DVB Logo
Home
Lead Story
မြက်ခင်းစိမ်းပေါ်က စစ်ပွဲများ
DVB
·
June 16, 2024
မြက်ခင်းစိမ်းပေါ်က စစ်ပွဲများ
Donate to DVB

( ၁ )

စင်ကာပူ၊ Tampines အရပ်မှာ ရှိတဲ့ မလေးရှား အုန်းထမင်းဆိုင်ရှေ့မှာ တရုတ်လူမျိုးတွေ အများကြီး တန်းစီနေကြတယ်။ မနက်အစောပိုင်းကတည်းက ရောက်လာတဲ့ တရုတ် ပရိသတ်တွေကြောင့် နေ့လယ်ပိုင်းအရောက်မှာတင် ဆိုင်မှာ ရောင်းစရာ ပြတ်သွားတယ်။ ဒီဆိုင်က စင်ကာပူ လက်ရွေးစင် ဂိုးသမား ဟက်ဆန် ဆန်နီတို့ လင်မယားပိုင်တဲ့ ဆိုင်ပါ။ တရုတ် ပရိသတ်တွေက ဒီဆိုင်မှာ တိုးဝှေ့အားပေးကြရုံတင်မက အွန်လိုင်းကနေတဆင့်လည်း ဟက်ဆန်ဆီ ငွေတွေ လှမ်းပို့နေကြတယ်။

စင်ကာပူ ဂိုးသမား ဟက်ဆန်ဟာ တရုတ်နိုင်ငံမှာ နေ့ချင်းညချင်း နာမည်ကြီးသွားတဲ့ ဘောလုံးသမား ဖြစ်သွားတယ်။ တရုတ်ဆိုရှယ်မီဒီယာတွေမှာ သူ့ကို အထူးကျေးဇူးတင် ဂုဏ်ပြုကြရုံမက စင်ကာပူမှာရှိတဲ့ သူ့ရဲ့ မလေးရှား အုန်းထမင်းဆိုင်ကလေးကိုပါ သွားရောက်အားပေးကြလို့ ခုလို စည်ကားနေတာ ဖြစ်တယ်။

အကြောင်းရင်းကတော့ ဂိုးသမား ဟက်ဆန်ဟာ တရုတ် တနိုင်ငံလုံးရဲ့ ကယ်တင်ရှင်ဖြစ်သွားခဲ့လို့ပါ။ တရုတ်ဟာ ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲမှာ အသည်းအသန် ပါဝင်ချင်နေတယ်။

ပြီးခဲ့တဲ့ အင်္ဂါနေ့က ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ ရာဇမင်္ဂလာကွင်းမှာ ကစားခဲ့တဲ့ ထိုင်းနဲ့ စင်ကာပူ ကမ္ဘာ့ဖလားခြေစစ်ပွဲမှာ ထိုင်းက စင်ကာပူကို (၃-၁) ဂိုးနဲ့ အနိုင်ရသွားခဲ့တယ်။ ဒီပွဲဟာ ဒီအုပ်စုမှာ ပါဝင်တဲ့ ထိုင်းနဲ့ တရုတ် တို့ရဲ့ နောက်တဆင့်တက်ရေး အဆုံးအဖြတ်ပွဲပါပဲ။ အဲဒီနေ့က ကစားကြတဲ့ ပွဲစဉ်တွေမှာ တရုတ်ဟာ ဆွန်ဟောင်မင်တို့ရဲ့ တောင်ကိုးရီးယားကို (၁-၀) နဲ့ ရှုံးနိမ့်သွားတယ်။ ဒီအုပ်စုမှာ တရုတ်ဟာ နှစ်ပွဲနိုင်၊ နှစ်ပွဲသရေနဲ့ ၈ မှတ် ရထားပြီး ထိုင်းက စင်ကာပူကို အနိုင်ရရင် တရုတ်နဲ့ ရမှတ်တူ ၈ မှတ် ဖြစ်သွားမယ်။

