DVB Logo
Home
နိုင်ငံရေး
စစ်ကိုင်းတိုင်းတွင် ဂျမ်ဘာကျော်နိုင်သည့် Fixed Wing ဒရုန်းများဖြင့် အောင်မြင်မှုရနေ
DVB
·
June 16, 2024
စစ်ကိုင်းတိုင်းတွင် ဂျမ်ဘာကျော်နိုင်သည့် Fixed Wing ဒရုန်းများဖြင့် အောင်မြင်မှုရနေ
Donate to DVB

စစ်ကောင်စီရဲ့ ဂျမ်ဘာတွေကိုကျော်နိုင်တဲ့ နည်းပညာမြင့်  Fixed Wing ဒရုန်းတွေ စစ်ကိုင်းတိုင်းထဲမှာ ကျယ်ကျယ်ပြန့်ပြန့်ရောက်ရှိနေပြီဖြစ်ပြီး တိုက်ပွဲဖော်ဖို့ ကင်းထောက်တာ၊ ဗုံးသီးကြဲတာတွေမှာ မြင်သာတဲ့အောင်မြင်မှုတွေရှိနေပြီလို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက ပြောပါတယ်။ 

ဇွန် ၁၂ ရက်နေ့မနက်အစောပိုင်းက စစ်ကိုင်းတိုင်း၊ မင်းကင်းနယ် စစ်ကောင်စီနဲ့ ပျူစောထီးအခြေစိုက် ကံရွာကို PDF ပူးပေါင်းအဖွဲ့တွေ ဝင်ရောက်တိုက်ခိုက်ရာမှာ  Fixed Wing ဒရုန်းတွေရဲ့ အကူအညီကြောင့် အသာစီးယူနိုင်ခဲ့တယ်လို့ မင်းကင်းနယ် PDF Drone သမားတယောက်ကပြောပါတယ်။

"Fixed wing ကဏ္ဏကတော့ အခု ကျနော်တို့စစ်ကိုင်းတိုင်းမှာ တော်တော်လေးကို ပျံ့နှံ့နေပြီ။ Fixed wing ကဏ္ဏက တော်တော်လေးကို အောင်မြင်ခဲ့တယ်ဗျ။ Fixed wing Drone ရဲ့ အားသာချက်ကတော့ ဂျမ်ဘာစက်တွေ အများကြီးဖွင့်တယ်၊ ဖွင့်တဲ့အချိန်မှာ ကျနော်တို့က ဂျမ်ဘာကိုကျော်ပြီးမှ သူတို့ရှိတဲ့ပွိုင့်ကို ဗုံးသီးနဲ့ကြဲနိုင်ခဲ့တဲ့ အားသာချက်တွေအများကြီးရှိတယ်။ အခုလောလောဆယ် ဟုတ်တယ် ကျနော်တို့ကြားတယ်ဗျ။ စစ်ကောင်စီဘက်က တန်ပြန်စစ်ဆင်ရေး ဒရုန်းတွေပြန်ပြီးအသုံးပြုလာတယ်။ ဒါပေမဲ့ ကျနော်တို့ဘက်က ပြန်ပြီးတော့မှ ဂျမ်ဘာတွေအသုံးပြုဖို့ အနေအထားကို စဉ်းစားမိတယ်ဗျ။ ဒါပေမဲ့ ဒီကိစ္စဆိုတာကလည်း အများကြီးကို ကျနော်တို့ကျော်ဖြတ်ရဦးမှာဗျ။ ဂျမ်ဘာစက်တွေရော ပြီးရင် Shooter စက်တွေရော အသုံးပြုရမှာဗျ။"

