DVB Logo
Home
မြန်မာသတင်း
လမ်းပန်းဆက်သွယ်ရေးအခက်အခဲကြောင့် ဂေါ်ဖီစိုက်တောင်သူများ အရှုံးပေါ်
DVB
·
June 19, 2024
လမ်းပန်းဆက်သွယ်ရေးအခက်အခဲကြောင့် ဂေါ်ဖီစိုက်တောင်သူများ အရှုံးပေါ်
Donate to DVB

မြန်မာပြည်တွင်းမှာ ဂေါ်ဖီထုပ်ဈေးနှုန်းတွေ တက်လာပေမဲ့ လမ်းပန်းဆက်သွယ်ရေး အခြေအနေကြောင့် ဂေါ်ဖီတွေ မတင်ပို့နိုင်ဘဲ အရှုံးပေါ်နေတဲ့အတွက် ရှမ်းတောင်သူတွေ ဂေါ်ဖီမစိုက်ရဲလောက်အောင် ဖြစ်လာနေပါတယ်။

မုန်လာထုပ်လို့ ရှမ်းတောင်သူတွေခေါ်ကြတဲ့ ဂေါ်ဖီထုပ်ဟာ ရန်ကုန်လက်လီဈေးမှာ တထုပ်ကို ကျပ် ၆၀၀၀ ကနေ ကျပ် ၈၀၀၀ အထိမြင့်တက်လာပြီး ကုန်စိမ်းသည်တိုင်း ဂေါ်ဖီမရောင်းနိုင်တဲ့ အခြေအနေဖြစ်လာပါတယ်။

ရှမ်းတောင်သူတွေက ဂေါ်ဖီထုပ်ကို မိုးမကျခင်အချိန်မှာ စိုက်ပျိုးလေ့ရှိပြီး မိုးဦးကျမှာ ပေါ်လာလေ့ရှိတာပါ။ လတ်တလော ဂေါ်ဖီဈေးတွေတက်လာရတဲ့အခြေအနေကို ပင်းတယမြိုနယ်ကကုန်စိမ်းစိုက်ပျိုးသူတောင်သူ တဦးက ပြောပါတယ်။

ကုန်စိမ်းစိုက်ပျိုးသူတောင်သူတဦးက “အဓိကက ၂၀၂၃ မှာ ထိုင်းလမ်းပိတ်သွားတယ်။ မြဝတီလမ်းပိတ်သွားကတည်းကကို စိုက်သမားကော၊ ဂေါ်ဖီပွဲစားတွေရော အကုန်လုံး ရှုံးကြတယ်။ ရှုံးကြတော့ အဲ့ဒီမှာ ဆက်စိုက်တယ်။ တမိုးတွင်းလုံး ပြန်စိုက်တယ်။ ၁၂ လပိုင်းတချီကျရင် ရမလားပေါ့။ အဲ့တော့လည်း လမ်းတွေက ပိတ်တယ်။ လမ်းတွေ မကောင်းတဲ့အခါကျတော့ အကုန်လုံးဆက်ပြီးတော့ ရှုံးကြတာ။ ဂေါ်ဖီစိုက်တဲ့ ဂေါ်ဖီထုပ်က ဈေးမတက်ခင်ကာလပေါ့။ နှစ်လပိုင်း၊ သုံးလပိုင်း၊ လေးလပိုင်း၊ ငါးလပိုင်းပထမအပတ်ထိ ဂေါ်ဖီထုပ်က ၂၀၀ ပဲရှိတာ။ အဲ့ဒီမှာ စိုက်သမားက တကယ့်တကယ် ဒီအချိန်က စိုက်သမားလည်းနည်းတဲ့အချိန်။ ပုံမှန်ဆိုရင်တော့ ၁၄၀၀၊ ၅၀၀ အထိတက်ပါတယ်။ နောက်တချက်ကတော့ သိတဲ့အတိုင်းပဲ နိုင်ငံရေးအခြေအနေကြောင့် လမ်းတွေမကောင်းတော့ ကုန်စိမ်းကို လျှော့တဲ့သဘောပါပဲ”လို့ ပြောပါတယ်။