ရမှတ်တူ နှစ်သင်းအနေအနေနဲ့ ထိုင်းက စင်ကာပူကို ၃ ဂိုးပြတ် အနိုင်ရမှ ဂိုးကွာခြားချက်အရ နောက်တဆင့်ကို တက်မှာဖြစ်တယ်။ တောင်ကိုးရီးယားနဲ့ တရုတ်က အရင်ကစားထားတော့ ထိုင်း နဲ့ စင်ကာပူပွဲမှာ ထိုင်းက ဂိုးပြတ်နိုင်၊ မနိုင် စောင့်ကြည့်နေရတယ်။

ထိုင်းအသင်းဟာ ကံခေလွန်းသူလို့ ပြောရမလား မသိ။ အဲဒီနေ့က ရာဇမင်္ဂလာကွင်းမှာ ထိုင်းက အသာစီးကစားပြီး စင်ကာပူ ဂိုးပေါက်ကို ခြိမ်းခြောက်နိုင်ခဲ့ပေမဲ့ စင်ကာပူဂိုးသမား ဟက်ဆန် လက်စွမ်းပြ ကာကွယ်နိုင်တာရော၊ ဂိုးပေါက် လွဲချော်နေတာရောကြောင့် ပွဲအပြီးမှာ (၃-၁) ဆိုတဲ့ ရလဒ်နဲ့ပဲ အနိုင်ရခဲ့တယ်။ ထိုင်းအသင်းအနေနဲ့ စင်ကာပူကို ၄ ဂိုးထိ သွင်းနိုင်ခဲ့ရင် တရုတ်အသင်း ပြုတ်ကျန်ခဲ့မှာ ဖြစ်ပေမယ့် သုံးဂိုးသာ သွင်းနိုင်ခဲ့လို့ ထိုင်းအသင်း ဒုတိယအဆင့်မှာတင် ကျန်ခဲ့ပြီး တတိယအဆင့်ကို တက်ရောက်သွားခဲ့တယ်။

ထိုင်းနဲ့ တရုတ်ဟာ ရမှတ်တူ၊ ဂိုးကွာခြားချက် တူနေပြီး နှစ်သင်း ထိပ်တိုက်တွေ့စဉ်မှာတော့ တရုတ်က (၂-၁) နဲ့ အနိုင်ရထားလို့ တရုတ်က နောက်တဆင့်ကို တက်လှမ်းသွားတာ ဖြစ်တယ်။

ဒီပွဲမှာ စင်ကာပူအသင်းဘက်က ဂိုးသမား ဟက်ဆန်ရဲ့ လက်စွမ်းပြကစားနိုင်မှုက တရုတ်အသင်းအတွက် ကယ်တင်ရှင် ဖြစ်ခဲ့တယ်။ ဒါကြောင့်မို့လို့ စင်ကာပူဂိုးသမား ဟက်ဆန်ဟာ တရုတ်နိုင်ငံမှာ နေ့ချင်းညချင်း နာမည်ကြီးသွားပြီး စင်ကာပူမှာ ဖွင့်ထားတဲ့ သူ့ရဲ့ မလေးရှား အုန်းထမင်းဆိုင်ကို တရုတ်ပရိသတ်တွေ တိုးကြိတ်ပြီး လာအားပေးနေကြတာ ဖြစ်တယ်။ ဟက်ဆန်က တရုတ်မှာ ဘယ်လောက်တောင် နာမည်ကြီးသွားသလဲဆိုရင် သူ့ကို တရုတ်က နိုင်ငံသား ပေးမယ်လို့တောင် ကမ်းလှမ်းခံရတဲ့အထိပါပဲ။

( ၂ )

