DVB Logo
Home
မြန်မာသတင်း
စစ်တပ်က နေအိမ်တွင်းဝင်ပစ်သဖြင့် ချင်းညီနောင်ရဲဘော် ၅ ဦးကျဆုံး၊ စလေတွင် ပျူစောထီးများ သောင်းကျန်း
DVB
·
June 14, 2024
စစ်တပ်က နေအိမ်တွင်းဝင်ပစ်သဖြင့် ချင်းညီနောင်ရဲဘော် ၅ ဦးကျဆုံး၊ စလေတွင် ပျူစောထီးများ သောင်းကျန်း
Donate to DVB

ချင်းပြည်နယ်၊ တီးတိန်မြို့၊ လေလုမ်းရပ်ကွက်က နေအိမ်ကို ဇွန် ၁၂ ရက် မနက် ၇ နာရီခွဲဝန်းကျင်မှာ စစ်ကောင်စီတပ်သားတွေက ဝင်ရောက်ပစ်ခတ်ခဲ့တာကြောင့် ချင်းညီနောင်ရဲဘော် ၅ ဦး ကျဆုံးခဲ့တယ်လို့ သိရပါတယ်။

တီးတိန်မြို့ခံတဦးက “ချင်း PDF တွေရှိနေတဲ့အိမ်ကို ဒလန်က စစ်တပ်ဆီကို သတင်းပေးလို့ အလစ်အငိုက် ပစ်ခတ်ခံလိုက်ရတယ်လို့တော့ ကြားထားရတယ်” လို့ DVB ကို ပြောပါတယ်။

အဆိုပါဖြစ်စဥ်နဲ့ပတ်သက်ပြီး ဒေသပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဖြစ်တဲ့ PDF Zoland တပ်ဖွဲ့က ချင်းဘာသာနဲ့ သတင်းထုတ်ပြန်ထားပြီး စစ်ကောင်စီဘက်ကတော့ သတင်းထုတ်ပြန် ပြောဆိုတာ မတွေ့ရသေးပါဘူး။

ဒေသပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တဦးက “ကျဆုံးသွားတဲ့ ရဲဘော် ၅ ဦးဟာ PDF Zoland တပ်ဖွဲ့က ရဲဘော် ၄ ဦးနဲ့ CNDF တပ်ဖွဲ့က ရဲဘော် ၁ ဦးတို့ ဖြစ်ပါတယ်” လို့ အတည်ပြု ပြောဆိုပါတယ်။

ချင်းကာကွယ်ရေးတပ်ဖွဲ့တွေဖြစ်ကြတဲ့ PDF Zoland၊ ချင်းအမျိုးသားကာကွယ်ရေးတပ် (CNO/CNDF)၊ CDF မင်းတပ်၊ မရာတပ်ဖွဲ့ MDF၊ CDF ကန်ပက်လက်၊ CDF မတူပီ တပ်မဟာ-၁ တို့ဟာ စစ်ရေးနဲ့ နိုင်ငံရေးတွေကို အတူပူးပေါင်းဆောင်ရွက်ဖို့ သဘောတူထားကြတာလည်း ဖြစ်ပါတယ်။

မကွေးတိုင်း၊ ချောက်မြို့နယ်၊ စလေမြို့မှာ စစ်ကောင်စီလက်အောက်ခံ ပျူစောထီးတွေ သောင်းကျန်းနေပြီး တွေ့ရာလူကို စစ်မှုထမ်းဖို့ ဖမ်းဆီးခေါ်ယူနေတာကြောင့် မြို့ခံတွေရော ကျေးရွာနေ ပြည်သူတွေပါ အမြဲထိတ်လန့်နေရတယ်လို့ သိရပါတယ်။

စစ်ကောင်စီ ပျူစောထီး သင်တန်းဆင်းထားတဲ့ စလေမြို့၊ ချောင်းပိုက်ရွာသား မိုးအောင်နဲ့ တောင်ရပ် ရပ်ကွက်က မင်းမင်းတို့နှစ်ဦး ဦးဆောင်ပြီး မြို့ခံလူငယ်တွေကို အတင်းအဓမ္မ စစ်မှုထမ်းဖို့ ဖမ်းဆီးပေးနေတယ်လို့ မြို့ခံတွေက ပြောပါတယ်။

“ညနေကျောင်းဆင်းချိန်လေးနဲ့ ရောပြီး ခဏထွက်ရတယ်။ ၃ နာရီခွဲကျော်ပြီဆို ဘယ်သူမှ အပြင်မထွက်ရဲတော့ဘူး။ ဟိုတနေ့ကပဲ ချောက်-စလေ-ကျောက်ပန်းတောင်း မိုလာလမ်းခွဲကနေ စောင့်ပြီး လူ​​​ငယ် ၇ ယောက်လောက် မဆီမဆိုင်ဖမ်းပြီး စစ်ထဲထည့်ပစ်တာတဲ့” လို့ စလေမြို့ခံတဦးက DVB ကို ပြောပါတယ်။

ပျူစောထီး မိုးအောင်ကို စစ်ကောင်စီက စစ်ကားတစီး အသုံးပြုခွင့်ပေးထားသလို သူ့နောက်လိုက် ပျူစောထီးတွေကိုလည်း လက်နက်တပ်ဆင်ပေးထားတာကြောင့် စစ်ကောင်စီ လိုအပ်သလောက် စစ်မှုထမ်းအရေအတွက်ရအောင် မြို့ပေါ်ရော တောရွာပါမကျန် ပေါ်တာလိုက်ဆွဲပေးနေတာလို့ ဆိုပါတယ်။

မြို့ခံတွေရော အနီးနားဝန်းကျင်က ကျေးရွာနေ ပြည်သူတွေပါ အပြင်မထွက်ရဲတော့ဘဲ ကျန်းမာရေး၊ စီးပွားရေး၊ လူမှုရေးနဲ့ ကူးသန်းရောင်းဝယ်ရေးအလုပ်တွေ အစစအရာရာ နှောင့်​​နှေးနေတယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate၂၀၂၅ စစ်အာဏာရှင်ရွေးကောက်ပွဲ ရလဒ်များ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013