Home
မြန်မာသတင်း
နောင်ချိုတွင် စစ်တပ်ဒရုန်းဖြင့်တိုက်ခိုက်သဖြင့် TNLA တပ်ဖွဲ့ဝင် ၁ ဦး သေဆုံး၊ ထိုမာကျေးရွာ ဗုံး ၃ ကြိမ်ကြဲခံရ 
DVB
·
June 19, 2024

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့က TNLA တပ်စခန်းရှိရာဘက်ကို ဇွန် ၁၈ ရက်နေ့မှာ စစ်ကောင်စီတပ်က ဒရုန်း ၂ စင်းနဲ့ လာ​ရောက်ဗုံးကြဲတိုက်ခိုက်တာကြောင့် TNLA တပ်ဖွဲ့ဝင်တဦး သေဆုံးပြီး ၄ ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ TNLA ထုတ်ပြန်ချက်အရ သိရပါတယ်။

နောင်ချိုမြို့ အုမ္မတီးရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်က ဆမ္မဆယ်ရွာဘက်ကို ဇွန် ၁၈ ရက် ညနေ ၃ နာရီဝန်းကျင်မှာ လက်နက်ကြီး ၄ ချက် ပစ်ခတ်ခဲ့တာကြောင့် TNLA တပ်စခန်းအပေါ်ကို ကျရောက်ခဲ့တယ်လို့ TNLA ဘက်က ထုတ်ပြန်ထားပါတယ်။

မြေပြင်မှာရှိနေတဲ့ တော်လှန်ရေးတပ်ဖွဲ့ဝင် ရဲဘော်တဦးက “အရင်ကတော့ ရဲဘော်တွေရှိတဲ့ဆီ scout ပြီး ချတာများတယ်။ သရက်ကုန်းတုန်းကလည်း စစ်ကောင်စီက ဒရုန်းအများကြီးသုံးတယ်၊ လက်နက်ကြီးတွေလည်း နေ့တိုင်းပစ်နေတယ်” လို့ ပြောပါတယ်။

ရှမ်းပြည်နယ်မြောက်ပိုင်း မိုးမိတ်မြို့ ကိုဒိုပင်ကျေးရွာကိုလည်း ဇွန် ၁၅ ရက် ည ၉ နာရီကနေ ၁၂ နာရီအထိ စစ်ကောင်စီတပ်က လက်နက်ကြီး ၆ ကြိမ် ပစ်ခတ်ခဲ့တယ်လို့သိရပါတယ်။

မိုးမိတ်မြို့ကနေ တိမ်းရှောင်နေသူတဦးက “ခု တကယ်လည်း ပစ်နေကြတယ်၊ မြို့ထဲတော့မဟုတ်ဘူး၊ မြို့ရဲ့အထက်ဘက်၊ ခု ကြောက်တဲ့သူတွေ ပြေးကုန်ကြပြီ၊ မြို့ထဲကလူ တော်တော်များများ ပြေးကြပြီ” လို့ ပြောပါတယ်။

မိုးမိတ်မြို့နယ် မန်ပိန်းနဲ့ ပန်တင်ရွာပြားမှာ ဇွန် ၉ ရက်က စစ်ကောင်စီတပ်က ပေါင် ၅၀၀ ဗုံးနဲ့ ကြဲချခဲ့လို့ တပ်သား ၃ ဦး ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်တောင်ပိုင်းက ထိုမာကျေးရွာကို စစ်ကောင်စီတပ်က ဇွန် ၁၇ ရက် မနက် ၁၁ နာရီဝန်းကျင်ကစပြီး ဒရုန်းနဲ့ ၃ ကြိမ် ဗုံးကြဲချခဲ့တာကြောင့် ဒေသခံတွေ ဘေးလွတ်ရာ ထွက်ပြေးနေကြရတယ်လို့ သိရပါတယ်။

ဒေသပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်တဦးက “တိုက်ပွဲဖြစ်တာမရှိဘဲ ‌ေ–းတွေဘက်က ဒရုန်းနဲ့ ဗုံးလာကြဲသွားတာ။ ၁၁ နာရီလောက်ကနေ ညနေပိုင်းအထိ ၃ ခါကြဲသွားလို့ ရွာသားတွေ ထွက်ပြေးနေကြတယ်လို့ သတင်းရတယ်ဗျ” လို့ ပြောပါတယ်။

စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ ထိုမာကျေးရွာက ဖုန်းတာဝါတိုင်ကိုလည်း ဖျက်ဆီးခဲ့တဲ့အတွက် ဖုန်းနဲ့ အင်တာနက်လိုင်းတွေ ပြတ်တောက်နေတယ်လို့ သိရတယ်။

ကလေးမြို့ကို ထွက်ပြေးလာတဲ့ ထိုမာရွာသားတဦးက “ရွာကလူတွေ နောက်ထပ် ဗုံးလာကြဲမှာကို ကြောက်ပြီး ရွာထဲ ပြန်မရောက်ကြသေးဘူး။ ရွာကိုလည်း အဆက်အသွယ်မရသေးလို့ ဘာတွေဖြစ်ကုန်လဲ မသိရသေးပါဘူး။ ကျနော်တို့လည်း မိသားစုလိုက် ပြေးလာကြတာ” လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ မတ် ၉ ရက်ကလည်း စစ်ကောင်စီတပ်က ထိုမာကျေးရွာက လူနေအိမ်တွေကို မီးရှို့ဖျက်ဆီးခဲ့လို့ လူနေအိမ် ၁၄ လုံး မီးလောင်ပျက်စီးခဲ့တယ်လို့ သိရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024