စီးပွားရေးအရ ကမ္ဘာမှာ အင်အားတောင့်တင်းလာတဲ့ တရုတ်ဟာ ဘောလုံးအားကစားမှာလည်း အင်မတန် ထိပ်တန်းရောက်ချင်နေတယ်။ တရုတ်စူပါလိဂ်ကို ကျင်းပပြီး ကမ္ဘာကျော် ဘောလုံးသမားတွေ၊ နည်းပြတွေကို ပိုက်ဆံအများကြီးပေး ဝယ်ယူ၊ ခေါ်ယူခဲ့တယ်။ ကမ္ဘာမှာ ဘောလုံးကို အရူးအမူးအားပေးတဲ့ နိုင်ငံတွေထဲ တရုတ်လည်း ပါတယ်။ တရုတ်က ဘောလုံးမှာ အောင်မြင်ချင်ပေမယ့် ထင်ထားသလို ဖြစ်မလာခဲ့ဘူး။ အာရှမှာ ဂျပန်၊ တောင်ကိုးရီးယား တို့ကို မကျော်နိုင်ဘူး။

တရုတ်ဟာ လွန်ခဲ့တဲ့ နှစ် ၂၀ ကျော် ၂၀၀၂ ခုနှစ် ကမ္ဘာ့ဖလားတုန်းက တကြိမ်၊ ကမ္ဘာ့ဖလား ခြေစစ်ပွဲ အောင်မြင်ပြီးနောက်ပိုင်း တကြိမ်မှ ကမ္ဘာ့ဖလားဝင်ခွင့် မရတော့ဘူး။ ဒီနှစ် ကမ္ဘာ့ဖလားခြေစစ်ပွဲ ဝင်တဲ့ တရုတ်လက်ရွေးစင်အသင်းကို ကြည့်လိုက်တော့ တရုတ်လူမျိုး မဟုတ်တဲ့ နိုင်ငံခြားသားနဲ့ လူမည်းကစားတွေ ပါဝင်နေတာ ထူးထူးခြားခြား တွေ့ရတယ်။ ခုခေတ်က ကိုယ့်နိုင်ငံအသင်း အောင်မြင်မှုရဖို့ ပြည်ပကစားသမားတွေကို နိုင်ငံသားပြု (Naturalized) နေကြတာ ရှိတယ်။ တရုတ်က သူ့အသင်း အနိုင်ရဖို့ မွေးစားသားလို့ ခေါ်တဲ့ ပြည်ပကစားသမားတွေ အသုံးပြုခဲ့တယ်။ တောင်ကိုးရီးယားနဲ့ ပွဲမှာ တရုတ်တိုက်စစ်က ပါဝင်ကစားတဲ့ ဖာနန်ဒင်ဟို၊ အဗ္ဗဒူဝေလီ တို့ဟာ ပြည်ပကစားသမားတွေပါ။

တရုတ်ဟာ ဒုတိယအဆင့်ကို ကျော်ဖြတ်ပြီး တတိယအဆင့်ကို ရောက်ရှိလာပေမယ့် ကမ္ဘာ့ဖလားခြေစစ်ပွဲ အောင်ဖို့ မသေချာသေးပါဘူး။ တတိယအဆင့်မှာ ပိုပြီးခက်ခဲတဲ့ ပြိုင်ဘက်တွေနဲ့ ရင်ဆိုင်ရပါဦးမယ်။

၂၀၂၆ ခုနှစ်၊ အမေရိက၊ မက္ကဆီကိုနဲ့ ကနေဒါတို့မှာ ကျင်းပမယ့် ကမ္ဘာ့ဖလားပြိုင်ပွဲမှာ နောပ်ဆုံးအဆင့်ကို ၄၈ သင်းအထိ တိုးမြှင့်ခွင့်ပြုထားတယ်။ အာရှဇုန်အနေနဲ့ တိုက်ရိုက် ၈ သင်း ခြေစစ်ပွဲအောင်နေရာ ရရှိထားလို့ အခွင့်အရေးပိုရလာပေမယ့် ဒီ ၈ သင်းမှာ ပါဝင်နိုင်ဖို့ ခက်ခဲပါသေးတယ်။ ထူးထူးခြားခြား ဒီနှစ် ခြေစစ်ပွဲမှာ တတိယအဆင့်ထိ တက်လှမ်းလာတဲ့ အရှေ့တောင်အာရှအသင်းတသင်းက အင်ဒိုနီးရှားပါ။ အင်ဒိုနီးရှားနည်းတူ နောက်တဆင့် တက်သင့်တာက ထိုင်း ဖြစ်ပေမယ့် ကံခေစွာနဲ့ ဒုတိယအဆင့်မှာ ကျန်ရစ်ခဲ့ရတယ်။

