DVB Logo
Home
မြန်မာသတင်း
ကရင်နီ စစ်ရှောင်များ ဘက်ပေါင်းစုံ အကျပ်အတည်းနှင့် ရင်ဆိုင်နေရ
မောရစ်
·
June 25, 2026
ကရင်နီ စစ်ဘေးရှောင်များ။ (Photo: DVB)
ကရင်နီ စစ်ဘေးရှောင်များ။ (Photo: DVB)
Donate to DVB

ကရင်နီပြည်နယ်အတွင်း မိုးရာသီကာလ လမ်းပန်းဆက်သွယ်ရေးတွေဟာ အရင်နှစ်တွေကထက် ဆိုးဝါးလာတာကြောင့် ကုန်စည်စီးဆင်းမှုတွေ ရပ်တန့်ပြီး ဒေသခံတွေနဲ့ စစ်ဘေးရှောင်ပြည်သူဟာ အကျပ်အတည်းပေါင်းစုံနဲ့ ရင်ဆိုင်နေရပါတယ်။

လက်ရှိ မော်တော်ယာဉ်လိုင်းအများစုဟာ လုပ်ငန်းတွေ ရပ်နားထားရပြီး စစ်ရှောင်စခန်းတချို့မှာလည်း လမ်းပန်းဆက်သွယ်ရေးခက်ခဲမှုတွေရဲ့ နောက်ဆက်တွဲအဖြစ် ကလေးငယ်တွေဟာ ပညာသင်ခွင့်တွေ ဆုံးရှုံးနေရပါတယ်။

ဒီးမော့ဆို-မော်ချီး-မယ်စဲ့ လမ်းကြောင်းပေါ်ရှိ မြေသားလမ်းတွေဟာ မိုးရာသီရောက်တိုင်း ကားအများစုက ရုန်းမရတော့ဘဲ လမ်းတလျှောက်လုံး ကားကောလမ်းပါ ပျက်စီးတာ များလာတဲ့အတွက် ခရီးသည်နဲ့ ကုန်ပို့တဲ့ ကားသမားအများစုဟာ လုပ်ငန်းတွေ ရပ်နားထားရတဲ့အထိ ကြုံနေရတာ ဖြစ်ပါတယ်။

မိုးတွင်းကာလတိုင်း ကြုံနေကျအခက်အခဲဖြစ်ပေမဲ့ ဒီနှစ်မှာတော့ လမ်းပိုင်းပျက်စီးမှုတွေက အရင်နှစ်တွေထက် ပိုဆိုးတယ်လို့ ဒီးမော့ဆို-မော်ချီးကို ကားဆွဲနေသူတယောက်က DVB ကို ပြောပါတယ်။

“အခု ကားနားပြီ၊ ဟိုကားက မနားလို့လည်း မရဘူး၊ ကား ဘယ်လိုမှ မရုန်းနိုင်ဘူး၊ တချို့ဆို အဲဒီမှာ ကားပျက်တဲ့လူက အများသား၊ လမ်းတလျှောက်လုံးပဲလေ။ ဟို အင်ဂျင်တလုံးလုံး လစ်သွားတဲ့လူလည်း ရှိတယ်၊ အမျိုးမျိုးပေါ့နော်၊ တစီးမဟုတ် တစီး ဖြစ်နေမှာပဲပေါ့နော်၊ တော်တော်များများ ကားပျက်တာပေါ့၊ ပြီးရင် ရတာနည်းနည်းနဲ့ ပြင်တာနဲ့ကို မလွယ်ဘူးလေ၊ တချို့ဆို ကားဘော်ဒီတောင် ကုန်ပဲ့နေတယ်၊ အဲဒါကို နားလိုက်ပြီး အခု မဖြစ်နိုင်တော့ဘူး။”

အခုလို လမ်းပန်းဆက်သွယ်ရေး ပြတ်တောက်မှုဒဏ်တွေဟာ ကရင်နီပြည်နယ်ထဲက စစ်ရှောင်စခန်းတွေဆီမှာပါ အကျိုးသက်ရောက်မှုတွေ ရှိလာနေပါတယ်။

