DVB Logo
Home
မြန်မာသတင်း
ချင်းပြည်နယ်အတွင်း အဓမ္မ စစ်သားစုဆောင်းခြင်းမရှိဟု AA တုံ့ပြန် 
DVB
·
June 13, 2024
ချင်းပြည်နယ်အတွင်း အဓမ္မ စစ်သားစုဆောင်းခြင်းမရှိဟု AA တုံ့ပြန် 
Donate to DVB

အာရက္ခတပ်တော် (AA) အနေနဲ့ စစ်သားစုဆောင်းဖို့လိုတဲ့ အဖွဲ့အစည်းမဟုတ်သလို ဒီကနေ့ အချိန်အထိ အတင်းအကျပ် စစ်သားစုဆောင်းခဲ့တာမရှိဘူးလို့ AA ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။

အာရက္ခတပ်တော်ဟာ ချင်းပြည်နယ်ထဲမှာရှိနေတဲ့ အပြစ်မဲ့တဲ့ ချင်းပြည်သူတွေအပေါ်မှာ အတင်းအဓမ္မ စစ်သားစုဆောင်းပြီး စစ်သင်တန်းပေးတာတွေ အတင်းအကျပ် အုပ်ချုပ်ရေးယန္တရားတွေ ဖော်ဆောင်တာတွေကို ဆောင်ရွက်နေတယ်လို့ ချင်းပြည်ချင်းလန်းကောင်စီက  သတင်းထုတ်ပြန်ထားပါတယ်။

ဒါပေမဲ့ AA ဘက်ကတော့ သူတို့တပ်ဖွဲ့ဟာ လူသစ်စုဆောင်းဖို့ လိုအပ်တဲ့ တပ်ဖွဲ့မဟုတ်သလို အဖွဲ့အစည်းရဲ့ မူဝါဒအရလည်း ဒီကနေ့အချိန်ထိ အပြစ်မဲ့တဲ့ပြည်သူတွေကို အတင်းအဓမ္မ စစ်သားစုဆောင်းခဲ့တာမရှိဘူးလို့ အာရက္ခတပ်တော် ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခက ပြောပါတယ်။

“ဒီအပတ်စဉ်မှာ လူပြည့်လို့ နောက်အပတ်စဉ်မှလာဆိုပြီး လုပ်နေရတဲ့အနေထားမျိုးပါ။ အတင်းအဓမ္မ စစ်သားစုဆောင်းဖို့ မလိုပါ။ အဖွဲ့အစည်းမူဝါဒအရ ဘယ်သူ တဦး တယောက်ကိုမှ သူတို့ရဲ့ ဆန္ဒမပါဘဲ ဒီကနေ့အထိ အတင်းအကျပ် စုဆောင်းတယ်ဆိုတာ လုံးဝမရှိပါ။ အရွယ်မရောက်သေးတဲ့သူတွေ တပ်ထဲဝင်ဖို့ရောက်လာရင်တောင် မိဘတွေကိုခေါ်ပြီး ပြန်အပ်တာတွေတောင် ရှိပါတယ်။ အတင်းအဓမ္မ လူသစ်စုဆောင်းတယ်လို့ စွပ်စွဲတယ်ဆိုတာ လုံးဝ လက်ခံနိုင်စရာမရှိပါ။”

ချင်းပြည်ချင်းလန်းကောင်စီရဲ့ ထုတ်ပြန်ချက်ထဲမှာတော့ AA တပ်ဖွဲ့ဟာ တိုင်းရင်းသား လူမျိုးအချင်းချင်း အပြန်အလှန် လေးစားအသိအမှတ်ပြုမှုကို လျစ်လျူရှုပြီး လွတ်လပ်စွာ ပညာသင်ကြားခွင့်နဲ့ ဘာသာရေးလွတ်လပ်ခွင့်တွေကို တားဆီးပိတ်ပင်ပြီး အခြေခံလူ့အခွင့်အရေးတွေကို ချိုးဖောက်နေတယ်လို့လည်း ဖော်ပြထားပါတယ်။

