DVB Logo
Home
မြန်မာသတင်း
စစ်တပ် လုံခြုံရေးယူထားသည့် သနပ်ပင်လောင်းကစားဝိုင်းကို PDF တပ်များ စီးနင်းပစ်ခတ်
DVB
·
June 18, 2024
စစ်တပ် လုံခြုံရေးယူထားသည့် သနပ်ပင်လောင်းကစားဝိုင်းကို PDF တပ်များ စီးနင်းပစ်ခတ်
Donate to DVB

ပဲခူးတိုင်း၊ သနပ်ပင်မြို့နယ်၊ သနတ်တန်းရွာမှာ ပြုလုပ်နေတဲ့ လောင်းကစားဝိုင်းကို ဇွန် ၁၆ ရက် မနက်မှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) တွေက ဝင်ရောက်ပစ်ခတ်ရှင်းလင်းခဲ့တယ်လို့ သိရပါတယ်။

အဲဒီလောင်းကစားဝိုင်းကို နယ်မြေခံ စစ်ကောင်စီရဲ့ ခွင့်ပြုချက်နဲ့ ပြုလုပ်နေတာဖြစ်ပြီး ဒေသခံတွေ တိုင်ကြားလာတာကြောင့် ဝင်ရောက်ရှင်းလင်းရတာလို့ ‌သနပ်ပင်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူတဦးက ပြောပါတယ်။

“ဒီလော‌င်းကစားဝိုင်းက ရွာလယ်မြစ်ကမ်းဘေးမှာ လုပ်‌နေတာ။ နယ်မြေခံတွေ တိုင်တာလည်း ၃ ခါလောက် ရှိနေပါပြီ။ စကစနဲ့ ပျူစောထီးတွေက လုံခြုံရေးယူထားတော့ သူတို့ရှိနေတဲ့နေရာကို အရင်ပစ်ပြီးမှ လောင်းကစားဝိုင်းထဲ ဝင်ရှင်းတာပါ။ ဒီလောင်းကစားဝိုင်းကို ရှင်းဖို့ ကျနော်တို့လည်း ၄ ရက်လောက် အချိန်ယူရပါတယ်။”

အဲဒီလောင်းကစားဝိုင်းကို သနပ်ပင်မြို့နယ်၊ ကျီးပင်စုရွာ ပြည်သူ့စစ်ခေါင်းဆောင် ရဲမင်းထွန်း ဆိုသူက ဦးဆောင်ပြုလုပ်နေတာဖြစ်ပြီး နယ်မြေခံ စစ်ကောင်စီတပ်ဖွဲ့နဲ့ ရဲတပ်ဖွဲ့ဝင်တွေကို ကျပ်သိန်း ၂၀၀ ပေးကာ ၁၅ ရက်ခန့် လောင်းကစားဝိုင်း ပြုလုပ်ခွင့်ရထားတာလို့လည်း သိရပါတယ်။

ဆက်လက်ပြီး တာဝန်ရှိသူက “လောင်းကစားဝိုင်းက လုပ်နေတာ ကြာလှပြီ။ တမင်ကိုလုပ်နေတာပါ။ စကစနဲ့ပေါင်းပြီး လိုင်းကြေးပေးပြီး လုပ်နေကြတာပါ။ စကစနဲ့ ပျူစောထီးတွေက လုံခြုံရေးယူပေးထားတာဆိုတော့ ကျနော်တို့လည်း ပစ်ရှင်း ဝင်ရှင်းရတာ။ အခုလည်း စကစတွေ ကျီးပင်စု ဘုန်းကြီးကျောင်းမှာ တပ်စွဲထားတယ်။ အယောက် ၇၀ လောက်ပါတယ်” လို့ ပြောပါတယ်။

ပစ်ခတ်မှုအတွင်း စစ်ကောင်စီဘက်က ထိခိုက်မှုကို အတည်ပြုဖို့ စုံစမ်းနေဆဲဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေဘက်က အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာလာနိုင်တယ်လို့ သိရပါတယ်။

အဲဒီပစ်ခတ်မှုကို သနပ်ပင်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နဲ့ ဝေါမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့ ပူးပေါင်းဆောင်ရွက်ခဲ့တာလို့ သိရပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013