စစ်ကောင်စီနဲ့အပြိုင် ဒရုန်းတွေအသုံးပြုရာမှာ နည်းပညာအားဖြင့်ယှဉ်နိုင်ဖို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ဆက်သွယ်ရေးနဲ့နည်းပညာဝန်ကြီးဌာနက ပြင်ဆင်မှုတွေ ပြုလုပ်နေတယ်လို့ ပြည်ထောင်စုဝန်ကြီးဦးထင်လင်းအောင်က ပြောဆိုထားပါတယ်။ 

ရန်ပုံငွေလိုအပ်ချက်ရှိနေတာ၊ နည်းပညာမြင့်စက်ပစ္စည်းတွေကို အချိန်တိုအတွင်းအ သုံးပြုနိုင်ဖို့ ကြိုးစားရတာတွေကတော့ PDF တွေဘက်က ကြုံနေရတဲ့အခက်အခဲဖြစ်ပါတယ်။ 

မြေပြင်တိုက်ပွဲတွေမှာလည်း လက်နက်အင်အားချင်းယှဉ်နိုင်ဖို့ PDF တွေက ရုန်းကန်နေရတုန်းပဲ ဖြစ်တယ်လို့  ဇွန် ၁၂ ရက်နေ့ မင်းကင်းနယ် စစ်ကောင်စီနဲ့ပျူစောထီးအခြေစိုက် ကံရွာတိုက်ပွဲကို ဦးဆောင်ခဲ့သူ မင်းကင်း LPDF အဖွဲ့မှ ဗိုလ်သံလုံးက ပြောပါတယ်။

“စစချင်း ကျနော်တို့ မိန်းပွိုင့်တခုကို ထိန်းလိုက်တဲ့အချိန်မှာ အကုန်လုံးထွက်ပြေးကြတာပေါ့ သူတို့က။ စစ်ဗိုလ်မိန်းမနဲ့ ပျူစောထီးမိန်းမကို ကျနော်တို့ ဖမ်းဆီးနိုင်ခဲ့တယ်။ ‌ေ-ွးစစ်တပ်ကိုလည်း ကျနော်တို့သုတ်သင်နိုင်ခဲ့တာ။ ဂန်းလည်းရတယ်၊ ကျည်လည်းရတယ်၊ မိုင်းတွေလည်းရတယ်။ သူတို့ကိုင်တာ G3 တွေကိုင်တယ်ဗျာ။ G3 ဆိုတာ သိတဲ့အတိုင်းပဲ ထိတဲ့နေရာပြတ်ကျတဲ့ အနေအထားရှိတယ်လေ။ G3 ကိုင်တယ်၊ ငါးကြင်းမြီးကိုင်တယ်၊ စက်လက်ကိုင်တယ်ဗျာ ပျူရွာတင်ရှိသေးတာ။ G3 ကို ၁၀ လက်လား ၁၅ လက်လား ချပေးထားတာ။ ဒါပေမဲ့ သူတို့က ရှိတာရှိတာဗျ။ ကျနော်တို့ လာပြီဆို ပြေးတာဗျ ကြောက်တာ အဲ့ကောင်တွေ။ ဂန်းချင်းယှဉ်ပြီး သူပစ်ကိုယ်ပစ်ကျနော်တို့ပစ်ရဲတယ်။ ဒါပေမဲ့ ကျနော်တို့ မိုင်းတော့ကြောက်တယ်ဗျ။ စမ်းတဝါးဝါးတိုးရတာပေါ့ဗျာ သူတို့က ရွာတပတ်လုံး ကြဲထားတာဆိုတော့လေ။”

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့ပေါ်က ဒေသခံပြည်သူ ၄၀ နီးပါးကို ဇွန် ၁၂  ရက်နေ့ညပိုင်းမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေပါတဲ့ ဌာနဆိုင်ရာအဖွဲ့တွေက ဖမ်းဆီးခေါ်ဆောင်ခဲ့ပါတယ်။ အလားတူပဲ စစ်ကိုင်းနဲ့ မန္တလေးတိုင်းနယ်စပ်မြို့တွေမှာလည်း စစ်ကောင်စီက စစ်မှုထမ်းဥပဒေ အကြောင်းပြချက်နဲ့ လူငယ်တွေကို ဖမ်းဆီးခေါ်ဆောင်တာ၊ ငွေကြေးတောင်းခံတာတွေ ပြုလုပ်နေတယ်လို့ ရွှေဘိုဒေသခံတယောက်က ပြောပါတယ်။