ရှမ်းပြည်တောင်ပိုင်းဟာ မြန်မာပြည်ရဲ့ စားဖိုချောင်လိုတင်စားခဲ့ကြပြီး ဂေါ်ဖီနဲ့ မုန်ညှင်း၊ မုန်လာ၊ ခရမ်းချဥ်က ရှမ်းတောင်သူတွေ ပုံမှန်စိုက်ပျိုးလေ့ရှိတဲ့သီးနှံတွေဖြစ်ပြီး ဈေးတွေ ကျတတ်ပြီး အရှုံးတွေနဲ့ မကြာခဏ ရင်ဆိုင်ရလေ့ရှိပါတယ်။ 

ဒီလိုအရှုံးနဲ့ရင်ဆိုင်ရပေမယ့် ပြီးခဲ့တဲ့ ၂၀၂၀ ပြည့်နှစ်အထိ သွင်းအားစုဈေးတွေ သိပ်မကြီးသေးလို့ အဆုံးအရှုံးတွေရှိနေတဲ့ကြားက ဈေးကောင်းရဖို မျှော်လင့်ပြီး ဆက်လက်စိုက်ပျိုးနိုင်ကြတာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ၃ နှစ်တာ ကာလအတွင်းမှာတော့ လောင်စာဆီကအစ သီးနှံမျိုးစေ့တွေ၊ ဓာတ်မြေဩဇာနဲ့ ပိုးသတ်ဆေးတွေစတဲ့ သွင်းအားစုဈေးတွေက သုံးဆလောက် ဈေးမြင့်လာတဲ့အခါမှာတော့ ဈေးကောင်းရမယ့်အချိန်ကို မမျှော်လင့်နိုင်တော့ဘဲ လတ်လော စိုက်ပျိုးစရိတ် အရင်းအနှီး အခက်အခဲတွေကြောင့် စိုက်ပျိုးဧကတွေကို လျှော့ချလာရာကနေ သီးနှံဈေးကွက်အတွင်း ကုန်စည်ရှားပါး ပြတ်လပ်မှုတွေဖြစ်လာတာ ဖြစ်ပါတယ်။ 

လတ်တလော လက်လီဈေးကွက်မှာ ကုန်ရှားပါးလာတယ်လို့  ရန်ကုန်မြိုက ဒညင်းကုန်း လက္ကားကုန်စိမ်းဈေးကွက်က ကုန်စိမ်းရောင်းဝယ်သူတဦးက ပြောပါတယ်။

“အကုန်လုံးတက်တယ်။ မတက်တာမရှိဘူး။ အကုန်တက်တယ်။ ဈေးရုံထဲမှာ ဆိုဘာမှ မရှိဘူး။ တံမြတ်စည်းလှည်းထားလားအောက်မေ့ရတယ်။ အကုန်ရှားတယ်။”

လတ်တလောမှာ ရှမ်းတောင်ကနေ ကုန်စိမ်းဖြန့်ဝေနေတဲ့ ရှမ်းပြည်မြောက်ပိုင်းလမ်း၊ မကွေး၊ စစ်ကိုင်းစတဲ့ မြန်မာပြည်အလယ်ပိုင်းနဲ့ အထက်ပိုင်းလမ်းတွေအပြင် ရခိုင်ပြည်နယ်တခုလုံးကိုလည်း လမ်းတွေ ပိတ်ထားပါတယ်။

ဒါ့အပြင် မြဝတီလမ်းကြောင်းကလည်း ပိတ်ဆိုခံထားရတဲ့အတွက် ကုန်စိမ်းတောင်သူတွေ ဈေးကွက်ကျဥ်းမြောင်းလာပြီး စိုက်ဧကတွေလျှော့ချတာ၊ တခြားသီးနှံပြောင်းလဲ စိုက်ပျိုးလာကြ ပါတယ်။

မြန်မာတနိုင်ငံလုံးမှာ ကုန်စိမ်းတောင်သူ ၅ သိန်းလောက်ရှိပြီး အခုလိုဈေးကွက် အကျပ်အတည်းနဲ့ ကြုံလာချိန်မှာ ကုန်စိမ်းတောင်သူတွေအတွက် မကြုံစဖူး အခက်အခဲတွေနဲ့ ကြုံနေကြရပြီး ဈေးကွက်ထဲမှာ အသားငါးထက် ဟင်းသီးဟင်းရွက်တွေပိုပြီး ရှားသထက်ရှားလာနိုင်တယ်လို့ စိုက်ပျိုးထုတ်လုပ်ရောင်းချသူ အသိုင်းအဝိုင်းက ခန့်မှန်းနေကြပါတယ်။ 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013