DVB Logo
Home
မြန်မာသတင်း
စစ်သား၊ ရဲနှင့် ဝန်ထမ်းမိသားစုများ စစ်ရှောင်များနှင့် ရောနှောနေထိုင်သဖြင့် အခက်ကြုံရ
DVB
·
June 16, 2024
စစ်သား၊ ရဲနှင့် ဝန်ထမ်းမိသားစုများ စစ်ရှောင်များနှင့် ရောနှောနေထိုင်သဖြင့် အခက်ကြုံရ
Donate to DVB

ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ်က ဘုန်းကြီးကျောင်းတွေမှာ စစ်သားနဲ့ရဲ မိသားစုဝင်တွေ၊ ဝန်ထမ်းတွေလည်း စစ်ရှောင်တွေနဲ့ ရောနှောနေထိုင်တာကြောင့် အခက်ကြုံနေရတယ်လို့ စစ်ရှောင်ပြည်သူတွေက ပြောပါတယ်။

ဗန်းမော်မြို့နယ်၊ မံစီမြို့နယ်နဲ့ မိုးမောက်မြို့နယ်တို့မှာ ဧပြီလကတည်းက  ကချင်လွတ်မြောက်ရေးတပ်မတော် ကေအိုင်အေ၊ ပြည်သူ့လွတ်မြောက်ရေးတပ်တော် PDF ပူးပေါင်းတပ်တွေနဲ့ စစ်ကောင်စီတပ်ဖွဲ့တို့ တိုက်ပွဲတွေ အကြိမ်ကြိမ်ဖြစ်ပွားခဲ့ပြီး ဗန်းမော်မြို့က ဘုန်းကြီးကျောင်းတွေမှာ စစ်ရှောင်ဦးရေ ၆,၀၀၀ ထက်မနည်း ရှိနေတာပါ။

စစ်ရှောင်ဦးရေရဲ့ ထက်ဝက်လောက်ဟာ စစ်သားနဲ့ရဲ မိသားစုဝင်တွေ၊ ဌာနဆိုင်ရာ ဝန်ထမ်းနဲ့ မိသားစုဝင်တွေ ဖြစ်ပြီး ဒေသခံ စစ်ရှောင်ပြည်သူတွေနဲ့ ရောနှောနေထိုင်တာကြောင့် အခက်တွေ့ရတယ်လို့ သိရပါတယ်။

စစ်ရှောင်တယောက်က “ဟုတ်ပါတယ်။ KIA နဲ့ PDF တွေ သိမ်းပိုက်ထားတဲ့နယ်မြေတွေမှာ မနေရဲကြတဲ့၊ ပညာရေးဝန်ထမ်းတွေ၊ ဌာနဆိုင်ရာ၊ တပ်မိသားစုဝင်တွေက အရင်ရောက် နေထိုင်နေကြပြီး နေရာကောင်းတွေ ဦးထားကြတယ်။ နောက်ထပ် ရောက်လာကြတဲ့ ကျေးရွာတွေက စစ်ရှောင်တွေအတွက်တောင် နေရာမရကြတော့ဘူး။ စစ်ကောင်စီက ပေးတဲ့ လစာလည်း စားသေးတယ်။ အလှူရှင်တွေလည်း သိပ်မလာတော့ဘူး။ တချို့အလှူရှင်တွေက ဝန်ထမ်း၊ တပ်မိသားစုတွေ ရောလာနေကြတာ သိကုန်တော့ လှူတာ သိပ်မရှိတော့ဘူး။ အနည်းအကျဉ်း လာလှူကြတာတွေ ဆိုရင်လည်း သူတို့ပါ ခွဲတမ်းပေးရတော့ နည်းနည်းစီပဲ ရတော့တာလေ။ အခုကြားထဲက ဒေသခံ စစ်ရှောင်တွေ ပိုခက်ခဲလာကုန်ကြပြီ” လို့ ပြောပါတယ်။

ဗန်းမော်မြို့က တချို့ပိုက်ဆံရှိ ကျောင်းတိုက်အချို့ကတော့ စစ်ရှောင်ဒုက္ခသည်တွေကို လက်မခံဘဲ ငြင်းကြတာကြောင့် ကျောတခင်းစာနေရာရဖို့ မလွယ်ကူကြဘဲ အလုပ်အကိုင်မရှိတဲ့ စစ်ရှောင် ရွာသားတွေဟာ နေထိုင်ရေးရော၊ စားသောက်ရေးပါ ခက်ခဲနေကြတယ်လို့ သိရပါတယ်။

အလှူရှင်တယောက်က “ပထမတုန်းကတော့ လှူချင်စိတ်တွေပေါက်လို့ကို မိတ်ဆွေတွေပါလှူဖို့ တိုက်တွန်းစုလှူကြတာ။ ဝန်ထမ်းတွေ၊ တပ်မိသားစုတွေကပါ ခွဲတမ်းယူ၊ နေရာကောင်းတွေ နေ​နေကြတော့ လှူချင်ပေမယ့် စိတ်ပျက်မိသွားပါပြီ” လို့ပြောပါတယ်။

လက်ရှိမှာ ဗန်းမော်မြို့ထဲက သိမ်မဟာဘုရားဝင်း၊ သိမ်မဟာကျောင်းတိုက်၊ မိုးကုတ်ရိပ်သာ၊ ရိုးကြီးရွာမကျောင်း၊ လေးထပ်ကျောင်း၊ ဆင်ကုန်းကျောင်း၊ သီရိကျောင်းနဲ့ ၃ မိုင် ရှမ်းရိုးရာ သာသနာဝင်း၊ ရွှေကျီးနားဘုရား၊ ဇေယျသုခကျောင်းတိုက်၊ ဟန်းတဲကျောင်းတိုက်၊ ကန်တော်ကျောင်းတိုက်နဲ့ မင်းလှကျောင်းတိုက်တို့မှာ စစ်ရှောင်တွေနဲ့အတူ စစ်သားနဲ့ ရဲ မိသားစုဝင်တွေ၊ ဌာနဆိုင်ရာ ဝန်ထမ်း မိသားစုဝင်တွေ ရောနှောနေထိုင်ကြတယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013