ကူရီကျွန်းကို ရုရှားသမ္မတ ပူတင် သွားရောက်လည်ပတ်ခဲ့တာနဲ့ ပတ်သက်ပြီး ဂျပန်နိုင်ငံက ပြင်းပြင်းထန်ထန် ဆန့်ကျင်ကြောင်း ပြောပါတယ်။
ကူရီကျွန်းဟာ ရုရှားနဲ့ ဂျပန် ၂ နိုင်ငံစလုံးက ပိုင်ဆိုင်တယ်လို့ အငြင်းပွားနေတဲ့ ကျွန်းဖြစ်ပြီး ကျွန်း ၄ ခုထဲက တခုကို ပူတင်က သွားခဲ့တာပါ။
ဒီကျွန်းတွေဟာ ဂျပန်နိုင်ငံက သမိုင်းအစဉ်အဆက်ထဲက ပိုင်ဆိုင်ခဲ့သလို နိုင်ငံတကာ ဥပဒေအရလည်း ပိုင်ဆိုင်တာကြောင့် ပူတင် အလည်အပတ်သွားမှုကို ဂျပန်အစိုးရက ပြင်းပြင်းထန်ထန် ဆန့်ကျင်တယ်လို့ နိုင်ငံခြားရေးဝန်ကြီး တိုရှီမစ်ဆုမိုတေဂျီက ပြောပါတယ်။
ဂျပန်နဲ့ ရုရှားတို့ဟာ ဒုတိယကမ္ဘာစစ်ပြီးနောက် ငြိမ်းချမ်းရေးစာချုပ် လက်မှတ်မထိုးခဲ့တာကလည်း ဒီကျွန်းတွေနဲ့ပတ်သက်ပြီး ၁၀ စုနှစ်ပေါင်းများစွာ အငြင်းပွားခဲ့တာကြောင့် ဖြစ်ပါတယ်။
ကူရီကျွန်းတွေဟာ ဂျပန်တောင်ပိုင်းရှိ ဟော်ကိုင်းဒိုးနဲ့ ရုရှားရဲ့ ကမ်ချက်ကာကျွန်းဆွယ်ကြားမှာ တည်ရှိပါတယ်။
ဂျပန်က တောင်ဘက်စွန်းမှာရှိတဲ့ ကျွန်း ၄ ကျွန်းလို့ ဆိုပြီး ရုရှားက မြောက်ပိုင်းနယ်မြေတွေလို့ ခေါ်ပါတယ်။
ဒုတိယကမ္ဘာစစ်အပြီးမှာ အဲဒီကျွန်းတွေကို ဆိုဗီယက်က အင်အားသုံး သိမ်းပိုက်ပြီး ဒေသခံ ဂျပန် ၁၇,၀၀၀ ကို ပြည်နှင်ဒဏ်ပေးကာ လက်ရှိ ရုရှားက အုပ်ချုပ်နေတာ ဖြစ်ပါတယ်။
အဲဒီကျွန်းတွေ ပိုင်ဆိုင်မှုနဲ့ ပတ်သက်ပြီး ဂျပန်နဲ့ ရုရှား ဖြေရှင်းမှု သိပ်မရှိဘူးလို့ မီဒီယာတွေက ဖော်ပြပါတယ်။
ယူကရိန်းကို ၂၀၂၂ ခုနှစ်က စစ်ပွဲဆင်နွှဲတဲ့ ရုရှားကို ဂျပန်က ဆန်ရှင်လုပ်ထားတာကြောင့် ကျွန်းတွေ ပိုင်ဆိုင်မှုနဲ့ ပတ်သက်ပြီး နှစ်ဦးနှစ်ဖက် ဆွေးနွေးမှုလည်း နည်းပါးခဲ့တာပါ။
ကူရီကျွန်းတွေဟာ ရုရှားအတွက် နယ်နိမိတ်အရ အရေးပါတဲ့ နေရာဖြစ်ပြီး ရုရှားက ပြီးခဲ့တဲ့ ၁၀ စုနှစ်တွေမှာ စစ်အင်အားတိုးမြှင့်မှုတွေ လုပ်လေ့ရှိပါတယ်။
ပြီးခဲ့တဲ့လကလည်း တရုတ်နဲ့ ရုရှား စစ်သင်္ဘောတွေ ကူရီကျွန်း ရေလက်ကြားကိုဖြတ်ပြီး ပူးတွဲ ကင်းလှည့်ခဲ့ပါသေးတယ်။ ရုရှားဟာ ကျွန်းတွေအနီးမှာ ပုံမှန်ကင်းလှည့်မှုတွေ ပြုလုပ်လေ့ရှိပါတယ်။











