Home
မြန်မာသတင်း
စစ်ကောင်စီအတွက် ဒစ်ဂျစ်တယ်ထောက်လှမ်း အင်တာနက်ပိတ်ဆို့ပေးသည့် တရုတ်ကုမ္ပဏီ ၂ ခုကို ထုတ်ဖော် 
DVB
·
June 20, 2024
Infographic-JFM

အာဏာသိမ်းစစ်ကောင်စီရဲ့ ဒစ်ဂျစ်တယ်ထောက်လှမ်းရေးနဲ့ အင်တာနက်ဆင်ဆာ ဖြတ်တောက်ရေးတို့မှာ ပါဝင်နေတဲ့ တရုတ်ကုမ္ပဏီနှစ်ခုကို Justice For Myanmar အဖွဲ့က ထုတ်ဖော်လိုက်ပြီး ဒဏ်ခတ်ပိတ်ဆို့မှုတွေချမှတ်ဖို့ တောင်းဆိုလိုက်ပါတယ်။

တရားမဝင်မြန်မာစစ်အုပ်စုဟာ ဒစ်ဂျစ်တယ်အာဏာရှင်စနစ်တရပ် တည်ဆောက်ရေး အရှိန်မြှင့်တင် ဆောင်ရွက်နေတဲ့အလျောက် မြန်မာအင်တာနက်အသုံးပြုသူတွေအပေါ် စုံစမ်းထောက်လှမ်းရေးနဲ့ အင်တာနက်ဆင်ဆာ ဖြတ်တောက်ရေး ကြိုးပမ်းမှုတွေမှာ တရုတ်နိုင်ငံထုတ် ပစ္စည်းကိရိယာ၊ နည်းပညာနဲ့ ပံ့ပိုးကူညီမှုတွေကို ရရှိအသုံးပြုနေတယ်လို့ ဆိုပါတယ်။

Justice For Myanmar အဖွဲ့ ပြောရေးဆိုခွင့်ရှိသူ မရတနာမောင်က “တရုတ်ကုမ္ပဏီတွေနဲ့ သူတို့ရဲ့ မြန်မာခရိုနီအပေါင်းအပါတွေက စုံစမ်းထောက်လှမ်းရေးနဲ့ အင်တာနက်ဆင်ဆာ ဖြတ်တောက်ရေး နည်းပညာတွေကို တရားမဝင်စစ်အုပ်စုထံ ပေးအပ်နေပြီး ဒါက လူသန်းပေါင်း များစွာအပေါ် ထိခိုက်သက်ရောက်မှုတွေ ရှိလာမှာ ဖြစ်ပါတယ်။ စစ်အုပ်စုဟာ မြန်မာနိုင်ငံ ဥပဒေအရရော၊ နိုင်ငံတကာဥပဒေ ဖွင့်ဆိုချက်တွေအရပါ အကြမ်းဖက်အဖွဲ့အစည်းတရပ်ဖြစ်ပြီး အရေးယူ အပြစ်ပေးခံရခြင်း တစုံတရာ ရှိမနေဘဲ ပြည်သူတွေအပေါ် အကြမ်းဖက် စစ်ဆင်ရေးတွေ ဆင်နွှဲနေတဲ့ အဖွဲ့အစည်း ဖြစ်ပါတယ်။ စစ်အုပ်စုက မြန်မာနိုင်ငံတဝန်းက ပြည်သူတွေကို ညှဉ်းပန်းနှိပ်စက် သတ်ဖြတ်မှုတွေ၊ မတရားဖမ်းဆီးမှုတွေ လုပ်ဆောင်နေပါတယ်။ စစ်အုပ်စုက သူတို့ရဲ့ တရားမဝင် အာဏာသိမ်း ကြိုးပမ်းမှုကို ဆန့်ကျင်တော်လှန်နေကြသူတွေကို ရှာဖွေနှိမ်နင်းဖို့ ကြိုးပမ်းနေချိန်မှာ ဒီတရုတ်နည်းပညာသစ်တွေက စစ်အုပ်စုရဲ့ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေကို ထပ်ဆင့်ကူညီပံ့ပိုးပေးမှာ ဖြစ်ပါတယ်” လို့ ပြောပါ တယ်။

