DVB Logo
Home
မြန်မာသတင်း
မြန်မာများ ကွန်ဒိုဝယ်ယူနှုန်း ကျဆင်းသွားမှာကို ထိုင်းကွန်ဒို အရောင်းအေးဂျင့်များ စိုးရိမ်
DVB
·
June 14, 2024
မြန်မာများ ကွန်ဒိုဝယ်ယူနှုန်း ကျဆင်းသွားမှာကို ထိုင်းကွန်ဒို အရောင်းအေးဂျင့်များ စိုးရိမ်
Donate to DVB

ထိုင်းနိုင်ငံမှာ မြန်မာနိုင်ငံသားတွေ ကွန်ဒိုဝယ်ယူတာနဲ့ ပတ်သက်လို့ စစ်ကောင်စီက ဖမ်းဆီး အရေးယူတာတွေကြောင့် မြန်မာတွေ ဝယ်ယူနှုန်း ကျဆင်းသွားမှာကို ထိုင်းကွန်ဒို အရောင်းအေးဂျင့်တွေ စိုးရိမ်နေကြပါတယ်။

ထိုင်းနိုင်ငံမှာ မြန်မာတွေ ကွန်ဒိုဝယ်ယူတာနဲ့ ပတ်သက်ပြီး စစ်ကောင်စီရဲ့ ဖမ်းဆီး ပိတ်ပင်မှုတွေကြောင့် ထိုင်းကွန်ဒိုဈေးကွက်မှာ သိသိသာသာ ထိခိုက် ကျဆင်းလာနိုင်တယ်လို့ ထိုင်းကွန်ဒိုမီနီယံ လုပ်ငန်းရှင်များအသင်းက  ပြောကြားထားကြောင်း ဘန်ကောက်ပို့စ်သတင်းမှာ ဇွန် ၈ ရက်က ဖော်ပြပါတယ်။

ထိုင်းက ကွန်ဒိုတိုက်ခန်းတွေကို ရန်ကုန်မြို့၊ ဆီဒိုး နားဟိုတယ်မှာ အရောင်းပြပွဲ ပြုလုပ်ခဲ့တဲ့ မင်းသူကုမ္ပဏီမှ တာဝန်ရှိသူ ၂ ဦးနဲ့ ထိုင်းမှာ ကွန်ဒို ဝယ်ထားသူ ၃ ဦးတို့ကို ဖမ်းဆီး အရေးယူကြောင်း စစ်ကောင်စီက ဇွန်လ ၃ ရက်က သတင်းထုတ်ပြန်ခဲ့တာပါ။

ထိုင်းအပါအဝင် ပြည်ပနိုင်ငံတွေမှာ ကွန်ဒိုတိုက်ခန်း ဝယ်ယူသူတွေ၊ တရားမဝင် ဟွန်ဒီ ငွေလွှဲလုပ်ငန်း လုပ်ကိုင်သူတွေနဲ့ ဗဟိုဘဏ် ခွင့်ပြုချက်မရဘဲ ပြည်ပမှာ ဘဏ်စာရင်း ဖွင့်လှစ်ထားသူတွေကို အရေးယူမယ်လို့လည်း စစ်ကောင်စီက ကြေညာထားပါတယ်။

အခုလို ထိုင်းကွန်ဒို ဝယ်ယူသူတွေကို စစ်ကောင်စီက အရေးယူတဲ့အပေါ် မြန်မာတွေရဲ့ ဝယ်လိုအား  ကျဆင်းသွားမှာကို စိုးရိမ်နေကြတယ်လို့ ထိုင်းအခြေစိုက် အိမ်ခြံမြေ အရောင်းအေးဂျင့်တွေက ပြောပါတယ်။

