DVB Logo
Home
မြန်မာသတင်း
ပြည်ပသို့ ကိုယ့်အစီအစဥ်ဖြင့်သွားမည့် အမျိုးသားများအား  အသက်ကန့်သတ်မည်
DVB
·
June 12, 2024
ပြည်ပသို့ ကိုယ့်အစီအစဥ်ဖြင့်သွားမည့် အမျိုးသားများအား  အသက်ကန့်သတ်မည်
Donate to DVB

ပြည်ပနိုင်ငံတွေကို ကိုယ့်အစီအစဥ်နဲ့ကိုယ် သွားရောက်အလုပ်လုပ်ကိုင်မယ့် အမျိုးသားတွေအနေနဲ့ အေဂျင်စီများနည်းတူ အကန့်အသတ်ရှိမှာ ဖြစ်တယ်လို့ စစ်ကောင်စီလက်အောက်ရှိ အလုပ်သမားညွှန်ကြားရေး ဦးစီးဌာနက အသိပေးထားပါတယ်။

အဲဒီဌာနရဲ့ တယ်လီဂရမ်အကောင့်မှာ ပြည်ပကို ကိုယ့်အစီအစဥ်နဲ့ သွားရောက်ဖို့ ပြည်ပ အလုပ်အကိုင် သင်တန်းတက်ခွင့် ရရှိသူတွေကို ထုတ်ပြန်ကြေညာရာမှာ သတိပေးထားတာ ဖြစ်ပါတယ်။

အဲဒီလို ကိုယ့်အစီအစဥ်နဲ့ကိုယ် သွားရောက်မယ့် အမျိုးသားတွေအနေနဲ့ မေလကုန်ပြီးရင် အေဂျင်စီများနည်းတူ အကန့်အသတ်ရှိမှာဖြစ်လို့ နစ်နာမှုမရှိစေရေး ကြိုတင်အသိပေးရတာလို့ ဖော်ပြထားပါတယ်။

စစ်ကောင်စီ အလုပ်သမားဝန်ကြီးဌာနက အေဂျင်စီတွေအနေနဲ့ အသက် ၂၃ ကနေ ၃၂ နှစ်ကြား အမျိုးသားတွေကို စေလွှတ်ခွင့် ကန့်သတ်ထားတယ်ဆိုပြီး မေလအတွင်းက အကြောင်းကြားထားတာ ဖြစ်ပါတယ်။

အခုလို သတိပေးတာဟာ ကန့်သတ်အသက်အရွယ်အတွင်း အကျုံးဝင်သူတွေအနေနဲ့ ဘယ်လိုနည်းနဲ့မှ ပြည်ပထွက်ခွင့် မရနိုင်ဘူးလို့ ဆိုလိုရာရောက်ကြောင်း အလုပ်သမား အသိုင်းအဝိုင်းက ဆိုပါတယ်။

စင်ကာပူနိုင်ငံကို သွားရောက်ဖို့ ပြင်ဆင်ထားသူတဦးက “အခုက ထွက်လို့ရတဲ့သူ ထွက်နေတယ်။ လေဆိပ်မှာ ဘယ်အချိန် စောင့်စစ်ပြီး တားမယ်တော့ မပြောတတ်ဘူး။ အဲဒီလိုဖြစ်လာရင် အလုပ်သမားရုံးက သူတို့လည်း မတတ်နိုင်ဘူးဆိုပြီး ပြောတယ်” လို့ ဆိုပါတယ်။

လက်ရှိမှာလည်း ပြည်ပထွက်ဖို့ အလုပ်အကိုင်သက်သေခံကတ် (OWIC) လျှောက်တဲ့ လုပ်ငန်းစဥ်ကတည်းက အသက်အကျုံးဝင်သူတွေကို စိစစ်တာတွေ လုပ်နေတယ်လို့လည်း ကိုယ်တိုင်ကြုံရသူတွေက ဆိုပါတယ်။

ဒါ့အပြင် အလုပ်အကိုင် နိုင်ငံကူးလက်မှတ် (PJ) ကိုင်ဆောင်ထားသူတွေကို ဇွန် ၆ ရက်ကစပြီး အလည်အပတ် နိုင်ငံကူးလက်မှတ် (PV) ပြောင်းလဲလျှောက်ထားခွင့် မပေးတော့ဘူးလို့လည်း စစ်ကောင်စီက ကြေညာထားပါတယ်။

စစ်ကောင်စီက စစ်မှုထမ်းဖို့ အကျုံးဝင်သူတွေ ပြည်ပကို ထွက်ပြေးတိမ်းရှောင်မရအောင် ကန့်သတ်ထိန်းချုပ်နေတာဖြစ်ပြီး အခုလို လုပ်ဆောင်ချက်အပေါ် ဝေဖန်မှုတွေ မြင့်တက်နေပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013