DVB Logo
Home
မြန်မာသတင်း
ဝင်းနိမ္မိတာရုံ ဆရာတော်ကြီး ပျံလွန်တော်မူခဲ့သည့်ဖြစ်စဥ်အမှန် စာထုတ်ခဲ့သူ ဖမ်းဆီးစစ်ဆေးခံရ
DVB
·
June 20, 2024
ဝင်းနိမ္မိတာရုံ ဆရာတော်ကြီး ပျံလွန်တော်မူခဲ့သည့်ဖြစ်စဥ်အမှန် စာထုတ်ခဲ့သူ ဖမ်းဆီးစစ်ဆေးခံရ
Donate to DVB

စစ်ကောင်စီတပ်က ပစ်ခတ်လို့ ပဲခူးမြို့ ဝင်းနိမ္မိတာရုံဆရာတော် ပျံလွန်တော်မူပြီး ဆရာတော်တပါးနဲ့ လူပုဂ္ဂိုလ်တဦး ဒဏ်ရာရတဲ့ဖြစ်စဥ်ကို အမှန်တိုင်း စာထုတ်ခဲ့တဲ့ တိုင်းသာသနာရေးဦးစီးမှူးကို ဇွန် ၁၉ ရက်ညမှာ စစ်တပ်က ဖမ်းဆီးစစ်ဆေးနေတယ်လို့ အုပ်ချုပ်ရေးနဲ့ နီးစပ်သူတွေဆီက သိရပါတယ်။

တိုင်းသာသနာရေးဦးစီးမှူးနဲ့အဖွဲ့က ဖြစ်စဥ်အမှန်ကို မြေပြင်မှာ ကွင်းဆင်းစုံစမ်းပြီး ဝန်ကြီးဌာနကို တင်ပြခဲ့ပေမဲ့ စစ်ကောင်စီက ထုတ်ပြန်ချက်နဲ့ ကွဲလွဲနေလို့ မနေ့ညက သာသနာရေးဦးစီးဌာန ဝန်ထမ်းအိမ်ရာမှာ ညွှန်ကြားရေးမှူးနဲ့ ဝန်ထမ်း ၂ ဦးကို စရဖအဖွဲ့က လာရောက်ဖမ်းဆီးခဲ့တာလို့ အုပ်ချုပ်ရေးနဲ့ နီးစပ်သူတဦးက ပြောပါတယ်။

“သူ့ရဲ့စာက စစ်တပ်ကို စောက်ရှက်ခွဲသလို ဖြစ်သွားတာပေါ့။ အဲဒါကြောင့် ညက ဝန်ထမ်းအိမ်ရာမှာ ညွှန်မှူးနဲ့ ဝန်ထမ်းနှစ်ယောက်ကို လာဖမ်းသွားတယ်။ နန်းတွင်းစစ်ကြောရေးမှာ စစ်ဆေးနေတယ်။ အခုချိန် ပြန်လွှတ်လိုက်ရင်တော့ မသိဘူး။”

ဝင်းနိမ္မိတာရုံစာသင်တိုက် ဆရာတော်ရဲ့ ဥတုဇ ရုပ်ကလာပ်ကို အမှတ် ၇၇ ခြေမြန်တပ်မဌာနချုပ် တပ်မမှူး ဦးဆောင်ကာ မန္တလေးမှ ပဲခူးကို ပင့်ဆောင်ခဲ့ရာ ဇွန် ၂၀ ရက် မနက် ၄ နာရီမှာ ရောက်ရှိခဲ့တယ်လို့ ပဲခူးမြို့မှ ဒါယကာတဦးက ပြောပါတယ်။

“ရုပ်ကလာပ်ကို ပင့်ဆောင်လာချိန်မှာ တပ်မ ၇၇ အဖွဲ့က စောင့်ကြည့်တယ်။ ဘယ်သူတွေ ဘာပြောမလဲပေါ့။ စစ်တပ်အစောင့်အရှောက်တွေလည်း ကျောင်းမှာထားတယ်။ တပ်က ဆူပူမှုဖြစ်မှာ ကြောက်နေတယ်။”

ပဲခူးမြို့ ဝင်းနိမ္မိတာရုံဆရာတော်ကြီး ဘဒ္ဒန္တ မုနိန္ဒာဘိဝံသနဲ့ မင်္ဂလာဒုံမြို့နယ်၊ ကန်သုံးဆင့် ပရိယတ္တိစာသင်တိုက် ဆရာတော် ဘဒ္ဒန္တ ဂုဏိကာဘိဝံသတို့ ၂ ပါးဟာ ဇွန် ၁၉ ရက်က မန္တလေး ရွှေကျင်နိကာယ ဗဟိုဌာန အစည်းအဝေး အကြိုညှိနှိုင်း ‌ဆောင်ရွက်ဖို့ ရန်ကုန်မြို့မှ လေယာဉ်နဲ့ တံတားဦးလေဆိပ်ကို ကြွရောက်လာရာ ကံသုံးဆင့်ဆရာတော် ဇာတိဖြစ်တဲ့ ငါန်းဇွန်မြို့နယ်၊ ပန်းချီကမ္မရွာကို ကားနဲ့သွားရောက်စဥ် စစ်ကောင်စီတပ်က ပစ်ခတ်လို့ ဆရာတော် ပျံလွန်ခဲ့တာပါ။

ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး စစ်ကောင်စီဘက်က ညပိုင်းမှာ ဝါဒဖြန့်ရုပ်သံတွေကတဆင့်  PDF တွေ ပစ်ခတ်ခဲ့တာလို့ ကြေညာခဲ့သလို ဒီနေ့ထုတ် သတင်းစာတွေမှာလည်း ဝါဒဖြန့် သတင်းတွေ ထုတ်ပြန်ခဲ့ပါတယ်။

ဖြစ်စဥ်ကိုသိသူတဦးက “မြို့သာနဲ့ ပန်းချီကမ္မရွာကြားမှာ စစ်တပ်က ကားမှန်မချဘဲ မောင်းလို့ ပစ်တာ၊ ဘုန်းကြီးကားဆိုတာတော့ မသိဘူး၊ ပစ်ပြီးလို့ အနားရောက်တဲ့အချိန်မှာ ဆရာတော်တွေ ဖြစ်နေတော့ ပြဿနာတက်မှစိုးလို့ PDF တွေကပစ်လို့ သူတို့လာကယ်တဲ့ပုံစံ လုပ်တာ၊ ငါးဇွန်ကလည်း PDF စိုးမိုးတဲ့နေရာဖြစ်နေတော့ လွှဲချလို့ကောင်းသွားတာပေါ့။ ဒါပေမဲ့ အဲ့နေရာမှာ မှတ်တမ်းယူတဲ့ တခြားအဖွဲ့အစည်းတွေလည်း ရှိတယ်” လို့ ပြောပါတယ်။

ပျံလွန်တော်မူသွားပြီဖြစ်တဲ့ ဝင်းနိမ္မိတာရုံ ဆရာတော်ကြီး ရုပ်ကလာပ်ကို စစ်တပ်က မန္တလေးဆေးရုံကြီးကိုပို့ကာ ဒဏ်ရာရရှိတဲ့ ကန်သုံးဆင့်ဆရာတော်နဲ့ ယာဥ်မောင်းကို အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်ရှိရာ နန်းတွင်းစစ်ဆေးရုံကို ပို့ဆောင်လိုက်ပြီး ယာဥ်မောင်းကို စစ်မေးခဲ့တယ်လို့ လပခနဲ့ နီးစပ်သူတဦးက DVB ကို ပြောပါတယ်။

“ကန်သုံးဆင့်ဆရာတော်ကို မမေးဘူး။ စစ်တပ်က ယာဥ်မောင်းကို မေးတာ။ စမေးကတည်းက ဆရာတော်ကားကို PDF က ပစ်တာမလား ဆိုပြီးမေးတာ။ ယာဥ်မောင်းကို အဲ့လိုမေးတာ။ သူ့နေရာမှာ ဘယ်သူပဲဖြစ်ဖြစ် စစ်တပ်ကပစ်တယ်လို့ ဖြေရဲမှာမဟုတ်ဘူး။ PDF က ပစ်တယ်လို့ပဲ သူတို့ပြောသလိုပြောရတာ။ ပြီးတော့ အဲ့ရုပ်သံကို တပ်နယ်မှူးက မြဝတီရုပ်သံကို ပို့ပေးရတာ။”

နိုင်ငံတော်သံဃမဟာနယကအဖွဲ့ဝင်ဟောင်း ဝင်းနိမ္မိတာရုံကျောင်း ဆရာတော်ကြီး ပျံလွန်တော်မူချိန်မှာ သက်တော် ၇၇ နှစ်၊ သိက္ခာတော် ၅၇ ဝါ ရှိပြီဖြစ်ပါတယ်။

ဆရာတော်ကြီးမှာ ဝိနယာဓိက ပရိယတ္တိ ပထမကျော်၊ နိုင်ငံတော်အစိုးရ ပထမကျော်၊ သကျသီဟ၊ စေတိယင်္ဂဏ၊ အစိုးရဓမ္မာစရိယ၊ အင်္ဂုတ္တရနိကာယပါဠိပါရဂူ၊ ဒီဃဘာဏက၊ အဂ္ဂမဟာဂန္တဝါစကပဏ္ဍိတ၊ အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဘွဲ့တွေကို ရရှိထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013