Home
ဆောင်းပါး
၉၀ ရွေးကောက်ပွဲကတိနှင့် ၂၀၂၀ ရွေးကောက်ပွဲ ကတိဖျက်ခြင်း 
မောင်တူး
·
June 17, 2024
ArticleMaungToo _ 17062024

၁၉၉၀ ပြည့်နှစ် ပါတီစုံအထွေထွေရွေးကောက်ပွဲဟာ မေလ ၂၇ ရက်မှာ ၃၄ နှစ်တင်းတင်း ပြည့်ခဲ့ပါပြီ။ ၁၉၉၀ ရွေးကောက်ပွဲရလဒ်ကို စစ်တပ်က လိုက်နာပါမယ်လို့ ကတိပေးပြီးမှ အပြတ်အသတ် မဲအနိုင်ရခဲ့တဲ့ NLD ကို အာဏာလွှဲမပေးခဲ့ပါဘူး။ စစ်တပ် (စစ်အာဏာရှင်တွေ) ကတိပျက်ခဲ့တာ ၃၄ နှစ်တိုင်ခဲ့ပေါ့။

၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲမှာလည်း စစ်တပ်က အလားတူ ကတိဖျက် ကတိပျက်ခဲ့ပြန်တာပါပဲ။ ၂၀၂၀ ပြည့် နိုဝင်ဘာလ ၈ ရက် ရွေးကောက်ပွဲဟာ ၄ နှစ် ကြာခဲ့ပြီ။ ၂၀၂၀ ရွေးကောက်ပွဲရလဒ်ကို စစ်တပ်က (ကာကွယ်ရေးဦးစီးချုပ်မအလ)က ကိုယ်တိုင် လိုက်နာပါမယ်လို့ ကတိပေးပြီးမှ အပြတ်အသတ် မဲအနိုင်ရခဲ့တဲ့ NLD ကို အာဏာလွှဲမပေးခဲ့ပြန်ပါဘူး။ ၂၀၂၀ မှာလည်း စစ်တပ် (စစ်အာဏာရှင်တွေ) ကတိထပ်ကာ ဖျက်ခဲ့တာ ၄ နှစ်တိုင်ခဲ့ပေါ့။

လွန်ခဲ့တဲ့ ၃၄ နှစ် ၁၉၉၀ ရွေးကောက်ပွဲကတိကို ပြောင်ပြောင်တင်းတင်း ဖျက်ပစ်ခဲ့တယ်။ လွန်ခဲ့တဲ့ ၄ နှစ် ၂၀၂၀ ရွေးကောက်ပွဲကတိကိုလည်း မိုက်မိုက်ရိုင်းရိုင်း ပြောင်ပြောင်တင်းတင်း ရက်ရက်စက်စက် ယုတ်ယုတ်မာမာ ဖျက်ပစ်ခဲ့တယ်။

၁၉၉၀ က စစ်တပ်ပါတီ တစည (တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ) နိုင်ရင် အာဏာလွှဲခဲ့မှာပါ။ စစ်တပ်ပါတီ တစည ခွက်ခွက်လန် ရှုံးခဲ့တော့ အာဏာမလွှဲတော့ဘူးပေါ့။ ၂၀၂၀ မှာလည်း စစ်တပ်ပါတီ ကြံ့ခိုင်ရေး (ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေပါတီ) က နိုင်ရင် အာဏာလွှဲခဲ့မှာပါ။ ကြံ့ခိုင်ရေးပါတီ အပြတ်အသတ် မနိုင်ရင်တောင် NLD က အခုလောက် သောင်ပြိုကမ်းပြိုမနိုင်ဘဲ မဲပြန့် မဲကွဲပြီး ညွန့်ပေါင်းအစိုးရ ဖွဲ့နိုင်လောက်ရင်တောင် လွှတ်တော်ခေါ် အာဏာလွှဲပေးခဲ့မှာပါ။ အခုတော့ စစ်တပ်ပါတီ ကြံ့ခိုင်ရေးပါတီကလည်း ခွက်ခွက်လန်အောင် ရှက်စရာကောင်းလောက်အောင် မဲရှုံးခဲ့တော့ အာဏာမလွှဲတော့ဘူးပေါ့။ NLD ကလည်း ထင်ထားတာထက် အစွမ်းကုန် တိုင်းရင်းသားပေါင်းစုံ ပြည်သူ့မဲတွေနဲ့ အပြတ်အသတ် ထူးထူးကဲကဲ အနိုင်ရရှိသွားပြန်တော့ ၂၀၂၀ မှာလည်း စစ်တပ်က အာဏာလွှဲမပေးတော့ပြန်ဘူးပေါ့။

