DVB Logo
Home
မြန်မာသတင်း
ပြည်ပစေလွှတ်အလုပ်သမား၏ တရားဝင်လွှဲပို့ငွေအထောက်အထားမပြနိုင်သည့် အေဂျင်စီ အရေးယူခံရမည်
DVB
·
June 18, 2024
ပြည်ပစေလွှတ်အလုပ်သမား၏ တရားဝင်လွှဲပို့ငွေအထောက်အထားမပြနိုင်သည့် အေဂျင်စီ အရေးယူခံရမည်
Donate to DVB

ပြည်ပကို စေလွှတ်ထားတဲ့ အလုပ်သမားမှ မိသားစုဆီ တရားဝင်လွှဲပို့ငွေ အထောက်အထားမတင်ပြနိုင်တဲ့ အေဂျင်စီကို လိုင်စင်ပိတ်အရေးယူမယ်လို့ စစ်ကောင်စီ အလုပ်သမားဝန်ကြီးဌာနက သတိပေးအကြောင်းကြားထားပါတယ်။

ပြည်ပနိုင်ငံတွေဆီ အေဂျင်စီကတဆင့် တရားဝင်သွားရောက်အလုပ်လုပ်နေတဲ့ မြန်မာ အလုပ်သမားတွေရဲ့ မိသားစုထံ လွှဲပို့ပေးတဲ့ လစာရဲ့ ၂၅ ရာခိုင်နှုန်းကို တရားဝင် ဘဏ်တွေကနေ လွှဲပို့ထားကြောင်း အထောက်အထားတွေကို ပို့ဆောင်ပေးတဲ့ အေဂျင်စီတွေက အလုပ်သမားဝန်ကြီးဌာနထံ တင်ပြရမယ်လို့ အေဂျင်စီတွေဆီ အကြောင်းကြားထားတဲ့စာမှာ ဖော်ပြထားပါတယ်။

အေဂျင်စီတွေအနေနဲ့ ၂၀၂၃ စက်တင်ဘာကနေ ၂၀၂၄ ဧပြီအထိ စေလွှတ်ထားတဲ့ အလုပ်သမား တွေရဲ့ မိသားစုဆီပေးပို့ငွေစာရင်း၊ အထောက်အထားတွေကို ပြုစုပြီး ဇွန်လမှ စတင်ကာ လစဉ် လဆန်း ၅ ရက်ထက် နောက်မကျဘဲ ပေးပို့ရမယ်လို့ ကနဦး အသိပေးအကြောင်းကြားထားပြီးဖြစ်တယ်လို့ ဆိုပါတယ်။

အဲဒီထဲကမှ အလုပ်သမားတွေရဲ့ တရားဝင်ဘဏ်တွေကနေ ငွေလွှဲပို့ကြောင်းကို ၂၀၂၃ ခု စက်တင်ဘာမှ ဒီဇင်ဘာအထိ အလုပ်သမား အယောက် ၅၀ နဲ့အထက် စေလွှတ်ခဲ့တဲ့ အေဂျင်စီ တွေအနေနဲ့ စာရင်းအထောက်အထားပေးပို့ဖို့ စစ်ကောင်စီအလုပ်သမားဝန်ကြီးဌာနက ထပ်မံညွှန်ကြားလိုက်တာပါ။

ပြည်ပကို သွားရောက်အလုပ်လုပ်ကိုင်တဲ့ အလုပ်သမားစာရင်းတွေအရ လုပ်သား ၅၀ နဲ့အထက် စေလွှတ်ခဲ့တဲ့ အေဂျင်စီတွေမှာ ၂၀၂၃ စက်တင်ဘာအတွင်း အေဂျင်စီ ၆၅ ခု၊ အောက်တို ဘာအတွင်း အေဂျင်စီ ၇၈ ခု၊ နိုဝင်ဘာအတွင်း အေဂျင်စီ ၈၃ ခု၊ ဒီဇင်ဘာအတွင်း ၅၆ ခု ရှိခဲ့တယ်လို့ စစ်ကောင်စီ အလုပ်သမားဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

