DVB Logo
Home
မြန်မာသတင်း
လစာတိုးပေးသည့်အလုပ်ရှင်များကို အရေးယူသည့်အပေါ် အလုပ်သမားအရေးလှုပ်ရှားသူများ ရှုတ်ချ
DVB
·
June 13, 2024
လစာတိုးပေးသည့်အလုပ်ရှင်များကို အရေးယူသည့်အပေါ် အလုပ်သမားအရေးလှုပ်ရှားသူများ ရှုတ်ချ
Donate to DVB

လုပ်ခလစာတိုးပေးလို့ဆိုပြီး လုပ်ငန်းရှင်တချို့ အရေးယူခံရတာ၊ လုပ်ငန်း ချိပ်ပိတ်ခံရတာတွေနဲ့ ပတ်သက်လို့ ကန့်ကွက်ရှုတ်ချကြောင်း အလုပ်သမားအရေးလှုပ်ရှားသူတွေက ပြောပါတယ်။

အထွေထွေအကျပ်အတည်းကြောင့် ဝန်ထမ်းတွေ အဆင်ပြေအောင်ဆိုပြီး လုပ်ငန်းတချို့က လုပ်ခလစာ တိုး​မြှင့်ပေးခဲ့ပြီး အဲဒီလိုတိုးပေးတဲ့ လုပ်ငန်းရှင် ၁၀ ဦးနီးပါးကို စစ်ကောင်စီက ခေါ်ယူစစ်ဆေးပြီး နိုင်ငံတော်အကြည်အညိုပျက်စေမူပုဒ်မ (၅၀၅) နဲ့ တရားစွဲထားတယ်လို့ ရန်ကုန်တိုင်း စစ်ကောင်စီသတင်းအရင်းအမြစ်က သတင်းမီဒီယာတချို့ကို အတည်ပြုဖြေကြားထားပါတယ်။

အဲဒီလို လုပ်ခတိုးပေးလို့ အရေးယူတာဟာ စစ်ကောင်စီရဲ့ ဥပ​​ဒေမဲ့ ထင်ရာစိုင်းတဲ့ လုပ်ရပ်သာဖြစ်တယ်လို့ ပြည်တွင်းအလုပ်သမားအရေးလူပ်ရှားသူတွေက ပြောပါတယ်။

မြန်မာနိုင်ငံ စက်မှုလက်မှုနဲ့ ဝန်ဆောင်မှု လုပ်ငန်းပေါင်းစုံ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် (MICS-TUsF) တာဝန်ရှိသူတဦးက “လုံးဝအဓိပ္ပာယ်မရှိတဲ့ လုပ်ရပ်ပါ။ အလုပ်ရှင်က သူ့ဝန်ထမ်း သူ့သဘော လုပ်ခတိုးပေးတာ ဘာဥပဒေနဲ့မှ ငြိစွန်းမှု မရှိဘူး။ အနည်းဆုံး အခကြေးငွေနှုန်းအောက် ပေးတာဆိုရင်တော့ ဥပဒေချိုးဖောက်တာ။ အခုက စစ်ကောင်စီက ငါတို့လုပ်ချင်ရာ လုပ်မယ်ဆိုတဲ့ အချိုးမျိုး လုပ်သွားတာလို့ မြင်တယ်” လို့ ပြောပါတယ်။

အခုလို လုပ်ခတိုးပေးလို့ အရေးယူတာဟာ ဘဏ္ဍာငွေအကျပ်အတည်းနဲ့ ရင်ဆိုင်နေရတဲ့ စစ်ကောင်စီအနေနဲ့ သူတို့ရဲ့ Non CDM ဝန်ထမ်းတွေရဲ့ လစာတိုးမပေးနိုင်တဲ့ အခြေအနေကို ဖော်ပြရာရောက်နေတယ်လို့လည်း အလုပ်သမားအရေးလှုပ်ရှားသူတွေက ပြောပါတယ်။

