DVB Logo
Home
အားကစား
ဂျာမနီ အနိုင်ရမည်ဟု ဝက်ကလေး ခန့်မှန်းချက် အပါအဝင် ယူရို ၂၀၂၄ ပြိုင်ပွဲ နောက်ဆုံးရ သတင်းများ
DVB
·
June 19, 2024
ဂျာမနီ အနိုင်ရမည်ဟု ဝက်ကလေး ခန့်မှန်းချက် အပါအဝင် ယူရို ၂၀၂၄ ပြိုင်ပွဲ နောက်ဆုံးရ သတင်းများ
Donate to DVB

ယူရိုပြိုင်ပွဲတလျှောက် အသက်ကြီးဆုံးကစားသမား ပီပီ

ပေါ်တူဂီနောက်ခံလူ ပီပီဟာ ဒီနေ့မနက် ချက်ကို  (၂-၁) ဂိုးနဲ့ အနိုင်ရတဲ့ အုပ်စုအဖွင့်ပွဲစဉ်မှာ ပါဝင် ကစားခဲ့တာကြောင့် ယူရိုပြိုင်ပွဲတလျှောက် အသက်အကြီးဆုံး ကစားသမား ဖြစ်လာပါတယ်။​

အသက် ၄၁ နှစ်၊ ၁၁၃ ရက်နဲ့ အသက်ကြီးဆုံး ပြိုင်ပွဲဝင်ဖြစ်တဲ့ ပီပီဟာ ဟန်ဂေရီဂိုးသမားရဲ့ အသက်အကြီးဆုံးစံချိန်ကို ကျော်ဖြတ်နိုင်ခဲ့တာပါ။

ဟန်ဂေရီဂိုးသမားဟာ ယူရို ၂၀၁၆ ခုနှစ်က အသက် ၄၀၊ ၈၆ ရက်နဲ့ ယူရိုပြိုင်ပွဲတလျှောက် အသက်အကြီးဆုံး ကစားသမားအဖြစ် စံချိန်တင်ထားတာ ဖြစ်ပါတယ်။

ဂျာမနီအသင်း အနိုင်ရမည်ဟု လူဝံကြီးနှင့် ဝက်ကလေး ခန့်မှန်း

ဟန်ဂေရီနဲ့ ကစားမယ့်ပွဲမှာ ဂျာမနီ အနိုင်ရမယ်လို့ လူဝံကြီးနဲ့ ဝက်ကလေးတို့က ခန့်မှန်းပေးထားပါတယ်။

ဒေါ့မွန်မြို့က လူဝံကြီး ဝေါ်တာဟာ စကော့တလန်နဲ့ပွဲမှာ ဂျာမနီနိုင်မယ်လို့ ခန့်မှန်းပေးခဲ့ပြီး အခု ဒုတိယပွဲမှာလည်း အနိုင်ရမယ်လို့ ခန့်မှန်းထားပါတယ်။

အသက် ၃၅ နှစ်အရွယ်ရှိ ဝေါ်တာဟာ ပြီးခဲ့တဲ့ ယူရိုနဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲတွေမှာလည်း ခန့်မှန်းမှုတွေ ပြုလုပ်ခဲ့ဖူးပါတယ်။

ဖရန့်ဖတ်တိရစ္ဆာန်ရုံက ဝက်ကလေး အက်ဘေးကလည်း ဟန်ဂေရီနဲ့ပွဲမှာ ဂျာမနီ အနိုင်ရမယ်လို့ ခန့်မှန်းပေးထားပါတယ်။

တူရကီ-ဂျော်ဂျီယာပွဲမတိုင်မီ ပရိသတ်များ ခိုက်ရန် ဖြစ်ပွား

တူရကီနဲ့ ဂျော်ဂျီယာပွဲမတိုင်မီ နှစ်ဖက်အသင်း ပရိသတ်တွေ ခိုက်ရန်ဖြစ်ပွားခဲ့ကြပါတယ်။

ဒီရန်ပွဲမှာ ပရိသတ် ၄၀ လောက် ပါဝင်ခဲ့ပြီး ရဲတပ်ဖွဲ့က ထိန်းသိမ်းခဲ့ရတာဖြစ်ပါတယ်။​

နှစ်ဖက်အသင်းပရိသတ်တွေ ကွင်းထဲမှာ ရန်ဖြစ်တာက ၂၀၂၄ ပြိုင်ပွဲရဲ့ ပထမဆုံး ကွင်းအတွင်းမှာဖြစ်ခဲ့တဲ့ ရန်ပွဲလည်း ဖြစ်ပါတယ်။

အဲဒီပွဲမှာ တူရကီက ဂျော်ဂျီယာအသင်းကို ၃-၁ ဂိုးနဲ့ အနိုင်ရခဲ့ပြီး အဖွင့်ပွဲမှာ အမှတ်ပြည့်ရခဲ့ပါတယ်။

တူရကီရဲ့နိုင်ပွဲကြောင့် ပရိသတ်တွေဟာ ကွင်းကနေ ထွက်ခွာလာတဲ့တလျှောက် အလံများ၊​ မီးရှူးများ ဝှေ့ယမ်းပြီး ဒေါ့မွန်မြို့လယ်မှာ အောင်ပွဲခံခဲ့ကြပါတယ်။​

ဂျာမနီနှင့်ပွဲတွင် ဟန်ဂေရီအသင်း ရလဒ်ကောင်းရန်လိုအပ်

ပထမပွဲမှာ ရှုံးနိမ့်ထားတဲ့ ဟန်ဂေရီအသင်းဟာ အိမ်ရှင် ဂျာမနီနဲ့ပွဲစဥ်မှာ ရလဒ်ကောင်းတွေရဖို့ လိုအပ်နေပါတယ်။

ဆွစ်ဇာလန်ကို ၃-၁ ဂိုးနဲ့ ရှုံးနိမ့်ထားတဲ့ ဟန်ဂေရီဟာ ရှုံးထွက်အဆင့်ကို တက်နိုင်ဖို့ လက်ကျန် ၂ ပွဲ ရလဒ်က အရေးကြီးနေပါတယ်။

ဟန်ဂေရီဟာ ဂျာမနီနဲ့တွေ့ခဲ့ဖူးတဲ့ နောက်ဆုံး ၃ ကြိမ်မှာ မရှုံးခဲ့သလို ၂၀၂၂ ခုနှစ်က အနိုင်ရဖူးတဲ့ အစဥ်အလာလည်း ရှိပါတယ်။

ဒါပေမဲ့ အိမ်ရှင် ဂျာမနီအသင်းဟာ အဖွင့်ပွဲစဥ်မှာ ၅ ဂိုးသွင်းပြီး ခြေစွမ်းပြခဲ့သလို နည်းပြ ရော့ဆီ အတွက်လည်း ဂျာမနီကို ပထမဆုံး ရင်ဆိုင်ရတာ ဖြစ်ပါတယ်။

ဟန်ဂေရီဟာ ဂျာမနီထက် ဖိအားပိုများကြောင်း ဂျာမနီနည်းပြက ထုတ်ဖော်ပြောဆိုထားပါတယ်။

Photo-Reuters

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013