DVB Logo
Home
မြန်မာသတင်း
ထိုင်းတွင် နို့မှုန့်တုဂိုဒေါင် ဝင်ရောက်စီးနင်း၊ တရားမဝင်ရွှေ့ပြောင်းလုပ်သား ၆ ဦး ဖမ်းဆီးခံရ 
DVB
·
June 19, 2024
ထိုင်းတွင် နို့မှုန့်တုဂိုဒေါင် ဝင်ရောက်စီးနင်း၊ တရားမဝင်ရွှေ့ပြောင်းလုပ်သား ၆ ဦး ဖမ်းဆီးခံရ 
Donate to DVB

ထိုင်းနိုင်ငံအလယ်ပိုင်း၊ စမွတ်ပရကန်ခရိုင်၊ ဖရပဒဲန်းမြို့နယ်ထဲမှာ ဗီယက်နမ်နိုင်ငံက လာတဲ့ နို့မှုန့်အတု၊ ကလေးဖြည့်စွက်စာအတုတွေထားတဲ့ ဂိုဒေါင်ကို တာဝန်ရှိသူတွေက သွားရောက်စီးနင်းခဲ့ရာမှာ မြန်မာ အပါအဝင်  ရွှေ့ပြောင်းလုပ်သား ၆ ဦးပါ ဖမ်းဆီးခံခဲ့ရပါတယ်။ 

အွန်လိုင်းပေါ်ကနေ မှာယူခဲ့တဲ့ နို့မှုန့်တွေဟာ အတုဖြစ်နေကြောင်း စားသုံးသူတွေက တိုင်ကြားလာတဲ့အတွက် အချိန်အတိုင်းအတာတခုအထိ စုံစမ်းထောက်လှမ်းပြီး အဆိုပါပစ္စည်းတွေ သိုလှောင်ထားတဲ့ ဖရပဒဲန်းမြို့နယ် ဘန်ခရုရပ်ကွက်ရှိ ဂိုဒေါင်တခုကို သွားရောက်စီးနင်း ဖမ်းဆီးခဲ့တယ်လို့ ဗဟိုစုံစမ်းစစ်ဆေးရေးရဲတပ်ဖွဲ့ (CIB) နဲ့ အစားအစာနဲ့ဆေးဝါးမှတ်ပုံတင်ဌာန ( FDA ) တာဝန်ရှိသူတွေက ဇွန် ၁၃ ရက် သတင်းစာရှင်းပွဲမှာ ပြောပါတယ်။

အဆိုပါဂိုဒေါင်ကနေ တရားမဝင်ပစ္စည်းအမျိုးအစားပေါင်း ၄၁ မျိုးနဲ့ ပစ္စည်းအရေအတွက် ၂၀၀၀၀ ကျော် ဖမ်းမိခဲ့တယ်၊ အဲဒီထဲမှာ  တံဆိပ်အမျိုးမျိုးပါ  နို့မှုန့် ၁၂၆၂၅ ဘူး၊ ကလေး အာဟာရဖြည့်စွက်စာ ၁၇၇၆ ထုပ်၊ အစာနဲ့ဆေးဝါးဌာန ထောက်ခံချက်မပါတဲ့ ဗီတာမင် ၉၅ မျိုး၊ မှတ်ပုံတင်ထားခြင်းမရှိတဲ့ အင်ဆူလင်၊ လိင်အားတိုးဆေး အပါအဝင် ဆေးဝါး ၃၆၆၀ ဘူး ဖမ်းဆီး ရမိပြီး ကာလတန်ဖိုး  ထိုင်းဘတ် ၁၈ သန်းကျော်ရှိတယ်လို့ တာဝန်ရှိသူက ပြောပါတယ်။ 

ဒါ့အပြင်  ဂိုဒေါင်မှာ ပစ္စည်းတွေထုပ်ပိုးနေတဲ့ မြန်မာနဲ့ လာအို အလုပ်သမား ၆ ယောက် ပါတွေ့ရှိတယ်၊ သူတို့မှာ နိုင်ငံထဲ တရားဝင် ဝင်လာတဲ့ အထောက်အထားရှိပေမဲ့ အလုပ်လုပ်ခွင့် ပါမစ်မရှိတာကြောင့် ဖမ်းဆီးထားတယ်လို့  ဆိုပါတယ်။

အဆိုပါပစ္စည်းတွေဟာ ဗီယက်နမ်နိုင်ငံ ဟနွိုင်းမြို့ကနေ တင်သွင်းလာပြီး ပိုင်ရှင်ဟာလည်း ဗီယက်နမ်နိုင်ငံသားတွေ ဖြစ်တယ်၊ တာဝန်ရှိသူတွေ ရောက်သွားချိန် ပိုင်ရှင်ကတော့ ဗီယက်နမ် နိုင်ငံကို ပြန်သွားနေတယ်လို့ ဆိုပါတယ်။

သူတို့ဟာ အဆိုပါတရားမဝင်ပစ္စည်းတွေကို ဝက်ဘ်ဆိုက်တွေကနေ ကြော်ငြာရောင်းချတယ်။  CIB က စုံစမ်းရသလောက် ဝက်ဘ်ဆိုက် အနည်းဆုံး ၁၁ ခုရှိပြီး ကုန်ပစ္စည်းတွေဟာ အမေရိကန်နဲ့ နယူးဇီလန်ကနေ ထောက်ခံချက်ရထားကြောင်း၊  ပစ္စည်းအရည်အသွေး ကောင်းမွန်ကြောင်း၊ ဘယ်နေ့ကနေ ဘယ်နေ့ထိ အထူးလျှော့ဈေးနဲ့ရမယ် စသဖြင့် ဓာတ်ပုံနဲ့ရော ဗွီဒီယိုတွေနဲ့ပါ ကြော်ငြာထားတယ်။ ဒါပေမဲ့လည်း ထိုင်းနိုင်ငံက ပစ္စည်းအမျိုးမျိုး ဆက်သွယ် ရောင်းချပေးနေတဲ့  Lazada ၊ Shopee တို့လို နာမည်ကြီးကုမ္ပဏီတွေကနေတော့ မှာယူလို့ မရဘူး။ သူတို့နေရာ သိမှာစိုးလို့  ငွေကို ပစ္စည်းရောက်မှ ပေးချေရတယ်လို့ တာဝန်ရှိသူက ပြောပါတယ်။

တာဝန်အရှိဆုံးတရားခံ ဗီယက်နမ်နိုင်ငံသားကို ဖမ်းဆီးအရေးယူဖို့ ဆောင်ရွက်နေပြီး လောလောဆယ် လာအိုနဲ့ မြန်မာလုပ်သား ၆ ဦးကို အစာနဲ့ဆေးဝါးတုပမှု၊ အစာနဲ့ ဆေးဝါးကွပ်ကဲရေးဌာန ထောက်ခံချက်မပါတဲ့ ပစ္စည်းတွေ သိုလှောင်ထားမှု၊ ရောင်းဝယ်ဖြန့်ဖြူးမှု၊ ခွင့်ပြုချက်မရဘဲ အလုပ်ဝင်ရောက်လုပ်ကိုင်မှု၊ တရားမဝင်လုပ်ငန်း ဝင်ရောက်လုပ်ကိုင်မှု စတဲ့ စွဲချက်တွေနဲ့ အရေးယူသွားမယ်လို့ ပြောပါတယ်။

Source: Matichon/TNews/ Bright TV 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013