လျှို့ဝှက်ပေါက်ကြားလာတဲ့ စာရွက်စာတမ်းတွေနဲ့ မှတ်တမ်းတွေ အပါအဝင် သတင်းရင်းမြစ်တွေအပေါ် အခြေခံပြီးတော့ Justice For Myanmar အဖွဲ့ရဲ့ စုံစမ်းသုတေ သနပြုမှုအရ ဒီအစီအစဉ်မှာ တရုတ်ကုမ္ပဏီနှစ်ခုရဲ့ ပါဝင်ပတ်သက်နေမှုတွေကို ဖော်ထုတ်နိုင်ခဲ့တယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

စီမံကိန်းလျာထားချက် အစီအစဉ်စာရွက်စာတမ်းများအရ တရုတ်ကုမ္ပဏီ Geedge Networks ဆီက ထုတ်ကုန်ပစ္စည်းနှစ်ခုကို အသုံးပြုကြောင်း ဖော်ပြထားပြီးတော့  စုံစမ်းထောက်လှမ်းမှုနဲ့ အင်တာနက်ဆင်ဆာ ဖြတ်တောက်မှုစနစ်မှာ အသုံးပြုတဲ့ အဲဒီပစ္စည်းတွေကို Jizhi (Hainan) Information Technology ကုမ္ပဏီအနေနဲ့ ရောင်းချပေးခဲ့တာဖြစ်ကာ မြန်မာနိုင်ငံမှာတော့ ပြီးခဲ့တဲ့ မေလ လကုန်ပိုင်းက စတင်အသက်သွင်း လုပ်ဆောင်စေခဲ့တယ်လို့ ဆိုပါတယ်။

Geedge Networks တည်ထောင်သူနဲ့ သိပ္ပံပညာရှင်အကြီးအကဲကတော့ Fang Binxing ဖြစ်ပြီး သူ့ကို တရုတ်နိုင်ငံ အင်တာနက်ဆင်ဆာဖြတ်တောက်ရေးယန္တရားကြီး Great Firewall ရဲ့ “ဖခင်” လို့လည်း ဆိုကြတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

ထုတ်ကုန်တခုဖြစ်တဲ့ Taingou Secure Gateway (TSG) ဟာ အသေးစိတ်မွှေနှောက် ရှာဖွေရေး (deep pack inspection) ကို အသုံးပြုပြီး secure sockets layer (SSL) နဲ့ transport layer security (TLS) ကုဒ်ဝှက်လုပ်ထုံးလုပ်နည်းတွေနဲ့ ဆာဗာနဲ့ သုံးစွဲသူအကြား ကုဒ်ဝှက်ထားတဲ့ အင်တာနက် အသွားအလာတွေအပေါ် စိစစ်စစ်ဆေးတာ၊ ကုဒ်ဖြေတာတွေကို စွမ်းဆောင်နိုင်တယ်လို့ ဆိုပါတယ်။

TSG ဟာ virtual private networks (VPN) တွေအပါအဝင် အက်ပလီကေးရှင်းတွေကို သူတို့ အပြုအမူနဲ့ လက္ခဏာတွေပေါ် မူတည်ကာ ပိတ်ပင်နိုင်တဲ့ Firewall တခုအဖြစ်လည်း လုပ်ဆောင်နိုင်တယ်လို့ သိရပါတယ်။

Geedge Networks ရဲ့ နောက်ထပ်ထုတ်ကုန်တခုဖြစ်တဲ့ Cyber Narrator ကတော့ VPN အသုံးပြုမှု အပါအဝင် အင်တာနက်အသွားအလာတွေကို စောင့်ကြည့်ဖို့၊ ခွဲခြမ်းသုံးသပ်ဖို့နဲ့ “အန္တရာယ်ရှိနိုင်တယ်လို့ ယူဆတဲ့ ခြိမ်းခြောက်မှုတွေ” အပေါ် တုံ့ပြန်ဖို့ ဒီဇိုင်းရေးဆွဲထားတဲ့ အင်တာနက် ထောက်လှမ်းရေးကွန်ရက် ပလက်ဖောင်းတခု ဖြစ်တယ်လို့လည်း ဆိုပါတယ်။