ဒါကိုပဲ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက် ရုပ်မြင်သံကြားကနေ မဲစာရင်းတွေမှားလို့ အာဏာသိမ်းရပါတယ် ဆိုပြီး ပြောတဲ့စကားဟာ ဟာသပျက်လုံးတခုပါ။ ၂၀၂၀ မဲမရွေးခင်ကတော့ စစ်တပ်ခေါင်းဆောင် မအလက ကော်မရှင် ဆုံးဖြတ်ချက် လိုက်နာပါ့မယ်လို့ အင်တာဗျူးမှာ ပြောခဲ့တာလေ။ မဲရှုံးမှ တမျိုးပြောင်းပြောပြန်တာပါ။

ကတိသစ္စာတည်သောခါဝယ်

(ရှင်မဟာ သီလဝံသ - ပါရမီတော်ခန်းပျို့)

ဝသုန္ဒရေ၊ ဤမြေသော်လည်း၊ စောင့်စည်းမုသား၊ ကျင့်သောအားဖြင့်၊

စကားသစ္စာ၊ မှန်သောခါကား၊ သြဇာလေးနက်၊ ပေါ်ဆီတက်၍၊

နွယ်မြက်သစ်ပင်၊ ဆေးဖက်ဝင်၏။

အကြင်သောခါ၊ ဤသစ္စာကို၊ အရာချွတ်လွဲ၊ မသုံးစွဲတည့်၊

စဉ်းလဲစကား၊ မှားလတ်တုံအံ့၊ မြေခုံစည်းတန်း၊ မုသားထွန်းသား

တစ်ကျွန်းတစ်ရံ၊ တစ်နိုင်ငံ၌၊ အသံမုသား၊ ပြက်စကားကို

မကြားစလို၊ အောင်လိမ့်ဆိုသို့။

ပေါ်စို ရသာ၊ မြေသြဇာလျက်၊ တထွာတတောင်၊ လက်ခုပ်ဘောင်လျှင်၊

နက်ချောင်ငုတ်နစ်၊ အောက်လျှိုးဖြစ်၍၊ ခါးချစ်ဆေးဝါး၊ လူတို့စားလည်း၊

နာဖျားမလွတ်၊ ဥပ္ပဒ္ဒဝေါ၊ လေးဘျမ်းပြော၏။

သဘောတရား၊ စကားသစ္စာ၊ မှန်သောခါနှင့်၊ ယွင်းရာမမှား၊ ဤနှစ်ပါးကို၊ နှုန်းထားထွေဆောင်၊ ရှာတုံရှောင်လည်း၊ အကျော်သစ္စာ၊ စကားသာလျှင်၊ ပြည်ရွာရပ်သား၊ လူ့စီးပွားကို၊ အများအမြောင်၊ ကြီးကျယ်ဆောင်သည်၊

ကုန်အောင်မြေနှင့် ရှိသတည်း။ ။

၂၀၂၀ လိမ်ခဲ့တာက ဒုတိယအကြိမ်ပါ။ ၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲ မတိုင်ခင်ကလည်း ၈၈၈၈ အရေးတော်ပုံကြီးကို ရဟန်းရှင်လူ ကျောင်းသားပြည်သူ ၈,၀၀၀ လောက်သတ်ပြီး အာဏာသိမ်းခဲ့သူ ဗိုလ်ချုပ်မှူးကြီး စောမောင်က ကတိတွေ အကြိမ်ကြိမ်ပေးခဲ့ ဖျက်ခဲ့ဖူးတာပါ။ အဲသည်တုန်းကဆိုရင် စောမောင်က ရွေးကောက်ပွဲပြီး တက်လာတဲ့အစိုးရကို အာဏာလွှဲပေးမယ်။ အဲသည်နောက် စစ်တန်းလျားပြန်မယ်လို့ ပြောခဲ့တယ်။ စောမောင်အပြင် ဒုတိယဗိုလ်ချုပ်မှူးကြီးသန်းရွှေနဲ့ ဗိုလ်ချုပ်ခင်ညွန့်တို့ကလည်း အလားတူ ကတိပေးခဲ့ကြတယ်။

