DVB Logo
Home
မြန်မာသတင်း
မုံရွာနှင့် မိုးကုတ်တွင် ဝေဟင်တိုက်ခိုက်မှုကြောင့် ဘုန်းကြီးကျောင်းပျက်စီး လူ ၁ ဦးသေဆုံး၊ ပခုက္ကူ၌  PDF စခန်း စီးနင်းခံရပြီး ၃ ဦး အသတ်ခံရ
DVB
·
June 21, 2024
မုံရွာနှင့် မိုးကုတ်တွင် ဝေဟင်တိုက်ခိုက်မှုကြောင့် ဘုန်းကြီးကျောင်းပျက်စီး လူ ၁ ဦးသေဆုံး၊ ပခုက္ကူ၌  PDF စခန်း စီးနင်းခံရပြီး ၃ ဦး အသတ်ခံရ
1 / 4
Donate to DVB

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်မှာ  မုံရွေးကျေးရွာကို စစ်တပ်က ဇွန် ၂၀ ရက် နေ့ခင်း ၁ နာရီက ဝေဟင်ကနေ ဒရုန်းယာဉ်တွေနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံ ရွာသားတွေထံက သိရပါတယ်။

အခုလို ဗုံးကြဲတိုက်ခိုက်ခံခဲ့ရတာကြောင့် ဘုန်းကြီးကျောင်းတကျောင်း ပျက်စီးသွားတယ်လို့လည်း သိရပါတယ်။

ဒေသခံရွာသားတဦးက “စစ်ကြောင်းက ချောင်းဦးမြို့နယ်၊ မြပုလဲဂိတ်က ထွက်လာတဲ့ စစ်ကြောင်းဗျ။ ဘာတွေရှိလို့ အခုလို ဗုံးကြဲတိုက်ခိုင်းတယ်တော့ မသိရဘူး။ မြေပြင်မှာကတော့ ဘာတိုက်ပွဲမှ မရှိပါဘူး။ သူတို့ပစ်ချင်လို့ကို သက်သက် ပစ်ခတ်သွားတာ” လို့ ပြောပါတယ်။

ဗုံးကြဲတိုက်ခိုက်လို့ ဒေသခံရွာသားတွေနဲ့ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေ အထိအခိုက် မရှိခဲ့ဘူးလို့လည်း ပြည်သူ့ကာကွယ်ရေးတပ် ခေါင်းဆောင်တွေက‌ ‌ပြောပါတယ်။

မုံရွာပကဖ တာဝန်ရှိသူတဦးက “သူတို့ပစ်ခတ်လို့ ဘုန်းကြီးကျောင်းတော့ ပျက်စီးသွားတယ်။ အဲဒီရွာက မန္တလေး-မုံရွာလမ်းမကြီးဘေးမှာရှိတဲ့ ရွာဖြစ်တော့ ဘယ် PDF အဖွဲ့ကမှ အဲရွာအတွင်း လုံခြုံရေးအရ မနေကြဘူး” လို့ ပြောပါတယ်။

စစ်ကောင်စီတပ်ကတော့ မုံရွာမြို့နယ် တောင်ပိုင်းသာမက မုံရွာမြို့နယ် မြောက်ခြမ်းကိုပါ စစ်ကြောင်းထိုးနေတာကြောင့် ဒေသခံတွေ ထွက်ပြေးတိမ်း‌‌ ရှောင်နေကြရပါတယ်။

မန္တလေးတိုင်း၊ မိုးကုတ်မြို့နယ်မှာလည်း တောင်နီကျေးရွာကို စစ်ကောင်စီတပ်က ဇွန် ၁၉ ရက် ညနေ ၃ နာရီဝန်းကျင်မှာ ဂျက်တိုက်လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ပြည်သူတဦးသေဆုံးပြီး ၃ ဦး ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။ 

နေအိမ်ပေါ် ဗုံးကျတာကြောင့် ပြည်သူတဦးသေဆုံးပြီး အသက် ၁၀ နှစ်အရွယ်ကလေး အပါအဝင် ၃ ဦး ဒဏ်ရာရခဲ့တဲ့အပြင် နေအိမ် ၂ လုံး ထိခိုက်ပျက်စီးခဲ့တယ်လို့ TNLA က သတင်းထုတ်ပြန်ပါတယ်။ 

အနီးနားကျေးရွာနေ အမျိုးသမီးတဦးက "ဂျက်ဖိုက်တာက သွားတဲ့ချိန်တောင် မသိလိုက်ဘူး၊ အသံက မကြားရလို့၊ အဲနေရာကို ဗုံးကြဲသွားပြီဆိုမှသိရတာ၊ ခုထိတော့ အဲ့ဘက်ကို အခြေနေဆက်သွယ်လို့မရ သေးဘူး” လို့ ပြောပါတယ်။ 