ဒါ့အပြင် တရုတ်နိုင်ငံပိုင်ကုမ္ပဏီတခုဖြစ်တဲ့ China National Electronics Import and Export Corporation (CEIEC) ကလည်း စစ်အုပ်စု ထိန်းချုပ်ထားတဲ့ ဆက်သွယ်ရေး ဝန်ကြီးဌာနအတွက် တည်နေရာ ခြေရာခံစနစ် အကောင်အထည်ဖော်ဖို့ အဆိုပြုမှုမှာ ပါဝင်ပတ်သက်နေတဲ့ Fang Binxing နဲ့ ဆက်နွှယ်မှုရှိနေတယ်လို့ ဆိုပါတယ်။

အဆိုပါကုမ္ပဏီတွေနဲ့ စစ်အုပ်စုအကြား စီးပွားရေးလုပ်ဆောင်နိုင်ဖို့အတွက် ခရိုနီကုမ္ပဏီ Mascots Group of Companies က ကြားခံပွဲစားအဖြစ် ဆောင်ရွက်ပေးပြီး အဲဒီ ကုမ္ပဏီအုပ်စုကို ဒေါက်တာဝင်းကျော်နဲ့ ဇနီးဖြစ်သူ ခင်ကေခိုင်တို့က ဦးဆောင်ကာသူတို့ဟာ မြန်မာ၊ စင်ကာပူ၊ ထိုင်းနိုင်ငံတွေက အနည်းဆုံး ကုမ္ပဏီပေါင်း ၃၀ ကျော်ပါဝင်တဲ့ ကွန်ရက်မှာ ပါဝင်ပတ်သက်နေသူတွေ ဖြစ်ကြတယ်လို့ Justice For Myanmar အဖွဲ့က စုံစမ်းဖော်ထုတ်ထားပါတယ်။

ဒါကြောင့်မို့ အစိုးရတွေအနေနဲ့ Geedge Networks၊ CEIEC နဲ့ Mascots Group၊ အဆိုပါကုမ္ပဏီတွေရဲ့  ဒါရိုက်တာတွေ၊ ဆက်စပ်ကုမ္ပဏီတွေအပေါ် ဒဏ်ခတ်ပိတ်ဆို့မှုတွေ အရေးတကြီး ချမှတ်နိုင်ဖို့နဲ့ တရားမဝင်စစ်အုပ်စုဆီ စစ်လက်နက်၊ စက်ပစ္စည်းကိရိယာ၊ နည်းပညာ၊ နည်းပညာအကူအညီနဲ့ လေယာဉ်ဆီ ထောက်ပံ့ပေးအပ်နေတာတွေကို  မဖြစ်မနေ ပိတ်ဆို့အရေးယူဖို့ တိုက်တွန်းထားပါတယ်။

မရတနာမောင်က “Geedge Networks ရဲ့ အင်တာနက်ဆင်ဆာ ဖြတ်တောက်မှုစနစ်က မြန်မာပြည်သူတွေရဲ့ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ကို ထပ်မံချိုးဖောက်မှာ ဖြစ်သလို ဒါဟာ စစ်အုပ်စုရဲ့ လွတ်လပ်တဲ့ သတင်းရင်းမြစ်တွေအပေါ် ဖိနှိပ်ရေးစစ်ပွဲရဲ့ အစိတ်အပိုင်းတရပ်လည်း ဖြစ်လာမှာပါ။ အစိုးရများအနေနဲ့ စစ်အုပ်စုရဲ့ နိုင်ငံတကာ ရာဇဝတ်မှုတွေမှာ ကြံရာပါ ပတ်သက်နေတဲ့ မြန်မာနဲ့ နိုင်ငံခြားကုမ္ပဏီတွေအပေါ် ပစ်မှတ်ထား ဒဏ်ခတ် ပိတ်ဆို့မှုတွေကနေတဆင့် အရေးယူဆောင်ရွက်မှုတွေကို အဆောတလျင် မဖြစ်မနေ လုပ်ဆောင်ရမှာ ဖြစ်ပါတယ်” လို့ ပြောပါတယ်။

