DVB Logo
Home
မြန်မာသတင်း
သန်လျင်တံတားဖွင့်ပွဲ တိုက်ခိုက်ရန်ကြံစည်မှုဖြင့် ဖမ်းထားသည့် လူငယ် ၉ ဦးကို နေရာခွဲ စစ်ဆေးနေ
DVB
·
June 17, 2024
သန်လျင်တံတားဖွင့်ပွဲ တိုက်ခိုက်ရန်ကြံစည်မှုဖြင့် ဖမ်းထားသည့် လူငယ် ၉ ဦးကို နေရာခွဲ စစ်ဆေးနေ
Donate to DVB

စစ်ခေါင်းဆောင်ကိုယ်တိုင် တက်ရောက်ခဲ့တဲ့ ရန်ကုန် အမှတ် ၃ သန်လျင်တံတားဖွင့်ပွကို ပစ်ခတ် တိုက်ခိုက်ဖို့ ကြံစည်ခဲ့တယ်ဆိုပြီး စွပ်စွဲဖမ်းဆီးခံထားရတဲ့ လူငယ် ၉ ဦးကို စစ်တပ်က  နေရာခွဲ စစ်ဆေးနေတယ်လို့ အုပ်ချုပ်ရေးနဲ့နီးစပ်သူတွေဆီက သိရပါတယ်။

အမှတ် ၃ သန်လျင်တံတားကို ဇွန် ၈ ရက်က ဖွင့်လှစ်ခဲ့ရာ စစ်ခေါင်းဆောင်မလာရောက်မီ မနက် အစောပိုင်းက တံတားဖွင့်ပွဲကို ရှော့တိုက်ဒုံးနဲ့ ပစ်ခတ်ဖို့ ကြံစည်နေသူ အမျိုးသား ၈ ဦးနဲ့ အမျိုးသမီးတဦးတို့ကို ဖမ်းဆီးရမိတယ်လို့ ဇွန် ၁၀ ရက်က စစ်ကောင်စီက ထုတ်ပြန်ထားပါတယ်။

ဖမ်းဆီးခံ လူငယ် ၉ ဦးကို သန်လျင်ရေတပ်စခန်း၊ ရွှေပြည်သာစစ်ကြောရေးစခန်းနဲ့ ရေကြည်အိုင်မှာ စစ်ဆေးနေပြီး ပုဒ်မတော့ မတပ်ရသေးဘူးလို့ အုပ်ချုပ်ရေးနဲ့ နီးစပ်သူတဦးက ပြောပါတယ်။

“နေရာခွဲပြီး စစ်နေတယ်လို့ ကြားတယ်။ သန်လျင်ရေတပ်က နောက်ဆုံးမိတဲ့ နှစ်ယောက်ကို စစ်တယ်။ ကျန်တဲ့ ၇ ယောက်က စစ်ကြောရေးနှစ်ခုမှာ။”

စစ်ကောင်စီရဲ့ စွပ်စွဲချက်တွေနဲ့ပတ်သက်ပြီး ဖမ်းဆီးခံထားရတဲ့ လူငယ် ၉ ဦးဘက်က တုံ့ပြန်ပြောဆိုနိုင်ခြင်းမရှိသလို တံတားဖွင့်ပွဲကို တိုက်ခိုက်ဖို့ အမှန်တကယ်ကြံစည်ခဲ့ခြင်း ရှိ၊ မရှိ သီးခြားအတည်ပြုနိုင်ခြင်း မရှိပါဘူး။

စစ်ကောင်စီဟာ အပြစ်မရှိတဲ့ လူငယ်တွေကို ကြုံသလို ဖမ်းဆီးပြီး အလားတူ စွပ်စွဲဖမ်းဆီး အရေးယူတာတွေလည်း မကြာခဏရှိခဲ့ဖူးပါတယ်။ 

