလောက်မှာ စစ်တပ်ဂျက်လေယာဥ်တစ်စီးက Rocket ဗုံး ၂ လုံးကို ရွာထဲမှာ ကြဲချသွားတာဖြစ်တယ်။ သေဆုံးမှုကတော့ အသက်မပြည့်သေးတဲ့ ၂ ဦးနဲ့ လူငယ်လေး တဦးနေရာမှာတင် ဆုံးသွားတာဖြစ်တယ်။ သူတို့အားလုံးက မောင်နှမတွေဖြစ်ကြပြီး အိမ်ထဲမှာ ရှိနေရှိမှာ ဗုံးလာကျဖြစ်တယ်။ နောက်ထပ် လူကြီးပိုင်း ၂ ဦးလည်း ပြင်းထန်စွာ ဒဏ်ရာရသွားတယ်။ စစ်ကောင်စီရဲ့ စစ်ပွဲနဲ့ မသက်ဆိုင်တဲ့ အရပ်သားတွေကို သတ်ဖြတ်မှုဟာ တရက်ထက်တရက် ရက်စက်ကြမ်းကြုတ်လာတယ်။”

စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးသွားသူတွေဟာ မောင်နေမိုးထက်(၄နှစ်)၊ မမေဇင်အေး(၁၇နှစ်)နဲ့ ကိုသန်းဝင်းနိုင်(၂၅နှစ်) တို့ဖြစ်ကြပြီး ဒဏ်ရာရရှိသွားသူတွေကတော့ ဦးမောင်ပု(၄၅နှစ်)နဲ့ ဒေါ်မယဉ်အေး (၆၈ နှစ်) တို့ဖြစ်ကြပါတယ်။

ဒါအပြင် ဇွန် ၂၀ ရက်က အမ်းမြို့နယ် ဆင်ဦးတိုက်ကျေးရွာ ဘုန်းတော်ကြီးကျောင်းနဲ့ ကဇုကိုင်းကျေးရွာ အတွင်းကိုလည်း လေကြောင်းကနေ ၂ ကြိမ်တိုက်ခိုက်ခဲ့ပြီးအရပ်သား ထိခိုက်မှုတော့ မရှိခဲ့ပါဘူး။

ရခိုင်ပြည်နယ်မှာ စစ်ကောင်စီက ဇွန် ၁၈ ရက်မှ ၂၀ ရက်အတွင်း လေကြောင်းတိုက်ခိုက်မှု ၉ ကြိမ်အထိ ပြုလုပ်ခဲ့တာဖြစ်ပြီး အရပ်သား ထိခိုက်သေဆုံးမှုဟာလည်း ၈ ဦးထက်မနည်းရှိခဲ့ကာ ဒဏ်ရာရရှိသူ ၁၅ ဦးထက်မနည်းရှိခဲ့ပါတယ်။

ရခိုင်ပြည်နယ်အတွင်းက အရပ်သားတွေကို ပစ်မှတ်ထားပြီး လာတိုက်ခိုက်နေတာကြောင့် အရပ်သားတွေရဲ့ အသက်ဘေးကင်းလုံခြုံမှုမှာ လုံးဝမရှိဘူးလို့ တောင်ကုတ်ဒေသခံက ပြောပါတယ်။

"လက်ရှိ ရခိုင်ပြည်နယ်မှာ နေထိုင်ကြတဲ့ ပြည်သူတွေရဲ့ အသက်အိုးအိမ်က လုံးဝကို လုံခြုံမှုမရှိဘူး။ စစ်ကောင်စီက သူတို့ရဲ့ အရှုံးတွေကို လက်စားချေတဲ့ အနေနဲ့ ရခိုင်ပြည်သူတွေကို သတ်ဖြတ်လာတာလို့ ပြောလို့ရတယ်။ ရခိုင်မှာ ဒီရက်ပိုင်း ၃ ရက်အတွင်းမှာတောင် မြို့နယ် ၄ ခုမှာ စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သား ၈ ဦးထက်မနည်း သေဆုံးပြီးတော့ ၁၅ ထက်မနည်း ဒဏ်ရာရသွားတာကို ကြည့်ခြင်းဖြင့် စစ်ကောင်စီက ရခိုင်ပြည်သူတွေကို ပစ်မှတ်ထားပြီး သတ်ဖြတ်နေတယ်ဆိုတာကို ထင်ရှာစေတယ်။”

