DVB Logo
Home
မြန်မာသတင်း
နတ်မောက်တွင် မိုင်းဆွဲခံရပြီး စစ်သား ၁၇ ဦးသေ၊ ကျောက်ထုတွင် လမ်းဖြတ်ခွင့်အချိန်ကန့်သတ်
DVB
·
June 15, 2024
နတ်မောက်တွင် မိုင်းဆွဲခံရပြီး စစ်သား ၁၇ ဦးသေ၊ ကျောက်ထုတွင် လမ်းဖြတ်ခွင့်အချိန်ကန့်သတ်
Donate to DVB

မကွေးတိုင်း၊ နတ်မောက်မြို့နယ်မှာ စစ်ကောင်စီစစ်ကြောင်း မိုင်းဆွဲတိုက်ခိုက်ခံရလို့ ၁၇ ယောက် သေဆုံးခဲ့ပြီး မင်းတပ်-ကျောက်ထုနဲ့ ကျောက်ထု-ဆော လမ်းမကြီးတွေမှာ ပြည်သူတွေအနေနဲ့ ညပိုင်း မသွားလာကြဖို့ ဂန့်ဂေါခရိုင် တပ်ရင်း ၈ နဲ့ ၉ တို့က ထုတ်ပြန်လိုက်တယ်လို့ သိရပါတယ်။

နတ်မောက်မြို့နယ်၊ ကျောက်ဆည်ကျေးရွာနဲ့ ကျွန်းဘုတ်ကျေးရွာကြားမှာ ဇွန် ၁၄ ရက်နေ့က စစ်ကောင်စီစစ်ကြောင်းကို မိုင်းဆွဲတိုက်ခိုက်ခဲ့လို စစ်ကောင်စီတပ်သား ၁၇ ယောက် သေဆုံးခဲ့​တယ်လို့ နတ်မောက်ကျား မြို့ပြပြောက်ကျားတပ်ဖွဲ့ဆီကနေ သိရပါတယ်။

နတ်မောက် ပကဖ ရဲ့ ရဲဘော်တယောက်က “နတ်မောက်မြို့နယ်က ကျောက်ဆည်ရွာဘက်ကို ခွေးအင်အား ၈၀ လောက်နဲ့ စစ်ကြောင်းထိုးလာတဲ့ ခွေးစစ်ကြောင်းကို ကျောက်ဆည်ရွာနဲ့ ကျွန်းဘုတ်ရွာကြားက မိုင်းကွင်းထဲမှာ မိုင်းဆွဲတိုက်ခိုက်ခဲ့တာပါ” လို့ ပြောပါတယ်။

မိုင်းဆွဲတိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်သား ၁၅ ယောက် ပွဲချင်းပြီးသေဆုံးသွားပြီး ဒဏ်ရာရရှိသူများပြားတဲ့အထဲက ၂ ယောက်ကတော့ ကျွန်းဘုတ်ကျေးရွာကို ပြန်လည်သယ်ဆောင်တုန်း ထပ်မံသေဆုံးသွားတာဖြစ်တယ်လို သူက ဆက်ပြောပါတယ်။

အဲဒီစစ်ကောင်စီစစ်ကြောင်းဟာ ဇွန် ၁၁ ရက်နေ့က နတ်မောက်မြို့နယ်၊ ဖက်တောရေကျေးရွာကို ဝင်ရောက်ပြီး လူနေအိမ်တွေကို မီးရှို့ဖျက်ဆီးသွားခဲ့တယ်လို့လည်း သိပါတယ်။

နတ်မောက်ကျား မြို့ပြပြောက်ကျားတပ်ဖွဲ့ရဲ့ တာဝန်ခံတယောက်က “သူတို့စစ်ကြောင်းက ခွေးတွေကို လက်နက်ချပြီး အလင်းဝင်ဖို့ လော်စပီကာနဲ့ပြောပါသေးတယ်။ နားမထောင်ကြတာနဲ့ ကလေးတွေကပစ်တော့ ပြန်ဆုတ်သွားပြီး ကျနော်တို့ ထောင်ထားတဲ့ မိုင်းကွင်းထဲအရောက် ထောင်ထားတဲ့မိုင်းတွေခွဲလိုက်တာပါ။ ကျန်တဲ့ခွေးတွေကတော့ အခုထိ ကျွန်းဘုတ်ရွာထဲမှာပဲ ရှိသေးတယ်လို သိရတယ်” လို့ ဒီဗွီဘီကို ပြောပါတယ်။