ထိုင်း အိမ်ခြံမြေ အကျိုးဆောင် ကိုကြည်က “အရောင်းကျသွားမှာ ဘာညာတော့ ကြုံနေရတယ်။ ဒါပေမဲ့ တကယ့်တကယ် စိုးရိမ်နေတာက ထိုင်းနိုင်ငံက ဆောက်လုပ်ရေးဝန်ကြီးပေါ့။ သူက စိုးရိမ်နေတယ်။ ဘာကြောင့်လဲဆိုတော့ Buyer (ဝယ်ယူထားသူ) တွေရဲ့ ငွေပေးချေမှုတွေက ၁၀၀ ရာခိုင်နှုန်း ပြီးသေးတာ မဟုတ်ဘူး။ တချို့တွေက စီမံကိန်းအသစ်တွေ ဝယ်ထားတော့ စရံချထားတာတို့ First payment ပေးချေထားတာပဲရှိတာ။ တကယ်လို့သာ စစ်တပ်ဘက်က ကန့်သတ်မယ် ဆိုရင် ငွေတွေ ရောက်မလာမှာကို စိုးရိမ်နေကြတယ်။ သူတို့ကတော့ အရောင်းတွေ အကုန်လုံးကို ပြီးသွားစေချင်တယ်။ စာချုပ် ဖျက်လိုက်တယ်ဆိုတာမျိုးတော့ သူတို့က မကြုံချင်ဘူး အဲ့လိုတော့ ကြားရတယ်။ အခုကာလမှာတော့ ဝယ်ယူနှုန်းက တော်တော်ကျသွားတယ်။ ဟွန်ဒီတွေပါ ဖမ်းတဲ့အတွက် ငွေလဲတဲ့ ကိစ္စလည်း တော်တော်လေး လျော့နည်းသွားတယ်”လို့ ပြောပါတယ်။

ထိုင်းနိုင်ငံရဲ့ ကွန်ဒို ဝယ်ယူမှု အများဆုံးစာရင်းမှာ တရုတ်နိုင်ငံသားတွေဟာ ၂၀၁၈ ကစလို့ ၂၀၂၄ ခုနှစ်အထိ နံပါတ် ၁ နေရာမှာ ရပ်တည်နေတာပါ။

ရုရှားနိုင်ငံသားတွေဟာ နံပါတ် ၂ နေရာမှာ ရပ်တည်ခဲ့ပြီး၊ စစ်တပ်က အာဏာသိမ်းပြီးနောက် ၂၀၂၂ ခုနှစ်မှာမှ မြန်မာနိုင်ငံသားတွေဟာ ထိုင်းကွန်ဒို ဝယ်ယူမှု ထိပ်တန်းစာရင်းမှာ ပါဝင်ခဲ့တာပါ။

မြန်မာနိုင်ငံသားတွေအနေနဲ့ ၂၀၂၂ မှာ ထိုင်းကွန်ဒို ဝယ်ယူမှု အရေအတွက် နံပါတ် ၆ နေရာ၊ တန်ဖိုးအရ နံပါတ် ၃ နေရာမှာ ရှိခဲ့ပြီး၊ ၂၀၂၃ မှာတော့ နှစ်မျိုးစလုံး နံပါတ် ၄ နေရာ ရောက်လာခဲ့ပါတယ်။ ၂၀၂၄ ပထမ သုံးလပတ်မှာတော့ ရုရှားကို ကျော်တက်ကာ မြန်မာနိုင်ငံက ဝယ်ယူမှုအများဆုံး နံပါတ် ၂ ဖြစ်လာခဲ့ပါတယ်။

မြန်မာ ဝယ်လက်တွေက ထိုင်းကွန်ဒို ဝယ်ယူမှုအများဆုံး နံပါတ် ၂ နေရာမှာ ရှိတာကြောင့် စစ်ကောင်စီရဲ့ အရေးယူမှု နောက်ဆက်တွဲ ရောင်းအား ကျဆင်းမှာကို စိုးရိမ်ရတယ်လို့ ထိုင်း အိမ်ခြံမြေ အကျိုးဆောင်တွေက ပြောပါတယ်။ ထိုင်းအိမ်ခြံမြေ အရောင်းအေးဂျင့် ကိုယ်စား ဒီဗွီဘီ သတင်းထောက်က ပြောပြပေးမှာပါ။

ထိုင်း အိမ်ခြံမြေ အရောင်းအေးဂျင့်တဦးက “ထိုင်းနိုင်ငံက Developer တွေတင် မကဘူး။ ဝန်ကြီးအထိပါ စိုးရိမ် ပူပန်မှုရှိတယ်။ ဘာကြောင့်လဲဆိုတော့ မြန်မာတွေရဲ့ ဝယ်လိုအားက နံပါတ် ၂ နေရာမှာဆိုတော့ နည်းတဲ့ ပမာဏ မဟုတ်ဘူး။ နည်းတဲ့ ပမာဏ မဟုတ်တော့ ရပ်သွားမှာကိုတော့ ဘယ်သူမဆို စိုးရိမ်ကြတာပဲလေ”လို့ ပြောပါတယ်။