အားလုံး သိကြတဲ့အတိုင်း မြန်မာကတော့ အုပ်စုဇယား နောက်ဆုံးမှာပါ။ ဂျပန်၊ မြောက်ကိုးရီးယား၊ ဆီးရီးယား တို့ပါဝင်တဲ့ အုပ်စုမှာ မြန်မာက သရေတပွဲ၊ ရမှတ် ၁ မှတ်သာ ရခဲ့ပြီး ဂျပန် နဲ့ မြောက်ကိုးရီးယားက နောက်တဆင့် တက်သွားကြတယ်။ ဒီအုပ်စုရဲ့ ထူးခြားမှုက ပြည်တွင်းစစ်ကြောင့် အိမ်ကွင်း လက်ခံမကစားနိုင်တဲ့ ဆီးရီးယားရယ်၊ အိမ်ကွင်း လက်ခံကစားဖို့ အဆင်မပြေတဲ့ မြောက်ကိုးရီးယားရယ်ဟာ ကြားနိုင်ငံ လာအိုမှာ အိမ်ရှင်အဖြစ် ကစားကြတာပဲ ဖြစ်တယ်။

( ၃ )

ညက ယူရို ၂၀၂၄ ပွဲစဉ်တွေ ဂျာမနီမှာ စကစားကြတယ်။ ပွဲဦးထွက် ဂျာမနီ နဲ့ စကော့တလန်ပွဲမှာ အိမ်ရှင် ဂျာမနီက အကောင်းဆုံးခြေစွမ်းပြကစားပြီး စကော့တလန်ကို (၅-၁) နဲ့ ဂိုးပြတ် အနိုင်ရသွားခဲ့တယ်။ ဂျာမနီတသင်းလုံးနီးပါးက အရင်ကမ္ဘာ့ဖလားပြိုင်ပွဲတွေမှာ မပါဖူးတဲ့ မျက်နှာသစ် ကစားသမားတွေပါ။ ဂျာမနီကပဲ ကောင်းလွန်းနေသလား၊ စကော့တလန်ကပဲ အဆင့်ကွာနေသလားတော့ မသိ။ စကော့တလန်ဟာ ဂျာမနီကို ဘယ်လိုမှ မယှဉ်နိုင်ဘဲ အရှုံးပေးလိုက်ရတယ်။ လာမယ့်ရက်တွေမှာတော့ ယူရိုဘောလုံးပြိုင်ပွဲတွေက မြိုင်မြိုင်ဆိုင်ဆိုင်နဲ့ လာတော့မှာပါ။

ဘောလုံးပြိုင်ပွဲတွေက တကမ္ဘာလုံးအတိုင်းအတာနဲ့ လူတိုင်းရဲ့ သည်းခြေကြိုက်အားကစားဖြစ်သလို နိုင်ငံတစ်ခုရဲ့ Soft Power လည်း ဖြစ်တယ်။ လက်နက်အင်အား မသုံး၊ စစ်မတိုက်ဘဲ တနိုင်ငံနဲ့ တနိုင်ငံ မြက်ခင်းစိမ်းပေါ်မှာ အားပြိုင်ကြတာ ဖြစ်တယ်။ နိုင်ငံတွေဟာ မိမိနိုင်ငံရဲ့ အင်အားနဲ့ အောင်မြင်မှုကို ပြသဖို့၊ ဩဇာလွှမ်းမိုးဖို့၊ စည်းရုံးသိမ်းသွင်းဖို့ စာပေ၊ အနုပညာ၊ ယဉ်ကျေးမှု၊ အားကစား စတဲ့ Soft Power တွေထဲက ဘောလုံးဆိုတဲ့ Soft Power ကို အသုံးပြုနေကြတာပဲ ဖြစ်တယ်။

CWM

Ref: CNA

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013