အဲဒီ တိုက်ခိုက်မှုကို နတ်မောက်ကျား မြို့ပြပြောက်ကျားတပ်ဖွဲ့၊ နတ်မောက် ပကဖ၊ မြို့သစ် ပကဖ၊ ဗိဿနိုးလက်အောက်ခံ ကျားသစ်နက်တပ်ဖွဲ့နဲ့ ကြိုးကြာနီအဖွဲ့၊ ၉၀၃ တပ်ရင်း တပ်ခွဲ ၁ ဂဠုန် PDF နတ်မောက်၊ ၉၀၃ တပ်ရင်း တပ်ခွဲ ၃ တိုက်ဒေါင်းတပ်ဖွဲ့ ၁၉၀၂၊ Aung San’s Land၊ ငါးပြေမ ပြောက်ကျားတပ်ဖွဲ့၊ ပျော်ဘွယ် PDF (သာစည်တပ်ဖွဲ့) နဲ့ ရမည်းသင်း ပကဖ တို့ ပူးပေါင်း တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ ​သိရပါတယ်။

စစ်ကောင်စီစစ်ကြောင်း မိုင်းဆွဲတိုက်ခိုက်ခံရလို့ စစ်ကောင်စီတပ်သား ၁၇ ယောက် သေဆုံးပြီး အများအပြားဒဏ်ရာရရှိခဲ့တယ်လို့ ဒေသပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေဆီက သိရပေမယ့် ဒီဗွီဘီအနေနဲ့တော့ သီးခြားအတည်မပြုနိုင်သေးပါဘူး။

မင်းတပ်-ကျောက်ထုနဲ့ ကျောက်ထု-ဆော လမ်းမကြီးတွေမှာ ပြည်သူတွေအနေနဲ့ ညပိုင်းဖြတ်သန်းသွားလာခြင်းမပြုလုပ်ကြဖို ဇွန် ၁၄ ရက်နေ့မှာ ဂန့်ဂေါခရိုင် တပ်ရင်း ၈ နဲ့ တပ်ရင်း ၉ တို့က သတ်မှတ်ထုတ်ပြန်လိုက်တယ်လို့ သိရပါတယ်။

ဂန့်ဂေါခရိုင် တပ်ရင်း ၈ ရဲ့ တာဝန်ခံတယောက်က “မင်းတပ်-ကျောက်ထု-ဆော လမ်းပိုင်းကို အဓိက ကတော့ ဒေသလုံခြုံရေးအတွက်နဲ့ စစ်ကောင်စီဘက်က ညပိုင်းတွေမှာ ခရီးသွားပြည်သူတွေနဲ့ ရောပြီးသွားလာနေတာတွေ ကြားသိနေရတဲ့အတွက် အခုလိုအချိန်သတ်မှတ်လိုက်တာပါ” လို့ ဒီဗွီဘီကို ပြောပါတယ်။

အဲဒီလမ်းပိုင်းမှာ မနက် ၆ နာရီ ကနေ ည ၇ နာရီအတွင်းမှာပဲ သွားလာခွင့်ပြုမယ်လို့ သိရပါတယ်။

ဂန့်ဂေါခရိုင် တပ်ရင်း ၉ ရဲ့ တာဝန်ခံတယောက်က “ည ၇ နာရီ ကျော်ရင်တော့ သွားလာခွင့်ပြုမှာ မဟုတ်ပါဘူး။ နောက်နေ့မနက် ၆ နာရီအထိပေါ့။ တခြားအရေးကြီးကိစ္စတွေကြောင့် ကန့်သတ်ချိန်အတွင်း သွားလာချင်ရင်တော့ ကျနော်တို့ရဲ့သက်ဆိုင်ရာအဖွဲ့တွေဆီ ကြိုတင်အကြောင်းကြားပြီးမှ သွားလာကြဖို့ ဖြစ်ပါတယ်။ မလိုက်နာခဲ့ရင်ဖြစ်ပေါ်လာတဲ့ နောက်ဆက်တွဲ အခြေအနေတွေကို ကျနော်တို့အနေနဲ့ တာဝန်ယူမှာမဟုတ်ပါဘူး” လို့ ပြောပါတယ်။

လမ်းပိုင်း အသုံးပြုမှုကန့်သတ်ထုတ်ပြန်ချက်ကို ဇွန် ၁၄ ရက်နေ့ကစတင်ထုတ်ပြန်ခဲ့တာဖြစ်ပြီး နောက်ထပ်ထုတ်ပြန်ချက်တစုံတရာမထုတ်ပြန်ချိန်အထိ အကျုံးဝင်နေမှာဖြစ်တယ်လို့ သိရပါတယ်။

ကျောက်ထု-ဆောလမ်းပိုင်းကို ပြီးခဲ့တဲ့ မေ ၁၅ ရက်နေ့ကနေ မေ ၂၅ ရက်အထိ ဂန့်ဂေါခရိုင် တပ်ရင်း ၁၃ က ပိတ်ထားခဲ့ပြီး ​မေ ၂၁ ရက်မှ, ပြန်လည်ဖြတ်သန်းသွားလာခွင့်ပြု​ခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013