Home
မြန်မာသတင်း
မွန်ပြည်သစ်ပါတီ (NMSP-AD) ဒုတိယအကြိမ် စစ်သင်တန်းဆင်းပွဲ (ဓာတ်ပုံ)
DVB
·
June 17, 2024
Photo-NMSP-AD
Photo-NMSP-AD
Photo-NMSP-AD
Photo-NMSP-AD
Photo-NMSP-AD
Photo-NMSP-AD
Photo-NMSP-AD
Photo-NMSP-AD
Photo-NMSP-AD

မွန်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တခုဖြစ်တဲ့ မွန်ပြည်သစ်ပါ‌တီ (စစ်အာဏာရှင်တိုက်ဖျက်ရေး) NMSP-AD အဖွဲ့က ဒုတိယအကြိမ် ဖွင့်လှစ်ခဲ့တဲ့ အခြေခံစစ်ပညာ သင်တန်းဆင်းပွဲနဲ့ လက်နက်တပ်ဆင်ပွဲကို မွန်ပြည်နယ်ရဲ့ လွတ်‌မြောက်နေရာတခုမှာ လုပ်ဆောင်ခဲ့တယ်လို့ NMSP-AD က ဇွန် ၁၆ ရက်‌မှာ ထုတ်ပြန်ပါတယ်။

NMSP-AD အဖွဲ့က သင်တန်းသား ၁၀၀ ဝန်းကျင်နဲ့ ဒုတိယအကြိမ်မြောက် အချိန်တလခွဲကြာ ဖွင့်လှစ်ခဲ့တဲ့ အခြေခံစစ်ပညာသင်တန်းဆင်းပွဲကို ဇွန် ၁၅ ရက်က မွန်ပြည်နယ် လွတ်မြောက်နယ်မြေ‌ တနေရာမှာ ပြုလုပ်ခဲ့ပါတယ်။

NMSP-AD ပြောရေးဆိုခွင့်ရှိသူ နိုင်ဗညားမွန်က “ဒီသင်တန်းဆင်းပွဲက ကျနော်တို့အဖွဲ့ရဲ့ ဒုတိယမြောက် စစ်သင်တန်းဆင်းပွဲ ဖြစ်ပါတယ်။ သင်တန်းမှာ သင်တန်းသားစုစုပေါင်း ၁၀၀ ဝန်းကျင် တက်‌ေရာက်‌ခဲ့ပြီး သင်တန်းကတော့ ရက်သတ္တပတ် ၆ ပတ် ၁ လခွဲသင်တန်း ဖြစ်ပါတယ်။ အခြေအနေပေါ်မှာမူတည်ပြီး နောက်ထပ် သင်တန်းတွေလည်း လိုအပ်ရင် လိုအပ်သလို ဖွင့်သွားပါမယ်” လို့ ပြောပါတယ်။

NMSP-AD က ဖွင့်လှစ်တဲ့ သင်တန်းကို တက်ရောက်ခဲ့တဲ့ သင်တန်းသားတွေဟာ စစ်အာဏာရှင်ကို တိုက်ဖျက်ဖို့နဲ့ ပြည်သူလူထုကို ကာကွယ်ဖို့ဆိုတဲ့ ခံယူချက်တွေနဲ့သာ တက်ရောက်ခဲ့တာလို့ သူကဆက်ပြောပါတယ်။

မွန်ပြည်သစ်ပါတီ (စစ်အာဏာရှင်တိုက်ဖျက်ရေး) NMSP-AD အဖွဲ့ရဲ့ အမှတ်စဉ် ၂ အခြေခံစစ်သင်တန်းပွဲကို အဖွဲ့ရဲ့ ဒုခေါင်းဆောင် နိုင်ဗညားလယ်နဲ့ ဒုစစ်ဦးစီးချုပ် ဗိုလ်မှူးချုပ် ကျလွန်းထောတို့ တက်ရောက်ခဲ့ပါတယ်။

မွန်ပြည်သစ်ပါတီကနေ ခွဲထွက်ပြီး စစ်ကောင်စီကို တိုက်ခိုက်မယ်လို့ ကြေညာပြီး ၄ လအတွင်း အသက်သွေးချွေးများ ပေးဆပ်ခဲ့တဲ့ ရဲဘော်တွေနဲ့ ရွာတွေကို မီးရှို့ဖျက်ဆီးပြီး ပစ္စည်းတွေကို ခိုးဆိုးလုယက်ခံရတဲ့ ပြည်သူတွေအတွက် အောင်ပွဲတွေနဲ့ သွေးကြွေးဆပ်သွားမယ်လို့ NMSP-AD ဒုခေါင်းဆောင် နိုင်ဗညားလယ်က သင်တန်းဆင်းပွဲမှာ မွန်ဘာသာနဲ့ မိန့်ခွန်းပြောကြားခဲ့ပါတယ်။

သင်တန်းဆင်းပွဲမှာ သစ္စာအဓိဋ္ဌာန်ပြုခဲ့ပြီး တာဝန်ရှိသူတွေက သင်တန်းဆင်းရဲဘော်တွေကို လက်နက်ပေးအပ်ခဲ့တယ်လို့ မွန်ပြည်သစ်ပါတီ (စစ်အာဏာရှင်တိုက်ဖျက်ရေး) NMSP-AD က ထုတ်ပြန်ထားပါတယ်။

မွန်ပြည်သစ်ပါတီ (စစ်အာဏာရှင်တိုက်ဖျက်ရေး) NMSP-AD ဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၄ ရက်က မွန်ပြည်သစ်ပါတီကနေ ခွဲထွက်ပြီး တော်လှန်ရေးအဖွဲ့တွေနဲ့ ပူးပေါင်းကာ စစ်အာဏာရှင်ကို တိုက်ဖျက်သွားမယ်လို့ ကြေညာခဲ့ပြီး ဧပြီ ၂၆ ရက်က ပထမဆုံးအကြိမ် ‌အခြေခံပညာစစ်သင်တန်းဆင်းပွဲကို ပြုလုပ်ခဲ့ပါတယ်။

မွန်ပြည်သစ်ပါတီ (စစ်အာဏာရှင်တိုက်ဖျက်ရေး) NMSP-AD ဟာ မဟာမိတ် ပူးပေါင်းတပ်ဖွဲ့တွေနဲ့အတူ မွန်-ကရင်အစပ်မှာ စစ်ရေးလှုပ်ရှားနေသလို မွန်-တနင်္သာရီ အစပ်မှာလည်း စစ်ရေးလှုပ်ရှားမှုတွေ လုပ်ဆောင်နေပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024