Home
မြန်မာသတင်း
ဧရာဝတီတိုင်းတွင် စပါးခင်းများ ရွှေခရုကျရောက်ပြီး ဧကထောင်ချီ ပျက်စီးဖွယ်ရှိ
DVB
·
June 17, 2024

ဧရာဝတီတိုင်းမှာ အခုနှစ် မိုးစပါးစိုက်ရာသီမှာ စိုက်ပျိုးထားတဲ့ မိုးစပါးခင်းတွေထဲကို ရွှေခရုတွေ ကျရောက်ပြီး စပါးဧကထောင်နဲ့ချီ ပျက်စီးသွားမယ့် အခြေအနေနဲ့ ကြုံနေရတယ်လို့ ဒေသခံတောင်သူတွေဆီက သိရပါတယ်။

ဧရာဝတီတိုင်းက ဝါးခယ်မ၊ ညောင်တုန်း၊ မအူပင်၊ အိမ်မဲ၊ ပန်းတနော်၊ မြောင်းမြ၊ မော်လမြိုင်ကျွန်း၊ ဘိုကလေး စတဲ့မြို့နယ်တွေက တောင်သူတွေ စိုက်ပျိုးထားတဲ့ မိုးစပါးခင်းတွေမှာ အများဆုံးကျရောက်နေတာဖြစ်ပြီး ဧရာဝတီတိုင်း တတိုင်းလုံးမှာ စပါးဧကထောင်နဲ့ချီ ပျက်စီးမယ့်အခြေအနေ ဖြစ်ပေါ်နေတယ်လို့ ဒေသခံ တောင်သူတွေက ဆိုပါတယ်။

ဝါးခယ်မမြို့နယ်မှ တောင်သူတယောက်က “လုံးဝပြန်မရတဲ့ အခြေအနေအထိ ပျက်စီးသွားမယ့် အခြေအနေ ဖြစ်နေတာ။ စပါးအပင်တွေက ငုတ်ကလေးတွေပဲ ကျန်တော့တယ်။ အသစ်ပြန်စိုက်ဖို့ စရိတ်လည်းမရှိ စရိတ်ရှိတော့လည်း နောက်ကျသွားပြီ။ မရှိမဲ့ ရှိမဲ့လေး စိုက်ထားတာ အခုတော့ အခက်အခဲရှိနေပြီ” လို့ ပြောပါတယ်။

ဧရာဝတီတိုင်းမှာ စပါးစိုက်ပျိုးရာသီအစပိုင်း ကျရောက်လေ့ရှိတဲ့ ရွှေခရုတွေကို ကြိုတင်ကာကွယ်နှိမ်နင်းဖို့ တောင်သူတွေ ငွေကြေးအလုံအလောက် မသုံးစွဲနိုင်တဲ့အတွက် ပျက်စီးနှုန်း ပိုမြင့်မားလာနိုင်တယ်လို့ ဒေသခံတွေက ဆိုပါတယ်။

တောင်သူတယောက်ကလည်း “NLD အစိုးရလက်ထက်က စိုက်ပျိုးရေးဦးစီးမှူးတွေ ကိုယ်တိုင် မြေပြင်ကွင်းဆင်းပြီး  ရွှေခရုကို ကာကွယ်ဖို့အတွက် နည်းပညာပေးတာတွေ ကွင်းဆင်းလုပ်တာ။ အခုတော့ အရမ်း အားနည်းလာတယ်။ ကျယ်ကျယ်ပြန့်ပြန့် နည်းပညာပေးနိုင်ဖို့ ပြောချင်တယ်။ သွင်းအားစုနဲ့ ရွှေခရု ကာကွယ်ဆေးတွေကလည်း ဈေးတအားထိုးတက်နေတာ” လို့ ပြောပါတယ်။

ဧရာဝတီတိုင်းရှိ ကန်ကြီးထောင့်၊ ပန်းတနော်၊ ဝါးခယ်မ၊ ကျုံကျော်၊ ပုသိမ်၊ ဖျာပုံ စတဲ့မြို့နယ်တွေက တောင်သူတွေ စိုက်ထားတဲ့ စပါးခင်းတွေမှာလည်း အခုလ ဒုတိယအပတ်ကနေ စတင်ပြီး ရွှေခရုတွေ ကျရောက်နေတယ်လို့ ဒေသခံ တောင်သူတွေက ပြောပါတယ်။

ဧရာဝတီတိုင်းမှာ မနှစ်က မိုးစပါးစိုက်ပျိုးရာသီမှာလည်း ရွှေခရုတွေ ကျရောက်လို့ တောင်သူတွေရဲ့ စပါးဧက ၄၀,၀၀၀ ကျော်လောက် လုံးဝပျက်စီးခဲ့သေးတယ်လို့ ဆိုပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024