DVB Logo
Home
မြန်မာသတင်း
လားရှိုးအဝင်လမ်းကို စစ်ကောင်စီက မြောင်းတူးဖြတ်တောက်လိုက်သဖြင့် ခရီးသွားပြည်သူများ အခက်ကြုံ 
DVB
·
June 14, 2024
လားရှိုးအဝင်လမ်းကို စစ်ကောင်စီက မြောင်းတူးဖြတ်တောက်လိုက်သဖြင့် ခရီးသွားပြည်သူများ အခက်ကြုံ 
Donate to DVB

ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့ အဝင်လမ်းအားလုံးကို ဇွန် ၁၂ ရက် ညနေပိုင်းကစလို့ စစ်ကောင်စီက မြောင်းတူးဖြတ်တောက်လိုက်တာကြောင့် ခရီးသွားပြည်သူတွေနဲ့ ကားတွေ ရာချီ ပိတ်မိပြီး ခက်ခဲဒုက္ခရောက်နေကြရတယ်လို့ ခရီးသွား ပြည်သူတွေဆီက သိရပါတယ်။

လားရှိုးအဝင် ကောင်းဟုန်းရွာမှာလည်း မြို့အဝင်လမ်းကို စစ်ကောင်စီက မြေကော်စက်နဲ့ မြောင်းတူး ဖြတ်ဝောာက်လိုက်တာကြောင့် လားရှိုးကိုလာတဲ့ ခရီးသွားပြည်သူတွေနဲ့ ကားတွေ ရာချီ ပိတ်မိနေတယ်လို့ ဆိုပါတယ်။

"လားရှိုးကိုဝင်မယ့် ဘယ်ကားကိုမှ လက်မခံဘူး။ ဆိုင်ကယ်ကို လက်မခံဘူး” လို့ ခရီးသွား အမျိုးသားတဦးက ပြောပါတယ်။

ဇွန် ၁၂ ရက်ညက သိန္နီအကျော် မိုင်းလီရွာအနီးက ချောင်းရေလျှံလို့ ပိတ်မိနေတဲ့ ခရီးသွားပြည်သူတွေနဲ့ ကားတွေ ဖြစ်တာကြောင့် ခရီးသည် အများစု ဖုန်းအားကုန်ကာ အဆက်အသွယ် ပြတ်တောက်နေကြပါတယ်။  ခရီးသည်တွေက လမ်းလျှောက်ဝင်လာရပြီး လားရှိုးဘက်က လာကြိုလို့ရတယ်လို့ ဆိုပါတယ်။

ယာဉ်မောင်းတဦးက"ကောင်းဟုန်းရွာမှာ ဖြတ်လာလို့ မရလို့ ဒုက္ခရောက်နေတယ်။ အဲဒီ လမ်းတူးထားတဲ့နေရာ။ ပစ္စည်းတွေ လူနဲ့ သယ်ယူရနဲ့ အလုပ်ရှုပ်နေကြတယ်"လို့ ပြောပါတယ်။

ယာဉ်မောင်းတွေလည်း ကားဆီတွေကုန်၊ ရွာမှာ ဝယ်မရတာကြောင့် နောက်ကြောင်းပြန်လှည့်လို့မရ ခက်ခဲ ဒုက္ခရောက်နေကြရပါတယ်။

ယာဉ်ပိုင်ရှင်တဦးက "ကားရွာထဲမှာထားခဲ့ပြီး လူမြို့ထဲ လမ်းလျှောက် ဝင်လာမယ်ဆိုရင်လည်း ကားထားမယ့်အိမ်၊ ဘုန်းကြီးကျောင်း၊ ဘုရားကျောင်းတွေကလည်း ဖြစ်လာရင် ဘယ်သူကမှ တာဝန် မယူပေးနိုင်ဘူးလေ။ ခရီးသည်ကားတွေကို စစ်ဆေးစရာစစ်‌ဆေးပြီး ဝင်ခွင့်ပြုစေချင်တယ်။ လူတောင်ဝင်လို့ ရတာပဲ ကားအလွတ်ကို အဝင်လက်မခံတော့ ဘာထူးမှာလဲ" လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ ၂ ရက်၊ ၃ ရက်ခန့်က ကိုးကန့်ဘက်ကနေ MNDAA နဲ့ UWSA ပူးပေါင်း အင်အား ထောင်ချီ လားရှိုးဘက်ကို ဆင်းလာတယ်လို့ ကြားရသလို TNLA ဘက်ကလည်း အင်အား အများအပြား လားရှိုးဘက် စစ်ကြောင်း ထိုးလာတယ်လို့ သိရကြောင်း၊ အဲဒီနောက် လားရှိုး အဝင်အထွက် လမ်းတွေ ဖြတ်နောက်၊ ပိတ်ထားလာကြောင်း လားရှိုးဒေသခံ အမျိုးသား တဦးက ပြောပါတယ်။

