
မြန်မာ့နွေဦးအတာသင်္ကြန်ပွဲကို ဂျပန်နိုင်ငံ၊ အိုကီနာဝါပြည်နယ်မှာ ဧပြီ ၁၂ ရက်က ကျင်းပရာ အိုကီနာဝါအုပ်ချုပ်ရေးမှူးနဲ့ မြန်မာ့နွေဦးတော်လှန်ရေးကို အစဉ်တစိုက် ကူညီနေတဲ့ ဂျပန်လွှတ်တော်အမတ်တွေ တက်ရောက်ခဲ့ကြပြီး မြန်မာပြည်သူတွေနဲ့အတူ ရပ်တည်ကြောင်း ပြသခဲ့ကြပါတယ်။
နာဟာမြို့၊ ဆာကာအဲမာချီဈေးမှာ ကျင်းပတဲ့ မြန်မာ့ရိုးရာ အတာသင်္ကြန်ပွဲကို ဂျပန်ရောက် မြန်မာတွေနဲ့အတူ အိုကီနာဝါပြည်နယ် အုပ်ချုပ်ရေးမှူး မစ္စတာဒန်နီတာမာကီကိုယ်တိုင် တက်ရောက်ခဲ့၊ ဆင်နွှဲခဲ့ပြီး မြန်မာနွေဦးတော်လှန်ရေးကို အားပေးထောက်ခံကြောင်းလည်း ထုတ်ဖော် ပြောကြားခဲ့ပါတယ်။
မြန်မာနဲ့ အိုကီနာဝါအကြား ယဉ်ကျေးမှုဖလှယ်ခြင်းမှတဆင့် အပြန်အလှန် နားလည်မှုနဲ့ သံယောဇဉ်ကို ပိုမိုခိုင်မာအောင် တည်ဆောက်သွားကြဖို့ တာမာကီက တိုက်တွန်းခဲ့ပြီး ပွဲတော်လာ မြန်မာလူငယ်တွေနဲ့ အတူ ရင်းနှီးပွင့်လင်းစွာ ဆင်နွှဲခဲ့ကြပါတယ်။
အခုလိုသင်္ကြန်ပွဲမှာ ပြည်နယ်အစိုးရ အကြီးအကဲတဦးကိုယ်တိုင်နဲ့ ဂျပန်လွှတ်တော်အမတ်တွေ လာရောက်ကြလို့ မြန်မာ့နွေဦးတော်လှန်ရေးအတွက် အားအင်ပိုမိုရရှိပြီး ဒီပွဲတော်ကနေ ရရှိလာတဲ့ အကျိုးအမြတ်အားလုံးကို မြန်မာစစ်ဘေးရှောင် (IDP) တွေအတွက် လှူဒါန်းသွားမယ်လို့ ပွဲတော်ကို ဦးဆောင်ကျင်းပသူ ကိုသူရစိုးက DVB ကိုပြောပါတယ်။
ဒီပွဲမှာ ဂျပန်လွှတ်တော်အတွင်း မြန်မာ့အရေးကို တစိုက်မတ်မတ် ကူညီပံ့ပိုးပေးနေတဲ့ အထက်လွှတ်တော်အမတ် မီချီဟီရို အီရှိဘာရှီလည်း တိုကျိုကနေ လာရောက် အားပေးခဲ့ပါတယ်။ ဒါ့ပြင် သူနဲ့အတူ နာဟာမြို့နယ်ကောင်စီဝင် အာဆာဟီ ဖူကူဟာရာလည်း တက်ရောက်ကာ မြန်မာပြည်သူတွေအတွက် အားပေးစကား ပြောကြားခဲ့ပါတယ်။
ကိုသူရစိုးက “အခု ကျနော်တို့တွေ အပြင်ပန်းမှာ ရယ်မောနေကြပေမဲ့ ရင်ထဲမှာတော့ ငိုနေကြရပါတယ်။ မိခင်နိုင်ငံမှာ အေးအေးချမ်းချမ်း ပျော်ပျော်ရွှင်ရွှင် သင်္ကြန်မဆင်နွှဲနိုင်သေးတဲ့ အခြေအနေကို အိုကီနာဝါရောက် မြန်မာတွေအားလုံး သိကြပါတယ်”လို့ ပြောပါတယ်။
သင်္ကြန်ပွဲတော်မှာ အိုကီနာဝါရောက် မြန်မာနိုင်ငံသား ၄၀၀ ကျော်နဲ့အတူ ဂျပန်မိတ်ဆွေတွေ စေတနာ့ဝန်ထမ်းတွေ စုစုပေါင်း အယောက် ၅၀၀ ထက်မနည်း တက်ရောက်ခဲ့ကြပြီး မြန်မာ့ရိုးရာ အကတွေ၊ ဂီတ ဖျော်ဖြေမှုနဲ့အတူ မြန်မာ့ရိုးရာအစားအစာတွေကို ဧည့်ခံကျွေးမွေးခဲ့ကြပါတယ်။
အမိမြန်မာနိုင်ငံမှာ ငြိမ်းချမ်းရေးနဲ့ ဒီမိုကရေစီ အမြန်ဆုံး ပြန်လည်ရရှိဖို့ မျှော်လင့်ချက်နဲ့ ဒီပွဲတော်ကို ကျင်းပတာဖြစ်ပြီး မြန်မာ့ယဉ်ကျေးမှုကို ဖော်ထုတ်ရုံသာမက၊ ၂၀၂၁ ခုနှစ် အာဏာသိမ်းမှုနောက်ပိုင်း ဂျပန်နိုင်ငံကို ထွက်ပြေး တိမ်းရှောင်လာကြရတဲ့ မြန်မာလူငယ်တွေအတွက် စုစုစည်းစည်း အင်အားတခု ဖြစ်စေခဲ့တယ်လို့ ပွဲစဉ်စီသူက ပြောပါတယ်။
လက်ရှိ အိုကီနာဝါပြည်နယ်အတွင်း မြန်မာနိုင်ငံသား ၁,၃၀၀ ကျော် နေထိုင်နေကြပါတယ်။