အခုလိုလုပ်ရပ်မျိုးတွေဟာ တိုင်းရင်းသားလူမျိုးနွယ်စုများအကြား ချစ်ကြည်ရင်းနှီးမှု အပြန်အလှန် ယုံကြည်မှုကို ထိခိုက်ပျက်ပြားစေတဲ့အပြင် တမျိုးသားလုံး လွတ်မြောက်ရေးအတွက် ဖော်ဆောင်နေတဲ့ တော်လှန်ရေးလမ်းစဉ်တွေကို နှောင့်နှေးစေတယ်လို့ ဆိုပါတယ်။

AA ထိန်းချုပ်ထားတဲ့ ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်အတွင်းမှာ အရပ်သားပြည်သူတွေကို ဖမ်းဆီးတာ သတ်ဖြတ်တာတွေရှိတယ်ဆိုရင် နေရပ်လိပ်စာ၊ အမည် စာရင်းအတိအကျနဲ့ ပေးပို့တိုင်ကြားနိုင်သလို ပလက်ဝဒေသမှာ တိုက်ပွဲတွေ ပြင်းထန်ခဲ့တာကြောင့် လက်ရှိအချိန်ထိ လုံခြုံစိတ်ချရတဲ့ အနေအထားမရှိသေးတာကြောင့် အုပ်ချုပ်ရေးနဲ့ ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေကို ဦးစားပေးဆောင်ရွက်နေရတယ်လို့ ခိုင်သုခက ပြောပါတယ်။

“ပလက်ဝကို AA မသိမ်းပိုက်ခင်ကဆိုရင် ပလက်ဝမှာ ကြံ့ခိုင်ရေး၊ NLD၊ နောက်ပြီး လူမျိုးရေး ဘာသာရေး အစွန်းရောက်တဲ့အုပ်စု ၃ စု လောက်ကွဲနေတာကို တွေ့ရှိရပါတယ်။ မြန်မာစစ်တပ် စစ်ရှုံးလို့ ထွက်ပြေးရတယ်ဆိုရင်တောင်မှ သတင်းပေးတွေနဲ့ အများပြည်သူ လုံခြုံရေးကို အန္တရာယ်ဖြစ်စေတဲ့လုပ်ရပ်တွေ လက်ရှိအချိန်ထိ လုပ်နေကြတဲ့အတွက်ကြောင့် တချို့ လူပုဂ္ဂိုလ်တွေကို လိုအပ်ရင်လိုအပ်သလို ခေါ်ယူစစ်ဆေးမှုတချို့ ရှိကောင်းရှိနိုင်ပါတယ်။ ULA/AA အနေနဲ့ လူမျိုးရေးဘာသာရေး အကဲဆက်တဲ့ကိစ္စတွေကို ဖိဖိစီးစီး ကိုင်တွယ်ဆောင်ရွက်နေရတဲ့ အတိုင်းအတာရှိပါတယ်။”

ချင်းပြည်ချင်းလန်းကောင်စီကတော့ ULA/AA အနေနဲ့ ချင်းပြည်နယ်အတွင်းမှာ စစ်ရေး လှုပ်ရှားမှုတွေ မလုပ်ဆောင်ဘဲ ရှောင်ရှားဖို့နဲ့ ချင်းအမျိုးသားပိုင်နက်အတွင်းက ပြည်သူတွေရဲ့ သဘောဆန္ဒမပါဘဲ အုပ်ချုပ်ရေးဖော်ဆောင်တာ လူ့အခွင့်အရေးချိုးဖောက်တာတွေက တိုင်းရင်းသားအချင်းချင်း မလိုလားအပ်တဲ့ လူမျိုးရေး၊ စစ်ရေး ပဋိပက္ခတွေ ဖြစ်ပေါ်လာနိုင်တဲ့အတွက် အဲဒီလုပ်ဆောင်ချက်တွေကို ရပ်တန့်ဖို့ ထုတ်ပြန်ထားပါတယ်။ 

အောင်သူ

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013