ဟော… လပိုင်းအကြာ၊ ရက်ပိုင်းအကြာမှာပဲ စစ်သားကြီးတွေ ယောက်ျားကြီးတွေ ပြောထားတဲ့ စကားတွေဟာ ပက်လက်ကနေ မှောက်လျက် ဖြစ်သွားခဲ့ပြီ။ ၁၉၉၀ မေ ၂၇ ရွေးကောက်ပွဲမှာ သူတို့မျှော်လင့်သလို ဖြစ်မလာတော့မှ လေသံပြောင်းသွားခဲ့တယ်။ အာဏာမလွှဲတော့ဘူး။ ၉၀ ရွေးကောက်ပွဲက ဖွဲ့စည်းပုံအခြေခံဥပဒေရေးဆွဲဖို့ လုပ်တာသာဖြစ်တယ်ဆိုပြီး ပြောလာတယ်။ အခြေခံဥပဒေဆွဲပြီးမှ အာဏာလွှဲမယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေ ရေးဆွဲရမယ့် အချိန်ကာလကိုလည်း ကြာနိုင်သမျှကြာကြာ လုပ်သင့်ကြောင်း စောမောင်က ပြောပါတော့တယ်။ ရုပ်မြင်သံကြားမှာ စောမောင်ပြောခဲ့ မထီတထီ မျက်နှာထားနဲ့ (အာဏာလွှဲရေးဆိုတာ လွယ်လွယ်ပြော လွယ်လွယ်လုပ်လို့ရတာ မဟုတ်ဘူး။) ဆိုတဲ့စကားကို အခုအထိ ပြန်ကြား ပြန်မြင်ယောင်နေပါသေးရဲ့။

ခေတ်မမီတော့တဲ့ ရွေးကောက်ပွဲဗန်းပြ အချိန်ဆွဲနည်းဗျူဟာ

စားလိုက်မယ်တဲ့

လှေသူကြီးဆန်။

အိပ်လိုက်မယ်တဲ့

ဖင်ကြီးလှန်

လေမလာ ကြာတိုင်းကောင်း

လှေသူကြီးကို လှေသားထောင်း။    ။

ရှေးကာလ ရွက်လှေကြီးတွေနဲ့ ကုန်သွယ်ကြတုန်းက လေတိုက်မှ လေလာမှ ခရီးသွားကြရတာပါ။ လေမလာ ကြာတိုင်းကောင်း ဆိုသလို လှေထိုးသားတွေ ဇိမ်ကြပြီး လှေသူကြီးကတော့ ဆန်ကုန် အချိန်ကုန် ကုန်းရှုံးခဲ့ကြရတဲ့ အဖြစ်ပါ။ ၁၉၈၈ တုန်းကလည်း လူထုအုံကြွမှုကြီးကို ၁၉၉၀ ရွေးကောက်ပွဲလုပ် အာဏာလွှဲပေးပါမယ်ဆိုတဲ မက်လုံးနဲ့ လူထုအုံကြွမှုကြီးကို ရပ်တန့်စေခဲ့ပြီ။ နောက်တော့ ၁၉၉၀ ရွေးကောက်ပွဲနိုင် NLD ကိုလည်း အာဏာလွှဲမပေးခဲ့။ ပြည်သူတွေခမျာ ရွေးကောက်ပွဲနဲ့ အချိန်ဆွဲတာကို နောက်ကျမှ သိခဲ့ရပေါ့။ အခုလည်း ၂၀၂၀ ရွေးကောက်ပွဲကတိ ဖျက်ပြီး ၂၀၂၁ ဖေဖော်ဝါရီ ၁ ရက်မှာ အာဏာသိမ်းပြန်တယ်။ သိမ်းရတဲ့ အကြောင်းပြချက်ကလည်း မခိုင်လုံ။ သူတို့အာဏာသိမ်းလို့ ငွေဈေးတွေကျ၊ ဆီဈေး ဆန်ဈေး ကုန်ဈေးနှုန်းတွေ တက်ကုန်ပြီ။ သေလိုက်တဲ့ လူတွေကလည်း သောင်းချီနေပြီ။ တနိုင်ငံလုံး စစ်ပွဲတွေကလည်း ဆူးလှေဘုရား ခြေရင်းအထိ ရောက်လာနေပြီ။ စစ်အာဏာသိမ်းဂယက် ဘာအကောင်းရှိသလဲ။ အကောင်းကို ရှာကြည့်မိ၏။ အကောင်းကား ရှာမတွေ့တော့။ အခုလည်း ရွေးကောက်ပွဲ ထပ်လုပ်ဦးမတဲ့။ မအလက ပြောနေပြန်ပြီ။ စစ်တပ်ကျေးဇူး မူးလို့ပင် ရှူစရာမရှိ ဆိုသလို စစ်တပ်လုပ်ရပ်မှန်သမျှ တတိုင်းပြည်လုံးက မယုံကြတော့ပြီ။ စစ်တပ်က ထပ်လုပ်မယ့် ရွေးကောက်ပွဲကိုလည်း လက်မခံ ပယ်ချရန်အသင့် ဖြစ်နေကြပြီ။

