Home
မြန်မာသတင်း
မအူပင်တွင် VPN အသုံးပြုသူ ၂၄ ဦး ဖမ်းဆီးဒဏ်ရိုက်ခံရ၊ ဧရာဝတီတိုင်း၌ စက်သုံးဆီဆိုင်များကို စစ်တပ်က စစ်ဆေး
DVB
·
June 20, 2024
Photo - တော်ဝင်
Photo - တော်ဝင် ၊ မျိုးသူ

ဧရာဝတီတိုင်း၊ မအူပင်မြို့နယ်မှာ သီတင်းတပတ်အတွင်း VPN ဆော့ဖ်ဝဲ အသုံးပြုတာကြောင့်ဆိုပြီး ဖမ်းဆီးဒဏ်ရိုက်ခံရသူ ၂၄ ယောက်အထိ ရှိတယ်လို့ စစ်ကောင်စီတပ်နဲ့ နီးစပ်သူတွေနဲ့ ဒေသခံတွေက ပြောပါတယ်။

ဇွန် ၁၂ ကနေ ၁၉ ရက်အထိ ၁ ပတ်အတွင်း မအူပင်မြို့နယ်မှာ အာဏာသိမ်းစစ်ကောင်စီတပ်နဲ့ ရဲတွေက အရပ်သား ပြည်သူတွေရဲ့ ဖုန်းတွေကို တောင်းယူစစ်ဆေးပြီး VPN ဆော့ဖ်ဝဲ အသုံးပြုတာကြောင့်ဆိုကာ ဒေသခံ ၂၄ ယောက်ကို ဖမ်းဆီးကာ တယောက်ကို ဒဏ်ငွေ ၅၀၀၀၀ ဆိုပြီး တောင်းယူတယ်လို့ ဆိုပါတယ်။

စစ်ကောင်စီတပ်နဲ့ နီးစပ်သူတယောက်က  “အခု လုပ်ရပ်က အကြောင်းမရှိအကြောင်းရှာ ငွေတောင်းယူနေတာ။ ဧရာဝတီတိုင်း တတိုင်းလုံးထဲမှာ မအူပင်မြို့မှာ တာဝန်ကျနေတဲ့ စစ်တပ်နဲ့ရဲတွေက နည်းလမ်းပေါင်းစုံနဲ့ ငွေကြေးတောင်းမှု အလုပ်ဆုံးပဲ။ ငွေတောင်းခံရတဲ့သူ အများစုက မအူပင်မြို့နယ် ကျေးရွာတွေဘက်က များတယ်” လို့ ပြောပါတယ်။

မအူပင်မြို့နယ်မှာ စစ်ကောင်စီတပ်နဲ့ ရဲတွေက တောင်းတဲ့ ဒဏ်ငွေ ၅၀၀၀၀ မပေးရင် လက်ကိုင်ဖုန်းကို ပြန်မပေးဘဲ သိမ်းယူထားပြီး လူကိုပါ ထောင် ၃ နှစ်အထိချလို့ရတယ် ဆိုပြီး ခြိမ်းခြောက်နေတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

မအူပင်မြို့ခံ ကိုယ်တွေ့ကြုံရသူတယောက်က “အဲ့လောက် မပါလို့ပါ၊ မတက်နိုင်လို့ပါ၊ မရှိလို့ပါ၊ လျော့ပေါ့ယူပါလို့ တောင်းပန်ပြောတာမရဘူး၊ ဖုန်းသိမ်းရလိမ့်မယ်ဆိုလို့ စစ်ကောင်စီတပ်က ပြောတာ။ အိမ်ကို ဖုန်းဆက် လှမ်းရှာခိုင်းရတာ။ အပြင်ကနေ အတိုးနဲ့ချေးပေးရတာ” လို့ ပြောပါတယ်။

