DVB Logo
Home
မြန်မာသတင်း
ဝိုင်းမော် စစ်ရှောင်ကလေးများ စာသင်ခန်း မလုံလောက်သဖြင့် ကျောင်းမတက်နိုင်
DVB
·
June 19, 2024
ဝိုင်းမော် စစ်ရှောင်ကလေးများ စာသင်ခန်း မလုံလောက်သဖြင့် ကျောင်းမတက်နိုင်
Donate to DVB

ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်၊ နောင်းချိန်းကျေးရွာထဲ တိမ်းရှောင်နေတဲ့ စစ်ရှောင်တွေထဲက ကျောင်းနေအရွယ် ကျောင်းသားကျောင်းသူ ၄၀၀လောက်က စာသင်ခန်း မလုံလောက်တာကြောင့် ကျောင်းမတက်နိုင်သေးဘူးလို့ သိရပါတယ်။

နောင်းချိန်းကျေးရွာက စစ်ရှောင်စခန်း ၁၃ ခုမှာ တိမ်းရှောင်နေတဲ့ ကျောင်းသားကျောင်းသူ ၁၀၀၀ ကျော်ထဲမှာ အယောက် ၄၀၀ လောက်ဟာ လက်ရှိအချိန်ထိ ကျောင်းမတက်နိုင်သေးဘူးလို့ စစ်ရှောင်တွေဆီက သိရပါတယ်။

နောင်းချိန်း အထက်တန်းကျောင်းမှာ နေရာ မလုံလောက်တာကြောင့် မနက်ပိုင်းနဲ့ ညပိုင်း တသုတ်စီခွဲသင်နေတဲ့ အခြေအနေဖြစ်ပေမဲ့ ကျောင်းနေအရွယ် စစ်ရှောင်ကလေး ၃ ပုံ ၂ ပုံလောက်ပဲ ကျောင်းတက်နိုင်သေးတယ်လို့ စစ်ရှောင်စခန်းတာဝန်ရှိသူတဦးက ပြောပါတယ်။

“ကလေးတွေအတွက်ကတော့ ဝန်ကြီးချုပ်က အကုန်လုံး ကျောင်းသားတိုင်း ကျောင်းတက်နိုင်ဖို့တော့ ပြောတယ်။ ဒါပေမဲ့ ကျနော်တို့ကျေးရွာမှာရှိတဲ့ ကျောင်းတွေက ရှိတဲ့ကျောင်းတွေက မဆံ့ဘူး။ မနက် ည ခွဲပြီးမှ တက်နေရတာကိုလည်း နေရာမရှိလို့ မတက်နိုင်တဲ့သူတွေ အများကြီးရှိပါတယ်။ ကလေးတွေက ၃ ပုံ ၂ ပုံလောက်ပဲ ကျောင်းသွားနိုင်သေးတယ်။ ကျန်တဲ့ ၃ ပုံ ၁ ပုံက ကျောင်းကို မရောက်နိုင်ဘူး။ ထပ်ရောက်လာတဲ့ စစ်ရှောင်တွေနဲ့ဆို ကျောင်းစာသင်ခန်းတွေက မဆံ့ဘူး။ ဆရာ/ ဆရာမ အင်အားလည်း နည်းတယ်။"

စစ်ရှောင်စခန်းရှိတဲ့ မခေါယန်၊ မခေါတီ၊ လဘန်၊ အင်ပေါင်၊ ဟန်ဂေါ်၊ အင်ဂန်း၊ မလိယန်နဲ့ ခမ်းဘူ-အစရှိတဲ့ ကျေးရွာတွေမှာ မူလတန်းနဲ့ အလယ်တန်းကျောင်းတွေပဲ ရှိတာကြောင့် အထက်တန်းအထိရှိတဲ့ နောင်းချိန်းကျေးရွာမှာ စစ်ရှောင်စခန်းတိုင်းက ကလေးတွေဟာ အထက်တန်း လာရောက်တက်ကြတာလို့ သိရပါတယ်။

