DVB Logo
Home
မြန်မာသတင်း
တော်လှန်ရေးရည်မှန်းချက် ရောက်သည်အထိ အတူကြိုးပမ်းမည်ဟု အာရက္ခတပ်တော်နေ့၌  ညီနောင်မဟာမိတ် ၂ ဖွဲ့ ကတိပြု
DVB
·
April 10, 2026
Photo: ညီနောင်မဟာမိတ်
Photo: ညီနောင်မဟာမိတ်
Donate to DVB

အာရက္ခတပ်တော်နဲ့အတူ ညီနောင်မဟာမိတ်ပီပီ ချစ်ကြည်ရင်းနှီးမှု မပျက်ဘဲ အချင်းချင်း ဖေးမတွဲကူပြီး တော်လှန်ရေးမျှော်မှန်းချက် ရောက်တဲ့အထိ အတူတကွကြိုးပမ်းသွားမယ်လို့ ဒီကနေ့ကျရောက်တဲ့ အာရက္ခတပ်တော်ရဲ့ ၁၇ နှစ် တပ်တည်ထောင်နေ့မှာ ညီနောင်မဟာမိတ် ၂ ဖွဲ့ဖြစ်တဲ့ ကိုးကန့်တပ် (MNDAA) နဲ့ တအာင်းတပ် (TNLA) တို့က ကတိပေး ပြောလိုက်ပါတယ်။

အာရက္ခတပ်တော်နဲ့ ညီနောင်မဟာမိတ် ၂ ဖွဲ့ဟာ တိုင်းရင်းသားအသီးသီးတို့ လိုလား တောင့်တနေကြတဲ့ လွတ်လပ်ပြီး တရားမျှတမှုပြည့်ဝတဲ့ အေးချမ်းကြွယ်ဝတဲ့ ဒေသပေါ်ထွန်းအောင် “ရည်မှန်းချက်တူလျှင်‌ မဟာမိတ်တည်” ဆိုသကဲ့သို့ ညီအစ်ကိုအရင်းပမာ တော်လှန်တိုက်ပွဲတွေ အတူဆင်နွှဲခဲ့ကြပြီလို့လည်း AA ပေးပို့တဲ့ သဝဏ်လွှာမှာ ညီနောင်နှစ်ဖွဲ့က ပြောထားပါတယ်။

လက်ရှိ အာရက္ခတပ်တော်ဟာ ရခိုင်ပြည်ရှိ ပြည်သူလူထုတရပ်လုံးအတွက် ပိုမိုကောင်းမွန်တဲ့ စီမံအုပ်ချုပ်မှုနဲ့ လုံခြုံစိတ်ချရတဲ့ လူမှုဘဝကို ပေးစွမ်းနိုင်ပြီး တော်လှန်ရေး လောကဓံအား ကြံ့ကြံ့ခံနိုင်တာဟာ အာရက္ခတပ်တော်နဲ့ ရခိုင်ပြည်သူတွေရဲ့ ကြိုးပမ်းမှု၊ စွန့်လွှတ်အနစ်နာခံမှုနဲ့ စည်းလုံးညီညွှတ်မှု ရလဒ်ဖြစ်ပြီး တိုင်းရင်သားအသီးသီးတို့ရဲ့ အတုယူဖွယ် သက်သေပြယုဂ် တရပ်ပင် ဖြစ်တယ်လို့လည်း ညီနောင်နှစ်ဖွဲ့က ချီးကျူးထားပါတယ်။

ဒါ့အပြင် တော်လှန်ပြည်သူတွေနဲ့ တသားတည်းရပ်တည်ပြီး လူထုတော်လှန်ရေးအတွက် ပံ့ပိုးကူညီမှုတွေနဲ့ လမ်းညွှန်မှုတွေအတွက် ကြိုးပမ်းမှုတွေဟာ အာရက္ခတပ်တော်ရဲ့ ချီးကျူးလေးစားဖွယ်ကောင်းတဲ့ တော်လှန်ရေးနှလုံးရည်နဲ့ မဟာမိတ်အပေါ်ထားရှိတဲ့ ညီနောင်မဟာမိတ်စိတ်ဓာတ်ကို ပေါ်လွင်စွာ ထင်ဟပ်နေတယ်လို့ သဝဏ်လွှာမှာ ပြောထားပါတယ်။

ညီနောင်မဟာမိတ်တွေရဲ့ တော်လှန်ရေးတိုက်ပွဲတွေမှာ အသက်၊ ဘဝ၊ ခန္ဓာ ပေးဆပ်စွန့်လွှတ် အနစ်နာခံခဲ့ကြတဲ့ ရက္ခိုင့်အာဇာနည်တွေနဲ့ ရက္ခိုင့်သူရဲကောင်းတွေကိုလည်း လေးစားတန်ဖိုးထားကာ ဂုဏ်ပြုဦးညွှတ် အလေးပြုတယ်လို့လည်း ညီနောင်မဟာမိတ် ၃ ဖွဲ့က ပြောထားပါတယ်။

အာရက္ခတပ်တော် (AA)၊ ကိုးကန့်တပ် (MNDAA) နဲ့ တအာင်းတပ် (TNLA) တို့ဟာ ညီနောင်မဟာမိတ်အဖြစ် ဖွဲ့စည်းပြီး စစ်အာဏာရှင်တော်လှန်မှုအဖြစ် ၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းနဲ့ ဒုတိယလှိုင်းတွေ ဖော်ဆောင်ပြီး ရှမ်းမြောက်နဲ့ ရခိုင်ဒေသတို့မှာ စစ်အာဏာရှင်ကို တွန်းလှန် တိုက်ထုတ်ခဲ့ကြပါတယ်။

အာရက္ခတပ်တော်ရဲ့ ၁၇ နှစ်မြောက် တပ်တည်ထောင်ခြင်းနေ့ကို AA ရဲ့ နောက်ထပ်မဟာမိတ်တွေဖြစ်တဲ့ ချင်းညီနောင် (CB)၊ BPLA၊ SAF၊ PIA အပါဝင် တော်လှန်ရေး အဖွဲ့အစည်း အများစုကလည်း ဂုဏ်ပြုသဝဏ်လွှာတွေ ပေးပို့ထားကြပြီး စစ်အာဏာရှင် ဖြုတ်ချရေး တိုက်ပွဲဝင်ကြဖို့ကိုလည်း ကတိပြုထားကြပါတယ်။

အာရက္ခတပ်တော်ဟာ ၂၀၂၃ ခုနှစ်ကတည်း ရခိုင်ပြည်နယ်နဲ့ မကွေး၊ ပဲခူး၊ ဧရာဝတီ၊ ရှမ်းမြောက်ဒေသတွေမှာ စစ်အာဏာရှင်တော်လှန်ရေး တိုက်ပွဲဝင်နေတာဖြစ်ပြီး မြို့နယ် ၁၅ ခုကိုလည်း သိမ်းပိုက်ထိန်းချုပ်ထားပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013