DVB Logo
Home
မြန်မာသတင်း
ဗန်းမော်မြို့အနီး စစ်ကောင်စီစစ်ကြောင်း တိုက်ခိုက်ခံရပြီး သံချပ်ကာကား ပျက်စီး
DVB
·
June 14, 2024
ဗန်းမော်မြို့အနီး စစ်ကောင်စီစစ်ကြောင်း တိုက်ခိုက်ခံရပြီး သံချပ်ကာကား ပျက်စီး
Donate to DVB

ကချင်ပြည်နယ်၊ ဗန်းမော်မြို့အနီး ဇွန် ၁၃ ရက်က ဖြစ်ပွားတဲ့ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ရဲ့   သံချပ်ကာယာဉ်တစီးကို ပစ်ခတ်ဖျက်ဆီးနိုင်ခဲ့တယ်လို့   KPDF တပ်ဖွဲ့နဲ့ နီးစပ်သူက ပြောပါတယ်။

ဗန်းမော်ကနေ ဇွန် ၁၀ ရက် ညနေပိုင်းက တက်လာတဲ့ စစ်ကောင်စီစစ်ကြောင်းကို ကောင်ဂျာယန်ကျေးရွာပတ်ဝန်းကျင်မှာ ကချင်လွတ်လပ်ရေးတပ်မတော် (KIA) နဲ့  KPDF ပူးပေါင်းတပ်တွေက ဟန့်တားတိုက်ခိုက်ခဲ့ဖြစ်ပါတယ်။

KPDF တပ်ဖွဲ့နဲ့ နီးစပ်သူတဦးက “သူတို့(စကစ)တက်လာတာက ၁၀ ရက်နေ့ ညနေပိုင်းကနေ ထိုးလာတယ်။ တိုက်ပွဲလည်း နေ့တိုင်းဖြစ်နေတယ်။ ဒီနေ့တော့ သူတို့(စကစ) သံချပ်ကာယာဉ်တစီးကို ပစ်ခတ်ဖျက်ဆီးနိုင်ခဲ့တယ်။ ညနေပိုင်းတော့ ကားကို သူတို့ ပြန်လာဆွဲသွားပြီလို့ ကြားတယ်”လို့ ပြောပါတယ်။

ဗန်းမော်မြို့နယ်ထဲမှာ တိုက်ပွဲတွေ နေ့စဉ်ဖြစ်ပွားနေပြီး စစ်ကောင်စီဘက်က လေကြောင်းတိုက်ခိုက်မှုတွေလည်း နေ့စဉ်ပြုလုပ်နေ ပါတယ်။

စစ်ကောင်စီဘက်က လေကြောင်းတိုက်ခိုက်မှုအပြင် ဗန်းမော်မြို့ပေါ်ကနေ လက်နက်ကြီး ပစ်ကူတွေ နေ့စဉ်ပေးနေတာ ရှိနေတယ်လို့ ဗန်းမော်မြို့ခံတဦးက ပြောပါတယ်။

“လေယာဉ်လည်း နေ့တိုင်းလာဝဲတယ်၊ လာပစ်သွားတဲ့ အသံတွေကော ကြားရတယ်။ သုံးလေးရက်ရှိပြီ တိုက်ပွဲအသံတွေ ပြန်ကြားရတာ။ ဗန်းမော်ပတ်ဝန်းကျင် အသံမကြားရတာ တပတ်လောက်ရှိပြီ။ အခု ဒီအပတ်မှာ တိုက်ပွဲသံ ပြန်ကြားရတယ်။ လက်နက်ကြီးနဲ့ ပစ်တာတွေကော ဒီအပတ်ပဲ ပြန်ကြားရတယ်။ မံစီဘက်ခြမ်းကို ပစ်ပေးနေတာထင်တယ်၊ လက်နက်ကြီးတွေကော ဆက်တိုက်ပစ်ပေးနေတယ်။”

ဇွန် ၁၂ ရက် ညနေပိုင်းမှာလည်း တိုက်ပွဲဖြစ်ပွားတဲ့ ပတ်ဝန်းကျင်ကို ဂျက်တိုက်လေယာဉ်နဲ့ လာရောက်ပစ်ခတ် တိုက်ခိုက်ခဲ့ပြီးနောက် ဗန်းမော်ကနေ မံစီဘက်ကို ဦးတည်ပြီး သံချပ်ကာကား ၅ စီး ဆင်းသွားတာတွေ့တယ်လို့ မြို့ခံတဦးက ပြောပါတယ်။

ဗန်းမော်မြို့ပေါ်မှာလည်း စစ်ကောင်စီဘက်က သံချပ်ကာကား အပါအဝင် ကုန်တင်ကားတန်းတွေနဲ့ သွားလာလှုပ်ရှားနေတာကိုလည်း မကြာခဏ တွေ့မြင်ရတယ်လို့ မြို့ခံတဦးက ဆိုပါတယ်။

“ပထမနေ့ကဆိုရင် အရေးပေါ်ကားတွေလို အသံဖွင့်ပြီး မိုးမောက်လမ်းကို တက်သွားတာ တွေ့လိုက်တယ်။ အစီး ၂၀ လောက်ရှိမယ်။ တင့်ကားကော လူတင်တဲ့ကားတွေကော၊ နောက် တချို့စစ်ကား ထရပ်ကားတွေဆိုလည်း စစ်သားတွေတင်ပြီး မိုးမောက်လမ်းသွားလိုက် မံစီလမ်းသွားလိုက်နဲ့ပဲ ရှုပ်နေကြတာ။ တင့်ကားတွေဆိုလည်း ညပိုင်း တန်းစီပြီး သွားနေတာတွေရှိတယ်။ မံစီဘက်သွားတာတွေကော မိုးမောက်လမ်းဘက် သွားတာတွေကော။”

မံစီမြို့နဲ့ ဗန်းမော်မြို့အနီး ပတ်ဝန်းကျင်မှာ နှစ်ဖက်တိုက်ပွဲတွေ ဖြစ်ပွားနေပေမဲ့ မိုးမောက် ခမရ ၄၃၇ တပ်စခန်း ပတ်ဝန်းကျင်မှာတော့ တိုက်ပွဲတွေ ပြင်းပြင်းထန်ထန်ဖြစ်ပွားတာ မရှိဘူးလို့ မိုးမောက်မြို့ခံတွေဆီကနေ သိရပါတယ်။

ကချင်ပြည်နယ်အတွင်းမှာ ဝိုင်းမော်မြို့က မြို့နယ်ရဲစခန်းကိုလည်း ဇွန် ၁၃ ရက် ညပိုင်းမှာ ဝင်ရောက်တိုက်ခိုက်နေသလို ဝိုင်းမော်နဲ့ ကန်ပိုင်တီ ကြားမှာလည်း နှစ်ဖက် ထိတွေ့တိုက်ပွဲတွေ ဖြစ်ပွားနေဆဲဖြစ်ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013