ပြည်တွင်းအလုပ်သမားအရေးလှုပ်ရှားသူတဦးက “စကစရဲ့ Non CDM တွေဆိုရင်လည်း ရတဲ့လစာ နဲ့ မလုံလောက်လို့ ကြိတ်ပြီးအသံထွက်နေတာ။ ပုဂ္ဂလိကကဏ္ဍမှာ လုပ်ခတွေ များလာရင် စစ်ကောင်စီအနေနဲ့ သူ့ဝန်ထမ်းတွေကို ထိန်းရခက်မယ်။ အဲဒါကြောင့် ပုဂ္ဂလိကကဏ္ဍကို ခြိမ်းခြောက်တာလို့မြင်တယ်။ ဒါက အာဏာရှင်စနစ်ဆိုတော့လေ။ ဉာဏ်နည်းတဲ့ လုပ်ရပ်လို့လည်း ပြောလို့ရတယ်” လို့ ပြောပါတယ်။

အဲဒီလို လစာတိုးပေးလို့ ဖမ်းဆီးအရေးယူတဲ့ လုပ်ရပ်ကြောင့် တခြားလုပ်ငန်းတွေအနေနဲ့ လစာကို ပေါ်ပေါ်တင်တင် တိုးမြှင့်ပေးတာမျိုး ရှောင်ရှားလာနိုင်သလို၊ လုပ်ခတိုးမပေးလိုတဲ့ အလုပ်ရှင်တွေအတွက် အကြောင်းပြစရာအချက် ဖြစ်လာနိုင်တယ်လို့ သူတို့က ဆိုပါတယ်။

“လုပ်ခလစာကိစ္စအတွက် အငြင်းပွားမှုဖြစ်နေတဲ့ စက်ရုံတွေဆိုရင် အလုပ်သမားရုံး ဦးစီးမှူးတွေ ကိုယ်တိုင်က တိုးပေးလို့မရဘူး၊ တိုးပေးရင် ဘာဖြစ်သွားမလဲ၊ သတင်းတွေ မတွေ့ဘူးလာဆိုပြီး အလုပ်ရှင်အားသာမယ့် အဆုံးအဖြတ်တွေ ပေးလာနိုင်တယ်” လို့ MICS-TUsF တာဝန်ရှိသူက ပြောပါတယ်။

လက်ရှိ ကုန်စျေးနှုန်း ကြီးမြင့်နေတာကြောင့် အလုပ်သမားတွေဟာ ရတဲ့လုပ်ခနဲ့မလုံလောက်လို့ လုပ်ခတိုးတောင်းတာတွေ ရှိနေပါတယ်။

ဒါကြောင့် လုပ်ငန်းတချို့က လုပ်ခတိုးပေးတာတွေရှိခဲ့ပြီး စက်ရုံတချို့ကလည်း ကျွမ်းကျင်လုပ်သားရရှိရေးအတွက် တရားဝင်အခြခံ အခကြေးငွေနှုန်းထက် ပိုပေးပြီး လုပ်သားခေါ်ယူ စုဆောင်းမှုတွေ ရှိခဲ့ပါတယ်။

မြန်မာနိုင်ငံရဲ့ လက်ရှိ အနည်းဆုံးအခကြေးငွေဟာ တရက် ၄,၈၀၀ ကျပ်ဖြစ်ပြီး အဲဒီနှုန်းထားဟာ ၂၀၁၈ ခုကတည်းက သတ်မှတ်ခဲ့တာဖြစ်ပါတယ်။

အနည်းဆုံးအခကြေးငွေနှုန်းထားကို ၂ နှစ်တကြိမ် ပြင်ဆင်ပေးရမှာဖြစ်ပေမဲ့ ပြင်ဆင်ဖို့ ပျက်ကွက်ခဲ့ပြီး စစ်ကောင်စီက ၂၀၂၃ နှစ်ကုန်ပိုင်းကမှ ၄,၈၀၀ ကျပ်အပြင် တရက်ကို ထောက်ပံ့ကြေးကျပ် ၁၀၀၀ ထပ်ဆောင်းပေးဖို့ ကြေညာခဲ့ပါတယ်။

အနည်းဆုံးအခကြေးငွေကို နိုင်ငံဝန်ထမ်း နေ့စားဝန်ထမ်းတွေပါ အကျုံးဝင်တာဖြစ်လို့ စစ်ကောင်စီအနေနဲ့ နှုန်းထား တိုးမြှင့်သတ်မှတ်ရင် နေ့စားဝန်ထမ်းတွေရဲ့ လစာမှာ အမြဲတမ်း ဝန်ထမ်းတွေထက် ကျော်လွန်သွားမှာကို စိုးရိမ်နေတဲ့ အခြေအနေရှိတယ်လို့ စောင့်ကြည့်သူတွေက ဆိုပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013