အဲဒီ အေဂျင်စီတွေအနေနဲ့ စေလွှတ်ခဲ့တဲ့ အလုပ်သမားတွေက ပြည်ပရောက်လစာ ၂၅ ရာခိုင်နှုန်းကို မိသားစုတွေဆီ တရားဝင်ဘဏ်များမှတဆင့် လွှဲပြောင်းပေးပို့တဲ့ အထောက် အထားတွေကို ဇွန် ၂၈ ရက် နောက်ဆုံးပေးပို့ရမှာဖြစ်ပြီး အချိန်မီ မပေးပို့နိုင်ပါက အေဂျင်စီတွေရဲ့ စေလွှတ်ရေးလုပ်ငန်းစဉ်တွေကို ယာယီဆိုင်းငံ့သွားမယ်လို့ သတိပေးထားပါတယ်။

အခုလို ပြည်ပရောက်အလုပ်သမားတွေရဲ့ လွှဲပို့ငွေကိစ္စအတွက် အေဂျင်စီတွေကို အကျပ်ကိုင်လာတာကြောင့် အခက်တွေ့နေကြရတယ်လို့ ပြည်ပအလုပ်အကိုင်အေဂျင်စီလုပ်ငန်းရှင်တဦးက ပြောပါတယ်။

“တဖက်နိုင်ငံရောက်သွားတဲ့ အလုပ်သမားက သူ့ပိုက်ဆံ သူ့သဘော အသုံးပြုမှာပဲလေ။ ဒါကို ကြားထဲက လိုက်ပြောရတာ လွယ်တာမှမဟုတ်တာ။ လွှတ်လိုက်တဲ့အ လုပ်သမားအားလုံးက အထောက်အထား စာရင်းပေးချင်မှပေးမှာ။ မပေးတဲ့ဟာကျ ဘယ်လိုလုပ် ပြန်တင်ပြနိုင်မှာလဲ။ အဲ ဒီကိစ္စ အေဂျင်စီတွေလည်း ခေါင်းခဲနေကြတယ်။” 

ပြည်ပကို အလုပ်သမားစေလွှတ်ခွင့် အကျိုးဆောင်လိုင်စင်ရယူထားတဲ့ အေဂျင်စီအရေအတွက်ဟာ ၅၅၀ ကျော်ရှိပြီး အလုပ်သမားတွေရဲ့ လွှဲပို့ငွေစာရင်း အထောက်အထားတင်ပြဖို့ကို အေဂျင်စီအများစုက အခက်တွေ့နေရတာလို့ လုပ်ငန်းရှင်တဦးက ပြောပါတယ်။

စစ်ကောင်စီအနေနဲ့ နိုင်ငံခြားဝင်ငွေလိုအပ်ချက်မြင့်မားနေတာကြောင့် ပြည်ပရောက် အလုပ်သမားတွေဆီက လစာရဲ့ ၂ ရာခိုင်နှုန်း အခွန်ကောက်တာ၊ မိသားစုဆီ လစာရဲ့ ၂၅ ရာခိုင်နှုန်းလွှဲပို့ဖို့ ဖိအားပေးမှုတွေ ဆက်တိုက်လုပ်ဆောင်နေတာဖြစ်ပါတယ်။

လက်ရှိမှာလည်း ခွင့်ပြန်အလုပ်သမားတွေကို အခွန်ဆောင်ထားတဲ့ အထောက်အထား၊ မိသားစုထံ ငွေလွှဲပို့ထားတဲ့ ဘဏ်စလစ်ပြနိုင်မှ ပြည်ပအလုပ်အကိုင် သက်သေခံကတ် (OWIC) ထုတ်ပေးမယ်ဆိုပြီး အကျပ်ကိုင်တာမျိုးလည်းရှိနေပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013