"ဖမ်းဆီးခေါ်ဆောင်တဲ့နေရာမှာ လူတယောက်ကို ၅ သိန်း၊ ၁၀ သိန်း၊ ၁၅ သိန်း၊ အမြင့်ဆုံး သိန်း ၃၀ အထိရှိတယ်လို့ ကျနော်တို့သိရတယ်။ ရွေးနိုင်တဲ့လူကိုတော့ သူတို့ပြန်လွှတ်တယ်၊ မရွေးနိုင်တဲ့လူကို စစ်ပညာသင်ပေးဖို့ရာအတွက် စခန်းတွေကိုပို့ပေးတယ်လို့သိရတယ်။ စည်းမဲ့ ကမ်းမဲ့ ဥပဒေမဲ့တွေနဲ့ သူတို့ရဲ့ကိုယ်ကျိုးကိုလည်းရှာတယ်၊ ပြည်သူတွေကိုလည်း မလုပ်ချင်တဲ့လုပ်ငန်းတွေကို လုပ်ခိုင်းတယ်၊ ဒီလိုပဲ ကျနော်တို့ တွေ့မြင်နေရပါတယ်။ ရှေ့တန်းပို့တယ်ဆိုတာ နယ်မြေရှင်းလင်းရေးပုံစံ ပို့တာတွေရှိတယ်ဗျ။ ပြီးခဲ့တဲ့လကပဲ ရေဦးနယ်မှာ သင်တန်းကာလအတွင်း ထွက်ပြေးလွတ်မြောက်လာတဲ့လူ ၁၂ ယောက်လောက်ရှိတယ်လေ။ သူတို့ရဲ့ပြောပြချက်အရဆိုရင် ထွက်ရတယ်ဗျ။ ရှေ့တန်းကိုပို့ပေးတယ်၊ သင်တန်းပြီးတာနဲ့ တပြိုင်တည်းထွက်ရတယ်လို့ ကျနော်တို့သိရတယ်။ စစ်သားစစ်စစ်တွေနဲ့ပူးပေါင်းပြီးတော့မှ၊ သူတို့ချည်းပဲ အလွတ်ထွက်ခိုင်းတာတော့မဟုတ်ဘူး။”

စစ်ကောင်စီက မြန်မာနိုင်ငံအလယ်ပိုင်း မြို့ကြီးတွေမကျအောင် ခုခံစစ်ပြင်နေသလို တန်ပြန်စုံစမ်းထောက်လှမ်းတာတွေ ပြုလုပ်ပြီး လက်နက်ကြီးနဲ့ပစ်ခတ်တာ၊ လေကြောင်း တိုက်ခိုက်တာတွေလည်း ဆက်တိုက်ပြုလုပ်နေတာပါ။ 

နေပြည်တော်နဲ့ပြင်ဦးလွင်ကိုကာဖို့ မန္တလေးမြို့မြောက်ဘက် စစ်ကိုင်းတိုင်းနယ်စပ် မတ္တရာနယ်၊ မန္တလေးမြို့အရှေ့ဘက် ပြင်ဦးလွင် ပွဲကောက်ရေတံခွန်နဲ့ မန္တလေးမြို့တောင်ဘက် အမရပူရအနီး ဧရာဝတီမြစ်ရိုးတလျှောက်စတဲ့နေရာ ၃ ခုမှာ စစ်ကောင်စီက အင်အားတိုးမြှင့်ချထားပြီး ခံစစ်ပြင်နေပါတယ်။ 

သုတချမ်းသာ

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013