ထိုင်းနိုင်ငံရဲ့ တန်ဖိုးမြင့် ကွန်ဒိုအိမ်ရာ စီမံကိန်းတွေကို ဝယ်ယူသူ အများစု စစ်တပ်နဲ့ ပတ်သက် ဆက်နွယ်တဲ့ အသိုက်အဝန်းက အများဆုံး ဖြစ်တယ်လို့ အရောင်းအေးဂျင့်တွေဆီက သိရပါတယ်။ လတ်တလော ဖမ်းဆီး အရေးယူတာတွေနဲ့ ပတ်သက်လို့ စစ်တပ် အသိုင်းအဝိုင်းကတော့ ကင်းလွတ်ခွင့် ရနေသေးတာကြောင့် စိုးရိမ်ပူပန်တာ မမြင်ရဘူးလို့ ထိုင်း အိမ်ခြံမြေ အကျိုးဆောင်တွေက ပြောပါတယ်။

ထိုင်း အိမ်ခြံမြေ အကျိုးဆောင် ကိုကြည်က “ပွင့်ပွင့်လင်းလင်း ပြောရရင် မင်းအောင်လှိုင် သားသမီးတွေ ကိုယ်တိုင်က သန်း ၁၀၀ ကျော်တန် ကွန်ဒိုတိုက်ခန်းကြီးတွေ ဝယ်ထားတာ ဆိုတော့လေ။ ဒီကိစ္စက သူတို့အသိုင်းအဝိုင်းကိုတော့ မထိခိုက်လောက်ဘူးလို့ ထင်ပါတယ်။ သူတို့က သိပ်စိုးရိမ်နေတဲ့ပုံ မရှိဘူးလို့ မြင်တယ်။ ရိုးရိုး အရပ်သားပြည်သူတွေသာ သူတို့ လုပ်ချင်လုပ်တယ်။ ကျန်တဲ့သူတွေကျ သူတို့ လုပ်မယ့်သဘောမရှိဘူး။ ဘာကြောင့်လဲဆိုတော့ အရောင်းအဝယ် ကိစ္စတွေကို နေတိုးတို့လည်း ကြော်ငြာခဲ့တာပဲလေ။ ကြော်ငြာပေမဲ့ ဘာမှ မဖြစ်နေခဲ့ဘူးဆိုတော့ သူတို့နဲ့ ပတ်သက်တဲ့ သူတွေကတော့ ကင်းလွတ်ခွင့် ပေးနေတဲ့ထဲ ရှိနေတော့ သိပ်စိုးရိမ်တဲ့ထဲ မရှိဘူးလို့ ထင်ပါတယ်”လို့ ပြောပါတယ်။

စစ်တပ်က အာဏာသိမ်းပြီးနောက် နိုင်ငံရေး မတည်ငြိမ်မှုတွေနဲ့ မဖြစ်မနေ စစ်မှုထမ်းရမယ့် ဥပဒေကြောင့် အိမ်နီးချင်း ထိုင်းနိုင်ငံကို ရွှေ့ပြောင်း အခြေချသူတွေ သန်းနဲ့ချီ ရှိခဲ့တာပါ။ ငွေကြေးတတ်နိုင်သူတွေ၊ စီးပွားရေးလုပ်ငန်း ရှင်တချို့နဲ့ ရင်းနှီးမြှုပ်နှံသူတွေကတော့ ထိုင်းနိုင်ငံမှာ ကွန်ဒိုတိုက်ခန်းတွေ အဝယ်များလာခဲ့ပါတယ်။

ဇွန်လဆန်းပိုင်းက စစ်ကောင်စီရဲ့ ဖမ်းဆီးမှုကြောင့် လတ်တလောမှာတော့ မြန်မာတွေ ထိုင်းကွန်ဒို ဝယ်ယူနှုန်း လျော့နည်းနေတယ်လို့ ထိုင်းကွန်ဒို အရောင်း အေးဂျင့်တွေက ပြောပါတယ်။

ဇွဲသစ်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013