ဒဂုံဆိပ်ကမ်းမြို့နယ်၊ ၆၁ ရပ်ကွက်၊ သင်္ဘောကျင်းဝန်ထမ်း အိမ်ရာဝင်း သစ်သားလိုင်းခန်း အဟောင်းမှာ လူငယ် ၇ ဦးကို ဇွန် ၈ ရက် မနက်က စစ်တပ်နဲ့ ဒဂုံဆိပ်ကမ်းရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့တာလို့  မြို့ခံတဦးက ပြောပါတယ်။

“ဒဂုံဆိပ်ကမ်းမှာ ၆၁ ရပ်ကွက်က သတင်းပေးအများဆုံးပဲ။ ကိုဇေယျာသော်ကို မိတာလည်း ၆၁ ရပ်ကွက်က သူ့အဖေအိမ်မှာ မိတာ။ တောင်ဒဂုံကမ္ဘာ့ရတနာဘဏ်မှာ ဗိုလ်မှူးကို ပစ်သွားတဲ့အဖွဲ့ကို လည်း ၆၁ မှာပဲမိတာ။ နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေ ဒီရပ်ကွက်ထဲမှာ မိတာအများကြီး" လို့ ပြောပါတယ်။

စစ်ကောင်စီတပ်က ဒဂုံဆိပ်ကမ်းမှာ  ဇွန် ၈ ရက်က စိန်ကြီး(ခ)အောင်ထွေး၊ ချိုကြီး(ခ)ဟိန်းထက်အောင်၊ မင်းသူ၊ မောင်ဟိန်း၊ အောင်သူရထွန်း၊ ပြည့်ဖြိုးဇော်၊ ထက်အာကာလင်း တို့ကိုဖ မ်းဆီးပြီး ဇွန် ၉ ရက်မှာ ချစ်ကေခိုင်၊ ဇာနည်အောင်(ခ)ကိုဇာ တို့ကို ထပ်မံဖမ်းဆီးရမိတယ်လို့ ထုတ်ပြန်ထားပါတယ်။

ဒီထုတ်ပြန်ချက်မှာတော့  လူငယ် ၉ ဦးနဲ့အတူ  ၁၀၇ မမ ရှော့တိုက်ဒုံး ၃လုံး၊ ဖျူးစ် ၃ ခု၊ လက်ပစ်ဗုံး ၂ လုံး၊ ဘတ္ထရီအိုး ၂ လုံး၊ ဝါယာကြိုးခွေ ၄ ခွေ၊ တခြားဆက်စပ် ပစ္စည်းတွေကိုလည်း သိမ်းဆည်းရမိတယ်လို့ ဖော်ပြထား ပါတယ်။

သန်လျင်တံတားသစ်ဖွင့်ပွဲမှာ တိုက်ခိုက်ဖို့ စီစဉ်ထားတဲ့သူ ၉  ဦးနဲ့  ဆက်စပ်ပြီး Dark Shadow မြို့ပြပြောက်ကျားတပ်ဖွဲ့ဝင် ၄ ဦးကို ထပ်မံဖမ်းမိထားတယ်လို့ စစ်ကောင်စီက ဇွန် ၁၇ ရက်မှာ သတင်းထုတ်ပြန်ပါတယ်။

သူတို့ ၄ ဦးကို ဇွန် ၁၄ ရက်မှာ ဖမ်းမိပြီး စစ်ကောင်စီ ထုတ်ပြန်ချက်နဲ့ပက်သက်လို့ Dark Shadow ကို ဆက်သွယ်မေးမြန်းလို့ မရသေးပါဘူး။

ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ် စက်တင်ဘာလမှစတင်ကာ ရန်ကုန်တိုင်းစစ်ဌာနချုပ် ဗိုလ်ချုပ်ဇော်ဟိန်းက ဒဂုံဆိပ်ကမ်း ၆၁ ရပ်ကွက်က ဓမ္မာစရိယတက္ကသိုလ် အလိုတော်ပြည့်ကျောင်းတိုက်မှ နယ်လှည့်ဆေးကုသရေးအဖွဲ့တွေကို ခေါ်ပြီး သံဃာတော်တွေနဲ့ ရပ်ကွက်နေသူတွေကို ဆေးကုသပေးခဲ့ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013