DVB Logo
Home
မြန်မာသတင်း
ကိုသက်နှင်းအောင်ကို ပြန်လွှတ်ပေးရန် နိုင်ငံတကာအလုပ်သမားအဖွဲ့များ တောင်းဆို
DVB
·
June 18, 2024
ကိုသက်နှင်းအောင်ကို ပြန်လွှတ်ပေးရန် နိုင်ငံတကာအလုပ်သမားအဖွဲ့များ တောင်းဆို
Donate to DVB

စစ်ကောင်စီရဲ့ အဓမ္မဖမ်းဆီးအကျဉ်းချတာခံထားရတဲ့ အလုပ်သမားခေါင်းဆောင် ကိုသက်နှင်းအောင်ကို ပြန်လွှတ်ပေးဖို့ နယ်သာလန်အလုပ်သမားအဖွဲ့က ဦးဆောင်ပြီး ပို့စကတ်ကမ်ပိန်းပြုလုပ် တောင်းဆိုလိုက်ပါတယ်။

မြန်မာနိုင်ငံ စက်မှုလက်မှုနှင့် ဝန်ဆောင်မှုလုပ်ငန်းပေါင်းစုံ အလုပ်သမားသမဂ္ဂများအဖွဲ့ ချုပ် (MICS-TUsF)ရဲ့ အထွေထွေအတွင်းရေးမှူးချုပ်လည်းဖြစ်တဲ့ ကိုသက်နှင်းအောင်ကို ပြန်လွှတ်ပေးဖို့ နယ်သာလန်နိုင်ငံမှာ  မကြာသေးခင်က ပြုလုပ်ခဲ့တဲ့ အလုပ်သမားအခမ်းအနားမှာ တက်ရောက်ခဲ့သူတွေက  လက်မှတ်ရေးထိုးတောင်းဆိုခဲ့ကြတာဖြစ်ပါတယ်။

MICS-TUsF တာဝန်ရှိသူတဦးက "သူတို့အနေနဲ့ တတ်နိုင်တဲ့ဘက်ကနေ တောင်းဆိုမှုတွေ လုပ်ပေးနေတယ်ဆိုတဲ့ သဘောလို့သိရပါတယ်။ ဒါ့အပြင် ကိုသက်နှင်းအောင်ကိုလည်း သိရှိစေလိုတဲ့ဆန္ဒရှိတယ်။ ကျနော်တို့အဖွဲ့ချုပ်ကို ဆက်သွယ်လာပြီး လက်မှတ်ရေးထိုးတောင်းဆို ထားတဲ့ ပို့စကတ်တွေ ပေးပို့လာတာပါ"လို့ ပြောပါတယ်။

အဲဒီပို့စကတ်ကမ်ပိန်းမှာ လက်မှတ်ရေးထိုးတောင်းဆိုပေးထားသူ အယောက်  ၆၀ ကျော်ရှိပြီး သူတို့အနေနဲ့ နိုင်ငံတကာမိတ်ဖက်အလုပ်သမားအဖွဲ့တွေ၊ သက်ဆိုင်ရာနိုင်ငံအစိုးရတွေဆီ ကိုသက်နှင်းအောင် မတရားဖမ်းဆီးခံထားရမှုနဲ့ပတ်သက်တဲ့ သတင်းအချက်အလက် ဖြန့်ဝေပေးမှုတွေရှိနေတယ်လို့လည်း ဆိုပါတယ်။

စစ်ကောင်စီက ကိုသက်နှင်းအောင်ကို ၂၀၂၁ နှစ်လယ်ပိုင်းက ဖမ်းဆီးခဲ့တာဖြစ်ပြီး ကနဦးအနေနဲ့ မတရားအသင်း ဆက်သွယ်မှုနဲ့  ထောင်ဒဏ် ၂ နှစ် ချမှတ်ခဲ့ပါတယ်။

အဲဒီထောင်ဒဏ်ဟာ ပြီးခဲ့တဲ့နှစ်ဇွန်လမှာပြည့်သွားပြီဖြစ်ပေမဲ့ ပြန်လွတ်မယ့်ရက်မှာပဲ လွှတ်မပေးဘဲ ပြန်လည်ဖမ်းဆီးခဲ့ပြီး ၂၀၂၃ နှစ်ကုန်ပိုင်းမှာ အကြမ်းဖက်မှု ဥပဒေပုဒ်မ ၅၂(က)နဲ့ အလုပ်ကြမ်းနဲ့ ထောင် ၇ နှစ်ထပ်ချခံရတာ ဖြစ်ပါတယ်။

လက်ရှိ ကိုသက်နှင်းအောင်မှာ အင်းစိန်ထောင်မှာထိန်းသိမ်းခံထားရပြီး နဂိုကျန်းမာရေး မကောင်းသူဖြစ်တာကြောင့် စိုးရိမ်နေရတယ်လို့ သူနဲ့နီးစပ်သူတွေက ပြောပါတယ်။

ကိုသက်နှင်းအောင်နဲ့ အလုပ်သမားအရေးလှုပ်ရှားသူတွေ မတရားဖမ်းဆီးခံထားရသူတွေကို ပြန်လွှတ်ပေးဖို့   ILOနဲ့ နိုင်ငံတကာအလုပ်သမားအဖွဲ့တွေကလည်း တောင်းဆိုထားကြပါတယ်။

စစ်တပ်အာဏာသိမ်းပြီးနောက် နိုင်ငံတဝန်း ဖမ်းဆီးခံထားရသူ ၂၅၀၀၀ နီးပါးရှိပြီး အဲဒီထဲက ၂၀၀၀၀ လောက်ဟာ ထိန်းသိမ်းခံရဆဲဖြစ်ကာ ၇,၀၀၀ကျော်မှာ ထောင်ဒဏ်ချမှတ်ခံထားရတယ် လို့ နိုင်ငံရေးအကျဥ်းသားများကူညီစောင့်ရှောက်ရေးအသင်း (AAPP)ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013