ဖက်ဆစ်စစ်တပ် အမြစ်ဖြတ်မှ ချမ်းသာရမည်

ကျားနှင့်ဘီလူး၊ ဤနှစ်ဦးကို

ထူး၍ကြပ်ကြပ်၊ တွေ့တိုင်းသတ်မှ

ကုသိုလ်ရသတဲ့။ ။ 

(ဦးပုည)

၁၉၉၀ ရွေးကောက်ပွဲကစလို့ ၂၀၂၀ ရွေးကောက်ပွဲအထိ လိမ်နည်းပေါင်းစုံသုံး ကတိဖျက်ခဲ့တဲ့ စစ်အာဏာရှင်တွေဟာ သူတို့အာဏာမြဲရေးကလွဲလို့ တခြား ဘာမှမလုပ်။ ရွေးကောက်ပွဲ လုပ်တာဟာလည်း အချိန်ဆွဲနည်းတခုသာပါ။ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေ နှစ်ရှည်လုပ်ပြီးတော့လည်း ကြာသည်ထက်ကြာ ဇာတ်မျောကြီးဖြစ်အောင် စီမံကြသူတွေပါ။ ရွေးကောက်ပွဲကတိဖျက်ဖို့ ဝန်မလေးကြ။ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေရဲ့ ကတိတွေ ဖျက်ဖို့လည်း လက်မနှေးကြသူများသာပါ။ တနည်းအားဖြင့် စကားမပြောတတ်သူတွေ စကားမတည် သစ္စာမရှိသူတွေသာပါ။ ဗုဒ္ဓဘာသာဝင်တွေလို့ ပြောပြီး ဘုန်းကြီးကျောင်း ကလေးစာသင်ကျောင်း ပြည်သူ့ဆေးရုံတွေမှ ရွေးပြီး ဗုံးကြဲ သတ်ဖြတ်သူတွေပေါ့။ ဒါကြောင့်လည်းပဲ ပြည်သူ့အခွင့်အရေးတွေကို သူတို့ဆီမှာ တောင်းလို့မရနိုင်။ ဒီမိုကရေစီပေးပါ၊ ဖက်ဒရယ်ပေးပါဆိုပြီး စစ်အာဏာရှင်တွေဆီမှာ သွားတောင်းလို့ မရနိုင်။ သားသတ်သမားကို ငါးပါးသီလပေးပါလို့ သွားတောင်းသလိုသာ ဖြစ်လိမ့်မည်။ သူခိုးကို ဘဏ္ဍာစိုးခန့်သည့်နှယ်ပင်။ ဇိမ်ခေါင်းကို ပြည့်တန်ဆာပပျောက်ရေး တာဝန်ပေးလိုက်သလိုပဲ ဖြစ်လိမ့်မည်။ ဒါကြောင့် ကျနော်တို့ ပြည်သူလူထုအားလုံးဟာ တတိုင်းပြည်လုံးရဲ့ ရန်သူ (ဘုံရန်သူ) အာဏာသိမ်း စစ်ကောင်စီ၊ စစ်တပ်၊ စစ်အာဏာရှင်တွေကို ညီညီညွတ်ညွတ် နည်းလမ်းပေါင်းစုံနဲ့ အပြုတ်တိုက် အမြစ်ဖြတ်ဖို့ နည်းလမ်းတခုသာ လယ်ပြင်ဆင်သွား ထင်ရှားစွာ တွေ့နေပါတော့တယ်။     ။

အာဏာရှင်သည်၊ အရှင်မထွက်

အမြန်ထွက်ရေး၊ အသက်ပေးတိုက်

ညီညွတ်လိုက်မှ၊ အောင်မြင်ကြမည်

မြန်မာ့လွတ်လမ်း ဖြောင့်တန်းနေပြီတကား။     ။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024