စစ်ကောင်စီဘက်ကလည်း ပြီးခဲ့တဲ့လပိုင်းကတည်းက လားရှိုးဘက် အင်အား ထောင်ချီ ဖြည့်တင်းထားပါတယ်။

ကုန်တင်ယာဉ်မောင်းတဦးက "လားရှိုးကနေ မန္တလေးဘက်အထွက် မယ်ဟန်ဘက်က ဆီဆိုင်တွေ အားလုံးကို မနေ့ည ၅ နာရီခွဲ ပိတ်ခိုင်းနေတာ။ အရမ်းရှုပ်နေတယ်။ လမ်းပေါ်မှာ စစ်သားတွေ အပြည့်ပဲ" လို့ ပြောပါတယ်။

ဒါ့အပြင် သီပေါမြို့ အနီး ဘက်မှာလည်း MNDAA နဲ့ TNLA အင်အားဖြည့် ရောက်ရှိနေတယ်လို့ သီပေါမြို့ခံ အမျိုးသမီး တစ်ဦးက ပြောပါတယ်။

"သီပေါ - နမ္မတူ လမ်း၊ သီပေါနဲ့ မိုးတေကြားမှာလည်း ဇွန်လ ၁၂ ရက်နေ့ညနေက မြေကော်စက်နဲ့တူးပြီး လမ်းဖြတ်လိုက်ပြီ။ မြို့ထဲမှာလည်း ကားတွေကို လိုက်စစ်ပြီးလမ်းဘေး ကပ် ရပ်ခိုင်းနေတယ်။ သွားလို့ လာလို့ လွယ်အောင်ပေါ့။”

လားရှိုးမြို့ ပတ်လည်က အဝင်အထွက်လမ်းတွေကို ဇွန် ၁၂ ရက် ညနေ ၄ နာရီကစ စစ်ကောင်စီဘက်က ဝင်ထွက်ခွင့် ပိတ်ထားတဲ့ အပြင် သီပေါနဲ့ ကျောက်မဲမြို့ အဝင်အထွက်တွေကိုလည်း ဇွန် ၁၃ ရက်မှာ နေ့ခင်းပိုင်းကစ အဝင်အထွက်တွေ ပိတ်လိုက်တာ လို့သိရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

လမ်းတွေ ဖြတ်တောက်လိုက်တာကြောင့် ခရီးဆက်သွားဖို့ အဆင်မပြေဝောာ့လို့ မူဆယ် ကနေ လားရှိုး၊ မန္တလေး ခရီးစဉ် ခဏ ရပ်နားထားကြောင်း၊ ကားလက်မှတ် ဖြတ်ထားသူတွေ အနေနဲ့ ငွေ ပြန်လာအန်းယူကြဖို့၊ ပြန်ဖို့စီစဉ်ပြီးသူတွေအနေနဲ့ နေစရာ အခက်ခဲရှိပါက ဂိတ်မှာ အခမဲ့ လာနေကြဖို့ မူဆယ် မြင့်မိုရ်ဦးဂိတ်က လူမှုကွန်ရက်ကနေ အသိပေးထားပါတယ်။

စစ်ကောင်စီတပ်အနေနဲ့ တော်လှန်ရေးတပ်ဖွဲ့‌တွေ လားရှိုးမြို့အတွင်း ဝင်ရောက်တိုက်ခိုက်မှာကို စိုးရိမ်လို့ လားရှိုးမြို့အဝင် ကားလမ်းမဖြစ်တဲ့ လားရှိုး - မိုင်းယော် သွားတဲ့လမ်းက ကောင်းဟုန်းရွာ၊ နမ့်ဖရွာနဲ့ မန်နားရွာ စတဲ့ ၃ နေရာကို ဇွန် ၁၃ ရက်မှာ မြေတူးစက်နဲ့ မြောင်းဖောက် ဖျက်ဆီးခဲ့ပါတယ်။

အလားတူ ဇွန် ၁၂ ရက်မှာလည်း သီပေါမြို့နယ် ကွန်စံလိတ်ရွာအထက် သီပေါ - နမ္မတူလမ်းမကို မြေတူးစက်နဲ့ ကန့်လန့်ဖြတ် မြောင်းဖောက်ဖျက်ဆီးခဲ့ကြောင်း၊ စစ်ကောင်စီအနေနဲ့ တော်လှန်ရေး အင်အားစုတွေကို ဟန့်တားနိုင်ရန်ရည်ရွယ်တာဖြစ်နိုင်ပေမဲ့  အရပ်သားပြည်သူတွေသာ ထိခိုက်နစ်နာစေခဲ့ပြီး သွားလာရေးခက်ခဲ၊ ကုန်စည်သယ်ယူပို့ဆောင်ရေး ရပ်တန့်တာ ကြုံတွေ့နေရကြောင်း PSLF/TNLA သတင်းနှင့်ပြန်ကြားရေးဌာနက ဇွန်လ ၁၃ ရက်မှာ သတင်းထုတ်ပြန်ထားပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013