စစ်ရှောင်ဦးရေ ၂၀၀ ကျော်ရှိတဲ့ ဖရူဆိုစစ်ရှောင်စခန်းတခုမှာတော့ မိုးရာသီမှာ ကြုံရတဲ့ လမ်းပျက်တဲ့ ပြဿနာကို တယောက်ကို ကျပ် ၁၀၀၀ စီ စိုက်ထုတ်ပြီး ကိုယ်ထူကိုယ်ထစနစ်နဲ့ သဲတွေဝယ်ပြီး လမ်းခင်း ဖြေရှင်းနေတယ်လို့ DVB ကိုပြောပါတယ်။

လမ်းမကောင်းတာရဲ့ နောက်ဆက်တွဲအနေနဲ့ စခန်းတွေမှာ ဆရာ၊ ဆရာမ မရှိတာကြောင့် ကလေးငယ်တွေဟာ ပညာသင်ခွင့် ဆုံးရှုံးနေရပါတယ်။

တခြားရွာက ကျောင်းတွေကို သွားပို့ချင်ပေမဲ့ လူမျိုးမတူတာကြောင့် ဘာသာစကား အခက်အခဲရှိနေတယ်လို့ စစ်ရှောင်တွေက ဆိုပါတယ်။

ဖရူဆို စစ်ရှောင်တယောက်က “ကျမတို့ စခန်းထဲမှာရှိတဲ့ စခန်းသူစခန်းသား အားလုံးပေါ့နော်။ တယောက် ၁,၀၀၀ တောင်းပြီးတော့မှ ကျမတို့ သူများ ပယ်ထားတဲ့ သဲတွေပေါ့နော်၊ သဲတွေ သွားဝယ်ပြီးတော့မှ လမ်းခင်းတယ်ပေါ့ ဆရာ။ နည်းနည်းလေး သွားလာလို့ အဆင်ပြေသလို ရှိတယ်၊ ဒါပေမဲ့ မိုးရွာတော့ မိုးရေ ရေစီးတော့ ပြန်ပါသွားပြန်ရော၊ မြောင်းကလည်း အများကြီး အဲဒီလို အနက်ကြီး မတူးနိုင်တဲ့အခါကျတော့လေ။ ဒီမှာကျတော့ မူကြိုပေါ့ ဆရာ၊ မူကြိုဆရာမက မရှိတဲ့အခါကျတော့ အစ်မတို့မှာ မူကြိုမဖွင့်နိုင်တော့ အဲဒီ ၅ နှစ် မပြည့်တပြည့် အရွယ်လေးတွေက ကျန်နေတာပေါ့၊ နောက် မူကြိုကျောင်းဆောင်ကလည်း မပြင်နိုင်တဲ့အခါကျတော့ မိုးက ယို အဲဒီလို”လို့ ပြောပါတယ်။ 

လက်ရှိ လမ်းအပျက်အစီးတွေကြောင့် မော်ချီးဒေသတွင်းမှာ ကုန်စည်ပြတ်လပ်ပြီး ကုန်ဈေးနှုန်း အဆမတန်မြင့်တက်လာနေသလို ကျန်းမာရေး အရေးပေါ်လူနာတွေ ဆေးရုံကို အချိန်မီမရောက်နိုင်ဘဲ လမ်းခရီးမှာတင် အသက်ဆုံးရှုံးရတဲ့ အခြေအနေတွေ ရှိနေပါတယ်။

ဒေသခံပြည်သူတွေက လမ်းတခုလုံးကို ကျောက်ချောလမ်း မခင်းပေးနိုင်ရင်တောင် အဆိုးဆုံးနေရာတွေကို ကျောက်ကြမ်းလမ်းအဖြစ် ကွက်ကြားပြင်ဆင်ပေးဖို့ တောင်းဆိုခဲ့ပေမဲ့ သက်ဆိုင်ရာ တာဝန်ရှိသူတွေဘက်က တစုံတရာ ပြင်ဆင်ပေးတာ မရှိခဲ့ကြောင်း ဒေသခံတွေက ဝေဖန်နေကြပါတယ်။ 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013