မြန်မာနိုင်ငံမှာတော့ မတရားစစ်အာဏာသိမ်း ၃ နှစ်ကျော် ကာလတွေအတွင်း နိုင်ငံရေး မတည်ငြိမ်မှုတွေနဲ့အတူ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေး စတဲ့ ကဏ္ဍတွေ အသီးသီးမှာ အဘက်ဘက်က ကျဆင်းနေသလို စစ်အုပ်စုက ပြည်သူတွေကို အာဏာရှင်မင်းမဲ့စရိုက်ဆန်ဆန် သတ်ဖြတ် ဖမ်းဆီးတာတွေအပြင် လူ့အခွင့်အရေးချိုးဖောက်မှုတွေကိုပါ ဆက်တိုက် ကျူးလွန်နေဆဲ ဖြစ်ပါတယ်။

အခုလတွေထဲမှာတင် မြန်မာပြည်တဝန်း မြို့ရွာတွေမှာ အရပ်သားတွေရဲ့ လက်ကိုင်ဖုန်းတွေထဲမှာ VPN အသုံးပြုထားတာ ရှိ၊ မရှိ စစ်ဆေးနေသလို ဖမ်းဆီးနှိပ်စက်၊ ငွေညှစ်တာတွေကိုပါ ပြောင်ပြောင်တင်းတင်း ကျူးလွန်နေကြပါတယ်။

အမေရိကန် အခြေစိုက် Freedom House အဖွဲ့က ထုတ်ပြန်ချက်အရ အင်တာနက် လွတ်လပ်ခွင့် တကမ္ဘာလုံးအတိုင်းအတာနဲ့ လျော့ကျဆုံးရှုံးလာနေတာ ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်အထိ ၁၃ နှစ်ဆက်တိုက်ရှိလာပြီး အင်တာနက်လွတ်လပ်မှု ဖိနှိပ်ထိန်းချုပ်ခံရတဲ့ နိုင်ငံတွေထဲမှာတော့ တရုတ်ဟာ အဆိုးဆုံးအဖြစ် ၉ နှစ်ဆက်တိုက် နေရာယူခဲ့သလို မြန်မာကလည်း ဒုတိယနေရာက ဆက်ရှိနေတယ်လို့ ဆိုပါတယ်။

မြန်မာနိုင်ငံအပေါ် ကောက်ယူခဲ့တဲ့ စစ်တမ်းအရ မြန်မာစစ်တပ်ဟာ အင်တာနက်သုံးရတာ လွတ်လပ်မှုမရှိအောင် လုပ်ဆောင်ခဲ့သလို၊ သတင်းမှားတွေ ဖြန့်တာတွေ အင်တာနက် ချိတ်ဆက်ဖို့ လိုအပ်တဲ့ အခြေခံအဆောက်အဦတွေကို ဖျက်ဆီးတာတွေ လုပ်ခဲ့တာကြောင့် မြန်မာနိုင်ငံမှာ အင်တာနက် အသုံးပြုသူဦးရေ သိသိသာသာ ထိုးကျသွားခဲ့တယ်လို့ ဆိုပါတယ်။

အတိုက်အခံတွေကြား သတင်းအချက်အလက် ပေးပို့ ဖြန့်ဖြူးနိုင်ခြင်းမရှိစေရေးအတွက် ဒေသအလိုက် ကာလတို အင်တာနက်ဖြတ်တောက်မှုတွေ ပြုလုပ်ခဲ့တာကြောင့် မြန်မာပြည်မှာ သာမန်အရပ်သားတွေ သန်းနဲ့ချီပြီး အင်တာနက် ဖြတ်တောက်ခံခဲ့ရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024