အစိုးရကျောင်းမှာ သွားမတက်နိုင်တဲ့ မူလတန်းကလေးတွေနဲ့ အလယ်တန်းကလေးတွေကို စစ်ရှောင်စခန်းအတွင်းမှာ ကျောင်းတက်နိုင်အောင် KBC ပညာရေးအဖွဲ့ကနေ လုပ်ဆောင်နေပေမဲ့ အိမ်ဆောင်တန်းတွေ ဆောက်လုပ်မပြီးသေးတဲ့ အခြေအနေဖြစ်နေတာကြောင့် ကျောင်းဘက်ကို ဦးစားမပေးနိုင်သေးဘူးလို့ ဆိုပါတယ်။

လက်ရှိ နောင်းချိန်းစစ်ရှောင်စခန်းမှာ စစ်ရှောင်ဦးရေ ၅၆၀၀ ကျော် ရှိနေပြီး ဒီထဲက ၁၀၀၀ ကျော်က ကျောင်းနေအရွယ် ကလေးတွေဖြစ်ပြီး အယောက် ၉၀၀ ကျော်သာ ကျောင်းတက်နိုင်သေးတာကြောင့် ကျောင်းမတက်ရောက်နိုင်သေးတဲ့ ကျောင်းသားကျောင်းသူ ၄၀၀ ကျော် ကျောင်းတက်နိုင်ရေးအတွက် အကူအညီတွေ လိုအပ်နေကြတာ ဖြစ်ပါတယ်။

စစ်ဘေးရှောင်တဦးက “ကျနော်တို့က ယာယီစစ်ဘေးရှောင်နေရတာ ဖြစ်တယ်။ စစ်ရှောင်နေရရင်လည်း ပညာဆက်လက်ပြီးသင်နိုင်အောင်၊ ပြီးတော့ စားဝတ်နေရေး ဖူလုံနိုင်အောင် ကူညီပေးကြပါလို့ မေတ္တာရပ်ခံအပ်ပါတယ်”လို့ ပြောပါတယ်။

ဝိုင်းမော်-လိုင်ဇာလမ်းပေါ်က စစ်ကောင်စီတပ်စခန်းတွေကို KIA ကနေ မေ ၁၈ ရက်က ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီး အဲဒီလမ်းပေါ်က စစ်ကောင်စီရဲ့စခန်းအားလုံးကို သိမ်းပိုက်နိုင်ခဲ့ကာ ဝိုင်းမော်မြို့တွင်းရပ်ကွက်တွေအထိ တိုက်ပွဲတွေဖြစ်ပွားလာတာကြောင့် ဒေသခံတွေ တိမ်းရှောင်နေရတာပါ။

အဲဒါကြောင့် ဝိုင်းမော်မြို့ရဲ့တောင်ဘက်ခြမ်း၊ ဧရာဝတီမြစ်တလျှောက်က ခတ်ချို၊ မခန္တီး၊ နောင်းဟီး၊ အာလူး၊ တာလီ၊ စန်းကား၊ ခန့်လုံး၊ မိုင်းမော်နဲ့ တာစန်း-စတဲ့ကျေးရွာတွေအပါ အင်းလေး၊ ခါးရှီ၊ အောင်မြေ (၁)၊ အောင်မြေ (၂)၊ ရွှေညောင်ပင်၊ ဂါးရာယန်၊ ကဇူးယန်၊ ဒဘတ်ယန်နဲ့ နမ်ဆန်ယန်-စတဲ့ကျေးရွာက ဒေသခံတွေ ရွာလုံးကျွတ် တိမ်းရှောင်သွားပြီ ဖြစ်ပါတယ်။

ဒါ့အပြင် ဝိုင်းမော်မြို့ပေါ်ရပ်ကွက်တွေဖြစ်တဲ့ ရပ်ကွက် ၁၊ ၂၊ ၃၊ ၄၊ ၅ ကဒေသခံတွေအပါ မြို့အရှေ့ဘက်က ဝိုင်းမော်-ဝါရှောင်လမ်းတလျှောက်ဘက်က ကျေးရွာတွေဖြစ်တဲ့ မဒိန်၊ တန်ဘောင်၊ ခကွမ်၊ လဘန်၊ ဝူယန်၊ မုတ်ကျိတ်၊ နမ့်ဝါနဲ့ လမြန်-စတဲ့ရွာတွေက ဒေသခံတွေအပါ ဝါရှောင်ကျေးရွာဘက်က ဒေသခံတချို့လည်း တိမ်းရှောင်နေကြတယ်လို့ သိရပါတယ်။

 ဟန်န

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013