စစ်တွေမြို့နယ်မှာလည်း ဇွန် ၁၉ ရက်မနက်က စစ်ဘေးရှောင်ဖို့ ထွက်ပြေးလာတဲ့ ပြည်သူတွေကို စစ်ကောင်စီရဲ့ ရေတပ်က သေနတ်နဲ့ ပစ်ခတ်ခဲ့လို့ ၂ ယောက်သေဆုံးကာ ၂ ယောက်ဖမ်းဆီးခံခဲ့ရတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

စစ်တွေမြို့နယ် အမြင့်ကျွန်းကျေးရွာကနေ ဇွန် ၁၉ ရက် မနက်ပိုင်းမှာ စစ်ဘေးရှောင်ဖို့ စက်လှေနဲ့ ထွက်ပြေးလာတဲ့ ပြည်သူ ၁၁ ယောက်ကို စစ်ကောင်စီရဲ့ရေတပ်အမြန်ရေယာဥ်ငယ်က ပုဏ္ဏားကျွန်းမြို့နယ် ကုန်းတန်းကြိမ်ချောင်ရွာနာမှာ ဖမ်းမိသွားတယ်လို့ အမြင့်ကျွန်းရွာသားက ပြောပါတယ်။

အဲဒီအထဲက အမျိုးသား ၆ ယောက်ကို မြစ်ကို လက်ပစ်ကူးပြေးခိုင်းပြီး အနောက်ကနေ သေနတ်နဲ့ လိုက်လံပစ်ခတ်ခဲ့လို့ အမျိုးသား ၂ ယောက်သေဆုံးကာ ၄ ယောက် လွတ်မြောက်ခဲ့တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ဖမ်ဆီးခံထားရတဲ့ အမျိုးသမီး ၅ ယောက်ထဲက ၃ နှစ်အရွယ် ကလေးငယ်တယောက်အပါဝင် ၃ ယောက်ကိုတော့ ​ခေါင်းတုံးတုံးကာ ပြန်လွှတ်ပေးခဲ့ပြီး ၂ ယောက်ကိုတော့ ဆက်လက်ဖမ်းဆီးထားတယ်လို့ ပြောပါတယ်။

စစ်ကောင်စီရေတပ်က လိုက်လံပစ်ခတ်လို့ သေဆုံးခဲ့တဲ့ သူတွေကတော့ အမြင့်ကျွန်းကျေးရွာက အသက် ၃၉ နှစ်အရွယ် ဦးအောင်သိန်းထွန်းနဲ့ အသက် ၅၃ နှစ်အရွယ်ဦးသန်းထွန်းမောင်တို့ ဖြစ်ပြီး ဖမ်းဆီးခံရတဲ့သူတွေကတော့ အသက် ၂၄ နှစ်အရွယ် မမိုးသူဇာနဲ့ အသက် ၄၉နှစ်အရွယ်ဒေါ်စောစောအေးတို့ ဖြစ်ကြတယ်လို့ ဆိုပါတယ်။

စစ်တွေမြို့နယ်မှာ မေ ၂၉ ရက်က စတင်ကာ ဒေသခံပြည်သူ ၂၀၀၀ နီးပါးကို စစ်ကောင်စီတပ်ကဖမ်းဆီးခဲ့ပြီး ဗျိုင်းဖြူကျေးရွာက ပြည်သူ ၇၆ ယောက်ကိုလည်း သတ်ဖြတ်ခဲ့ကြတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

၂၀၂၃ နို၀င်ဘာ ၁၃ ရက်ကနေ ၂၀၂၄ ခုနှစ် မေ ၁၃ ရက်အထိ ၆ လတာအတွင်း ရခိုင်ပြည်နယ်မှာ စစ်ကောင်စီတပ်ရဲ့ လေကြောင်းလက်နက်ကြီး ပစ်ခတ်မှုကြောင့် အရပ်သား သေဆုံးသူ ၂၆၈ ဦးနဲ့ ထိခိုက်ဒဏ်ရာရသူ ၆၄၀ ဦး ရှိခဲ့တယ်လို့ HDCO ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013