စစ်ကောင်စီတပ်က ဇွန် ၁ ရက်ကစတင်ပြီး ဇွန် ၁၉ ရက်အထိ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ် (TNLA) တပ်လှုပ်ရှားနယ်မြေတွေဖြစ်တဲ့ နောင်ချိုမြို့နယ်နဲ့ မိုးမိတ်မြို့နယ်က ရွာအချို့ကို ဒရုန်းနဲ့ဗုံးကြဲတာ၊ လက်နက်ကြီးပစ်တာအပြင် လေကြောင်းသုံး ဗုံးကြဲတာကြောင့် TNLA တပ်ဖွဲ့ဝင် ၂ ဦး သေဆုံးခဲ့တယ်လို့ ထုတ်ပြန်ချက်တွေအရ သိရပါတယ်။

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်မှာတော့  ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) ကင်းစခန်းကို ဇွန် ၁၈ ရက် ညနေ ၄ နာရီဝန်းကျင်မှာ စစ်ကောင်စီတပ်က စီးနင်းခဲ့ကာ ၃ ဦး အသတ်ခံရပြီး သေနတ် ၄ လက် ဆုံးရှုံးခဲ့တယ်လို့ ပခုက္ကူမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ တပ်ခွဲ ၁ (‌မြေလတ်ဒေ ပြောက်ကျားတပ်ဖွဲ့-MRG) ကနေ သိရပါတယ်။

မြေလတ်ဒေသပြောက်ကျားတပ်ဖွဲ့-MRG ရဲ့ တပ်ဖွဲ့ဝင်တဦးက “ကင်မွန်းခါးရွာစပ်က တပ်ခွဲ ၁ စခန်းငယ်လေးကို စီးနင်းခံရတာပါ။ ‌အင်အား ၄၀ လောက်ပါတဲ့ ပခုက္ကူမြို့နယ် တပ်မ ၁၀၁ က စစ်ကြောင်းက ဝင်စီးပြီးတော့ ၁၀ မိနစ်လောက် အပြန်အလှန် ပစ်ခတ်မှုဖြစ်ခဲ့တယ်။   ပြန်ထွက်သွားတော့လည်း အသိမ်းခံရတဲ့စခန်းရဲ့ ပတ်ဝန်းကျင်မှာ တိုက်မိုင်းတွေ ထောင်ထားခဲ့လို့ မိုင်းတွေပြန်ရှင်းရသေးတယ်” လို့ ပြောပါတယ်။

စခန်းစီးနင်းခံရတဲ့အတွက် စခန်းမှာရှိနေသူ ၃ ဦး ဖမ်းဆီးခံရပြီး ၃ ဦးလုံး သတ်ဖြတ်ခံရကာ သေနတ် ၄ လက် သိမ်းဆည်းခံလိုက်ရတယ်လို့ သိရပါတယ်။

ပခုက္ကူမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ခံတဦးက“အသတ်ခံရတဲ့ တပ်ဖွဲ့ဝင် ၂ ဦးက ရဲဘော်ပုလင်းနဲ့ ရဲဘော်လားလား ဖြစ်ပြီးတော့ နောက်တယောက်ကတော့ စခန်းမှာ ထမင်းချက်ပေးနေတဲ့ အမျိုးသားတဦးတို့ ဖြစ်ပါတယ်။ နောက်ပြီး သေနတ် ၄ လက်နဲ့ တခြားပစ္စည်းတွေလည်း သိမ်းဆည်းခံလိုက်ရပါသေးတယ်။ မြင့်မြတ်စွာနဲ့ အသက်ပေးလှူသွားကြတဲ့ သူတို့ ၃ ဦးကို ကောင်းကောင်းမွန်မွန် သင်္ဂြိုဟ်ပေးပြီးပါပြီ” လို့ ပြောပါတယ်။

အဆိုပါစခန်းကနေ G-3 သေနတ် ၂ လက်၊ AK သေနတ် ၁ လက်၊ MK 12 သေနတ် ၁ လက်၊ ကျည်ဆန်တချို့နဲ့ တခြားဆက်စပ်ပစ္စည်းတွေလည်း သိမ်းဆည်းခံလိုက်ရတယ်လို့ ပခုက္ကူမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ကနေ သိရပေမဲ့ စစ်ကောင်စီရဲ့ ဝါဒဖြန့် တယ်လီဂရမ်ချယ်နယ်မှာတော့ သေနတ် ၃ လက် သိမ်းဆည်းရမိတယ်လို့ ဖော်ပြပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013