မအူပင်မြို့နယ်မှာ စစ်ကောင်စီတပ်နဲ့ ရဲတွေက ဖုန်းတွေကို စစ်ဆေးပြီး VPN ဆော့ဖ်ဝဲတွေ့လို့ဆိုပြီး ဒဏ်ငွေ တောင်းယူတာခံရသူအများစုမှာ ဆိုင်ကယ် ကယ်ရီဆွဲသူတွေနဲ့ ဈေးသည်တွေ အများဆုံး ဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်ကောင်စီဟာ မြန်မာပြည်တွင်း လူထုကြားမှာ သတင်းစီးဆင်းမှုကို ရပ်တန့်စေဖို့အတွက် Facebook လူမှုကွန်ရက်ကို အသုံးမပြုနိုင်အောင် ဟန့်တားဖို့ ကြံစည်နေတာလို့ ဆိုပါတယ်။

ဧရာဝတီတိုင်းမှာ စက်သုံးဆီအရောင်းဆိုင်တွေကို စစ်တပ်နဲ့ ပူးပေါင်းအဖွဲ့တွေက ဇွန် ၁၇ ရက်နဲ့ ၁၈ ရက်တွေက စတင်လိုက်လံစစ်ဆေး သတိပေးတာတွေ လုပ်နေတယ်လို့ စက်သုံးဆီ ရောင်းဝယ်ရေး လုပ်ငန်းရှင်တွေဆီက သိရပါတယ်။

ဧရာဝတီတိုင်းထဲက ဝါးခယ်မ၊ ပုသိမ်၊ ဟင်္သာတ၊ ဖျာပုံ၊ မြောင်းမြ၊ အိမ်မဲ၊ ကျုံပျော်၊ မအူပင် စတဲ့မြို့နယ်တွေမှာ စက်သုံးဆီတွေ ရောင်းချတာ မရပ်ဖို့၊ အကန့်အသတ်နဲ့ မရောင်းဖို့၊ ဈေးတင်မရောင်းဖို့၊ ဆီပြတ်တာမဖြစ်စေဖို့ အဲဒီစစ်ဆေးတဲ့အချက်တွေကို ဖောက်ဖျက်တာ တွေ့ရင် ဖမ်းဆီးအပြစ်ပေး အရေးယူမယ်ဆိုပြီး စစ်တပ်နဲ့ ပူးပေါင်းအဖွဲ့က လိုက်လံစစ်ဆေး သတိပေးနေတာလို့ ဆိုပါတယ်။

မအူပင်မြို့နယ်က စက်သုံးဆီရောင်းဝယ်ရေး လုပ်ငန်းရှင်တယောက်က “ဟုတ်တယ် မနေ့ နေ့လယ်ပိုင်းက စစ်တာ။ ဒီဘက်မှာတော့ ရဲတွေ စစ်သားတွေ လာစစ်တာ။ စက်သုံးဆီရောင်းချတဲ့ဆိုင်တွေကိုပဲ သီးသန့်စစ်ဆေးတာ။ စက်သုံးဆီတွေ မရောင်းတာ၊ ဈေးတက်ရောင်းတာ၊ အကန့်အသတ်နဲ့ရောင်းတာ၊ ဆိုင်ပိတ်ထားတာတွေလုပ်ရင် ဖမ်းဆီးအရေးယူ အပြစ်ပေးမယ်လို့ ပြောသွားတာ” လို့ ပြောပါတယ်။

အဲဒီ စစ်ဆေးသတိပေးတဲ့အဖွဲ့မှာ စစ်ကောင်စီတပ်နဲ့ ရဲတပ်ဖွဲ့က ဦးဆောင်ပြီး စည်ပင်သာယာရေးအဖွဲ့၊ မီးသတ်တပ်ဖွဲ့ စတဲ့ ဦးစီးဌာနနဲ့ မြို့နယ်အဆင့် တာဝန်ရှိတဲ့ အဖွဲ့အစည်းတွေ ပါတယ်လို့ ဆိုပါတယ်။

ဟင်္သတမြို့က စက်သုံးဆီရောင်းဝယ်ရေး လုပ်ငန်းရှင်တယောက်က “ဆီဈေး မကစားဖို့၊ မရောင်းဘဲမနေဖို့၊ အကန့်အသတ်နဲ့ မရောင်းဖို့၊ အဓိက လက်ရှိဖြစ်နေတဲ့ ဆီပြတ်လပ်နေတယ်၊ ဆိုင်တွေပိတ်ရတယ် ဆိုတဲ့ကိစ္စတွေနဲ့ ပတ်သက်ပြီးတော့ အရေးယူဖို့ စစ်ဆေးတာတဲ့။ အခြားနေရာတွေမှာလည်း စစ်နေတယ်လို့ ကြားတယ်။ ရောင်းတဲ့သူတွေပဲ လိုက်စစ်ဆေး ခြိမ်းခြောက်နေတာ။ စက်သုံးဆီတင်သွင်းတဲ့ သူတို့ကျ တာဝန်မရှိတာ ကျနေတာပဲ။ လောက်လောက်ငင လုပ်ပေးလေ” လို့ ပြောပါတယ်။

စက်သုံးဆီရောင်းချတဲ့ ဆိုင်တွေကို လိုက်ပြီး စစ်ဆေးသတိပေးတာဟာ စက်သုံးဆီတွေကို မရောင်းဘဲ သိုလှောင်ထားတာနဲ့ ဈေးတင်ရောင်းတာ၊ ဆိုင်ပိတ်ထားတာ၊ စက်သုံးဆီတွေ ပြတ်လပ်နေတယ် ဆိုပြီး လူမှုကွန်ရက် စာမျက်နှာတွေမှာ သတင်းတွေဖြန့်နေတာနဲ့ ပတ်သက်လို့ အခုလို စစ်ဆေးအရေးယူဖို့ သတိပေး စစ်ဆေးနေတာဖြစ်တယ်လို့ စစ်တပ်နဲ့ နီးစပ်သူတွေဆီက သိရပါတယ်။

စစ်တပ်နဲ့ နီးစပ်သူတယောက်က “သက်သက်ဈေးကစားချင်လို့ နိုင်ငံဆူပူအောင် ရည်ရွယ်ချက်ရှိရှိ လုပ်လာလို့ သတိပေး စစ်ဆေးတာဆိုပြီး လိုက်စစ်နေတာပဲ။ ဆီဆိုင်တွေကို စစ်ဆေး အသိပေးပြီးတဲ့နောက် အခုလိုဖြစ်စဉ်တွေ ထပ်ရှိလာရင် ဖမ်းဆီးအရေးယူ အပြစ်ပေးတာတွေ လုပ်သွားမှာလို့ သိရတယ်” လို့ ပြောပါတယ်။

ဧရာဝတီတိုင်းမှာ စက်သုံးဆီ ဒီဇယ်နဲ့ ဓာတ်ဆီတွေ ပြတ်လပ်မှုကြောင့် စက်သုံးဆီဆိုင် ၁၀ ဆိုင်ထက်မနည်း အရောင်းရပ်ဆိုင်းထားရတယ်လို့ စက်သုံးဆီရောင်းဝယ်ရေးလုပ်ငန်း လုပ်သူတွေဆီက သိရပါတယ်။

ဒါ့အပြင် ဧရာဝတီတိုင်းထဲမှာ လက်ရှိ 92 တလီတာ ၃,၅၅၀ ကျပ်၊ ဓာတ်ဆီ 95 တလီတာ ၃,၇၉၀ ကျပ်၊ ဒီဇယ် တဂါလန် ၃၀,၅၅၀ ကျပ် ဈေးပေါက်နေတယ်လို့ စက်သုံးဆီရောင်းဝယ်ရေး လုပ်ငန်းရှင်တွေဆီကနေ သိရပါတယ်။

Photo - တော်ဝင် ၊ မျိုးသူ

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024